Saturday, July 4, 2026

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် Naypyitaw State Academy မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ

 



နေပြည်တော် ဇူလိုင် ၃

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် Naypyitaw State Academy မှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာမော်မော်အောင် ဦးဆောင်သည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၄၀၀ ကျော်အား ယနေ့ညနေ ပြည်သူ့လွှတ်တော်အစည်းအဝေးပြီးချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံသဘင်ဆောင်၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျောင်းသား ကျောင်းသူများအား အနာဂတ်လူငယ်အုတ်တစ်ချပ် သဲတစ်ပွင့် Video Clip ကို ဦးစွာ ပြသသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် ပြည်သူ့လွှတ်တော်ကို လာရောက်လေ့လာသည့် Naypyitaw State Academy မှ ပါမောက္ခ (ဌာနမှူး) ဦးဆောင်သည့် ကျောင်းသား ကျောင်းသူများအားလုံးကို ပြည်သူ့လွှတ်တော်က လှိုက်လှိုက်လှဲလှဲကြိုဆိုပါကြောင်း၊ အထူးသဖြင့် နိုင်ငံအတွက်အားထားရမည့်၊ အနာဂတ်အတွက် အားထားရမည့် လူငယ်ကျောင်းသား ကျောင်းသူများအနေဖြင့် ဥပဒေပြုလွှတ်တော်ကို လာရောက်လေ့လာခြင်းသည် ဒီမိုကရေစီကို သက်ဝင်ယုံကြည်ထောက်ခံခြင်းဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့လွှတ်တော်ဆိုသည်မှာ ဒီမိုကရေစီကျင့်စဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာမဲဆန္ဒရှင်ပြည်သူများက ဒီမိုကရေစီနည်းလမ်းကျစွာဖြင့် ရွေးချယ်တင်မြှောက်ပေးလိုက်သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် နေရာဖြစ်ပါကြောင်း။

 ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ပေါ်ပေါက်လာသည့် အစိုးရတစ်ရပ်တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုသည့် မဏ္ဍိုင်ကြီး ၃ ရပ်ရှိပါကြောင်း၊ ထိုမဏ္ဍိုင်ကြီး ၃ ရပ်သည် တစ်ခုနှင့်တစ်ခု လွတ်လပ်စွာ အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းခြင်းဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ကြရပါကြောင်း၊ ဥပဒေပြုမဏ္ဍိုင်အနေဖြင့် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ပေးမည့် နိုင်ငံ့အကြီးအကဲများအား ရွေးချယ်ပေးရခြင်း၊ နိုင်ငံတော်နှင့်ပြည်သူ့အကျိုးအတွက် ဥပဒေအသစ်များပြဋ္ဌာန်းခြင်း၊ တည်ဆဲဥပဒေများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်ပေးခြင်း၊ အခြားမဏ္ဍိုင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် မိမိတို့အား ရွေးချယ်ပေးလိုက်သည့် မဲဆန္ဒရှင်ပြည်သူများ၏ အသံများနှင့် လိုအပ်ချက်များကို မဲဆန္ဒရှင်ပြည်သူများကိုယ်စား အကောင်အထည်ဖော်ခြင်းများ လုပ်ဆောင်ရပါကြောင်း။

လွှတ်တော်၏ အဓိကတာဝန်သည် ဥပဒေပြုရေးတာဝန်ဖြစ်ပြီး မိမိတို့နိုင်ငံသူ နိုင်ငံသားများအနေဖြင့် ဥပဒေ၏ အကာအကွယ်အောက်တွင် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေနှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လတ်တလောနိုင်ငံတကာတွင် မူးယစ်ဆေးဝါး၊ လောင်းကစားနှင့် လူကုန်ကူးမှုများနှင့် ဆက်စပ်သည့် အွန်လိုင်းလိမ်လည်မှုများနှင့် ပတ်သက်သည့်ကိစ္စရပ်များ ဖြစ်ပေါ်လျက်ရှိရာ မိမိတို့ ပြည်သူ့လွှတ်တော်အနေဖြင့်လည်း နိုင်ငံတော်မှ အချိန်မီတားဆီးအရေးယူဆောင်ရွက်နိုင်ရေးအတွက် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းအား ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက် လျက်ရှိပါကြောင်းနှင့် လွှတ်တော်ရေးရာကိစ္စရပ်များ၊ လူဦးရေသန်းခေါင်စာရင်းဆိုင်ရာ ကိစ္စရပ်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူငယ်လူရွယ်များအနေဖြင့် မိမိတို့၏ အနာဂတ်ပညာရေး၊ ကျန်းမာရေးနှင့် လူငယ်များ နောင်ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့လွှတ်တော်ကို အသုံးချကြရန်နှင့် ယခုလို လာရောက်လေ့လာခြင်းအပြင် နောင်တွင် လွှတ်တော်တွင်းလူငယ်ဖိုရမ်များ၊ စကားဝိုင်းများပြုလုပ်ခြင်းဖြင့် လူငယ်များအသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများ တိုးတက်စေရေးကြိုးပမ်းဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံအနာဂတ်၊ လူငယ်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။

ဆက်လက်၍ Naypyitaw State Academy မှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာ မော်မော်အောင်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမှတ်တရလက်ဆောင်ပြန်လည်ပေးအပ်သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက ပြည်သူ့လွှတ်တော်၏ အခန်းကဏ္ဍ၊ ဥပဒေပြုရေးအဆင့်ဆင့်၊ ပညာရေးကဏ္ဍများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ဖြေကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌတို့က တက်ရောက်လာကြသည့် Naypyitaw State Academy မှ ပါမောက္ခ (ဌာနမှူး)၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်း၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ လှတင့်၊ သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဌေး၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးလှဆွေ၊ တောင်သူလယ်သမားရေးရာကော်မတီအတွင်းရေးမှူး ဦးဝင်းဌေး၊ ပညာရေးမြှင့်တင်မှုကော်မတီ အတွင်းရေးမှူး ဦးသက်နိုင်ဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ Naypyitaw State Academy မှ ပါမောက္ခ (ဌာနမှူး)၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ယနေ့နံနက်ပိုင်းကလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်အစည်းအဝေး ကျင်းပပုံများကို လာရောက်လေ့လာသည့် မြန်မာနိုင်ငံမိုဘိုင်းဖုန်း လုပ်ငန်းရှင်များအသင်းမှ လေ့လာရေးအဖွဲ့အားပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာ နန္ဒာလှမြင့်၊ အတွင်းရေးမှူး ဒေါ်နန်းရီရီဝင်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။                      

သတင်းစဉ်

No comments:

Post a Comment