Friday, July 31, 2026

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union – MPU) အစည်းအဝေး (၁/၂၀၂၆)ကျင်းပ

 

ပြည်သူများအပေါ် သက်ဆိုင်ရာဥပဒေများ၏ သက်ရောက်မှုများနှင့် ပတ်သက်သည့် ပြည်သူ့အသံများ အခက်အခဲများကို နားထောင်ရန်လို

နေပြည်တော် ဇူလိုင် ၃၀

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့(Myanmar Parliamentary Union – MPU) အစည်းအဝေး (၁/၂၀၂၆)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးဂျဲန်ဖန်နော်တောင် (ခ) ဦးနော်တောင်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ရုံးများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် လွှတ်တော်သက်တမ်းကာလ၏ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် လွှတ်တော်၏ သဘောတူညီချက်ရယူပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဖွဲ့စည်းရခြင်းမှာ လွှတ်တော်အသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုနည်းလမ်းများ မှန်ကန်ခိုင်မာပြီး ပြည်ထောင်စုအဆင့် လွှတ်တော်များနှင့် တိုင်းဒေသကြီး / ပြည်နယ် လွှတ်တော်များအကြား လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံတကာလွှတ်တော် အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှု၊ အတွေ့အကြုံဖလှယ်မှုများ တိုးတက်လာစေရန်နှင့် ဒီမိုကရေစီစနစ် ပိုမိုဖြစ်ထွန်းလာစေရန်အတွက် ဖြစ်ကြောင်း။

ဖွဲ့စည်းဆောင်ရွက်ခဲ့

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၈၄ - ခ ၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေပုဒ်မ ၄ တို့နှင့်အညီ ပြည်ထောင်စုအဆင့် လွှတ်တော်များ၏ လွှတ်တော်အကြီးအမှူးများ၊ ဒုတိယအကြီးအမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်အကြီးအမှူးများ အပါအဝင် စုစုပေါင်း ၁၈ ဦးနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး သက်တမ်းမှာ ပြည်ထောင်စုလွှတ်တော်၏ သက်တမ်းနှင့်အညီဖြစ်ကြောင်း၊ ပထမအကြိမ် လွှတ်တော်သက်တမ်းကာလတွင် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့အဖြစ် ၂၀၁၂ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဖွဲ့စည်းမှုနှင့် စပ်လျဉ်း၍ ပိုမိုခိုင်မာမှုရှိစေရန် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့စည်းမျဉ်းကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် ထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကာလတွင် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ကို ၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်တွင် ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥပဒေကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၄) ဖြင့် ပြဋ္ဌာန်းထုတ်ပြန်နိုင်ခဲ့ကြောင်း၊ ဥပဒေ ထုတ်ပြန်ပြီးချိန်မှစ၍ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ကို မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဟု ပြောင်းလဲ သုံးနှုန်းခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည့်အတွက်ကြောင့် ပြည်ထောင်စု လွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များ ချိတ်ဆက်ဆောင်ရွက်ရသည့် ဥပဒေပြုလုပ်ငန်းများ၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် အချင်းချင်းဆက်သွယ် ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာသည်ကို တွေ့ရှိရကြောင်း။

ပထမအချက်အနေဖြင့် လွှတ်တော်များဖွဲ့စည်းတည်ရှိမှုကို ပြောကြားလိုကြောင်း၊ မိမိတို့ နိုင်ငံ၏အုပ်ချုပ်ရေးစနစ်သည် သမ္မတစနစ်နှင့် ပါလီမန်စနစ်ကို ပေါင်းစပ်ထားသည့် အုပ်ချုပ်ရေးစနစ်ဟု ဆိုနိုင်ကြောင်း၊ ပြည်ထောင်စုအဆင့်တွင် သမ္မတစနစ်ကိုအခြေခံပြီး တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တွင် ပါလီမန်စနစ်ကို အခြေခံထားကြောင်း၊ ပြည်ထောင်စုစနစ်ကို အခြေခံထားသည့် စနစ်ဖြစ်၍ ပြည်ထောင်စုအဆင့်တွင် အလျားလိုက်အာဏာကို ပိုင်းခြားသုံးစွဲခြင်း (Horizontal Separation of Powers)ကို ကျင့်သုံးပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာများကို တတ်နိုင်သမျှ ပိုင်းခြားကျင့်သုံးထားကြောင်း၊ အာဏာသုံးရပ်ကို သီးခြားစီထားရှိပြီး အပြန်အလှန် ထိန်းကျောင်းမှုပြုထားကြောင်း၊ အပြန်အလှန်ထိန်းကျောင်းသည် ဆိုရာတွင်လည်း ကဏ္ဍတစ်ရပ်နှင့်တစ်ရပ် ပွတ်တိုက်မှုမရှိစေရေးအပြုသဘောအမြင်နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းကသာ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အာဏာခွဲဝေ ကျင့်သုံးမှုတွင် ဒေါင်လိုက် အာဏာခွဲဝေမှု (Vertical Division of Powers) ဖြစ်ပြီး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအဆင့်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာကို ခွဲဝေကျင့်သုံးထားကြောင်း။

လွတ်လပ်သည့် လွှတ်တော်များဖြစ်

ပြည်ထောင်စုအဆင့်တွင် သမ္မတစနစ်ကို အခြေခံထားမှုအရ အာဏာသုံးရပ်ကို ပိုင်းခြားကျင့်သုံးသော်လည်း တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် ပါလီမန်စနစ်စစ်စစ်မဟုတ်သော်လည်း ထိုစနစ်ကို အခြေခံထားမှုအရ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးတွင် ရောယှက်နေသည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်သည် အုပ်ချုပ်ရေးတွင် ဝန်ကြီးချုပ်ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်ကြောင်း၊ ဝန်ကြီးချုပ်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးများသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရန်မလိုသလို ပါတီလုပ်ငန်းများကိုလည်း ဆောင်ရွက်ခွင့်ရှိကြောင်း၊ ထို့ပြင် ဒေါင်လိုက်အာဏာခွဲဝေထားမှုအရ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၂) ပါ ကိစ္စရပ်များကို ဥပဒေပြုခွင့်ရှိသည့် လွတ်လပ်သည့် လွှတ်တော်များဖြစ်သည်ကို တွေ့ရှိရကြောင်း၊ အုပ်ချုပ်မှုနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များသာလျှင် ပြည်ထောင်စုလွှတ်တော်ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး၏ အောက်တွင် ရှိခြင်းဖြစ်ကြောင်း။

ဒုတိယအချက်အနေဖြင့် လွှတ်တော်၏ လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက “မေးခွန်းများမေးမြန်းခြင်း” တို့သည် လွှတ်တော်၏ အရေးပါသည့် လုပ်ငန်းစဉ်များ ဖြစ်သော်လည်း လွှတ်တော်လုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကြောင်း၊ ထို့ကြောင့် လွှတ်တော်အစည်းအဝေး၏ ပထမ (၁) နာရီအား မေးခွန်းမေးမြန်းရန် သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ လွှတ်တော်၏ အဓိကအကျဆုံးနှင့် အခြေခံအကျဆုံး လုပ်ငန်းတာဝန်ကြီးမှာ “ဥပဒေပြုရေးလုပ်ငန်း” သာ ဖြစ်ကြောင်း၊ ပထမနှင့် ဒုတိယလွှတ်တော်သက်တမ်းများတွင်လည်း ဇယား (၂) ပါ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များမှ ပြဋ္ဌာန်းရမည့် ဥပဒေများ၊ နည်းဥပဒေများ နည်းပါးခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးရှိမည့် ကိစ္စရပ်များကို လေ့လာပြီး ဥပဒေများကို ဆက်လက်ပြဋ္ဌာန်းသွား ရန်လိုအပ်ကြောင်း။

အခက်အခဲများကိုလည်းနားထောင်

တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ပြဋ္ဌာန်းပြီး ဥပဒေများထဲတွင်လည်း မည်သည့်ဥပဒေများက လိုက်နာကျင့်သုံးရသည့် ပြည်သူများအတွက် အခက်အခဲဖြစ်စေသည်၊ မည်သည့်ဥပဒေများကို ပြင်ဆင်ရန်လိုအပ်သည်၊ မည်သည့်ဥပဒေများကို ပြင်ဆင်ရန် မလိုအပ်သည့်အတွက် မူလအတိုင်းထားရှိမည်၊ အသစ်ပြဋ္ဌာန်းပေးရန်လိုအပ်သည့် ဥပဒေများရှိနိုင်သည့်အခြေအနေ၊ ဥပဒေများ ဖောင်းပွနေမည်ဆိုပါလည်း ရုပ်သိမ်းရန်လိုအပ်သည့် ဥပဒေများရှိနိုင်သည့် အခြေအနေတို့ကို စိစစ်ရန်လိုအပ်ကြောင်း၊ ပြည်သူများအပေါ် သက်ဆိုင်ရာဥပဒေများ၏ သက်ရောက်မှုများနှင့် ပတ်သက်သည့် ပြည်သူ့အသံများ အခက်အခဲများကို နားထောင်ရန်လိုအပ်ကြောင်း၊ ထို့ပြင် မည်သည့်ဥပဒေများသည် အကောင် အထည်ဖော်ဆောင်ရွက်ရသူများအတွက် အခက်အခဲဖြစ်စေသနည်းဆိုသည်နှင့် အကောင်အထည်ဖော် လုပ်ငန်း‌ဆောင်ရွက်ရသည့် အုပ်ချုပ်ရေးပိုင်းမှ ဝန်ထမ်းများ၏ အခက်အခဲများကိုလည်း နားထောင်ရန် လိုအပ်ကြောင်း။

ဥပဒေပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ အချို့ဌာနများတွင် ပြင်ဆင်သင့်သည့်ဥပဒေများရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြင်ဆင်ရန်ကျန်ရှိနေသည့် ဥပဒေများ ရှိနိုင်ပါကြောင်း၊ အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ လေ့လာနိုင်ရန်အတွက် ဝန်ကြီးဌာနအလိုက် ပြဋ္ဌာန်းထားသည့် ဥပဒေများအားလုံးနီးပါးကို သက်ဆိုင်ရာ လွှတ်တော်ကော်မတီများအလိုက် Soft Copy ၊ Hard Copy များ ဖြန့်ဝေပေးထားကြောင်း၊ ကော်မတီများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနအလိုက် စီမံခန့်ခွဲသည့် ဥပဒေများကို ကော်မတီဝင်များ တာဝန်ခွဲပြီးလေ့လာကြရမည်ဖြစ်ကြောင်း၊ တတိယပုံမှန်အစည်းအဝေး စတင်သည့် အချိန်တွင် ကော်မတီဝင်တစ်ဦးချင်း လေ့လာခဲ့သည့် ဥပဒေများကို စုစည်းပြီး ပြင်ဆင်သင့်/ ရုပ်သိမ်းသင့်/ မူလ အတိုင်းထားသင့် / အသစ်ပြဋ္ဌာန်းသင့်စသည်ဖြင့် ခေါင်းစဉ်အလိုက် စုစည်း၍ ဦးစားပေးအလိုက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

တတိယအချက်အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များအနေဖြင့် လွှတ်တော်အစည်းအဝေး ကျင်းပမှုနှင့်စပ်လျဉ်း၍ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း ပုံမှန်အစည်းအဝေး ကျင်းပမည့် ရက်ကာလ လျာထားသတ်မှတ်ချက်ကို နှစ်စဉ် ရေးဆွဲထုတ်ပြန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ လွှတ်တော်ပြက္ခဒိန်ရက်ကာလ ရေးဆွဲသတ်မှတ်ရာတွင် တစ်ပြေးညီဖြစ်စေရေး ပြည်ထောင်စုလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များ အချင်းချင်း အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းပြီး ရေးဆွဲသတ်မှတ် ဆောင်ရွက်သင့်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်နှင့်လည်းညှိနှိုင်းပြီး ဆောင်ရွက်နိုင်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ်မှလည်း မိမိထံတင်ပြပြီး ဆောင်ရွက်လျက်ရှိကြောင်း။

ဆက်လက်ပေါင်းစပ်ညှိနှိုင်း

စတုတ္ထအချက်အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ကိစ္စဖြစ်ကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂၂/၂၀၁၃)နှင့် အသစ်ပြဋ္ဌာန်း ထုတ်ပြန်ခဲ့ကြောင်း၊ တိုင်းဒေသကြီး / ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေများကို သက်ဆိုင်ရာ လွှတ်တော်များ တစ်ပြေးညီရေးဆွဲထုတ်ပြန်နိုင်ရေးအတွက် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကာလတွင် ပြည်ထောင်စုလွှတ်တော်ရုံးကဦးစီးပြီး အသစ်ပြင်ဆင်ရေးဆွဲရန် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသဖြင့် ပြီးပြတ်ခြင်းမရှိသေးသည့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များအနေဖြင့် နည်းဥပဒေများ ပြဋ္ဌာန်းနိုင်ရေးအတွက် ဆက်လက်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း။

ယနေ့အစည်းအဝေးတွင် အဓိကအားဖြင့် လွှတ်တော်ရေးရာပိုင်းနှင့် လွှတ်တော်များ၏ အုပ်ချုပ်မှုပိုင်းဆိုင်ရာများကို ဆွေးနွေးကြရန်ဖြစ်ပြီး လွှတ်တော်ရေးရာပိုင်းအနေဖြင့် လွှတ်တော်အစည်းအဝေးများ ကျင်းပပြီးစီးမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပေးကြရန် ဖြစ်ကြောင်း၊ လွှတ်တော်အကြီးအမှူးများသည် ဥပဒေပြုရေးကဏ္ဍကို တစိုက်မတ်မတ် လုပ်ဆောင်ကြရကြောင်း၊ ဥပဒေပြုရေးကဏ္ဍသည် လွှတ်တော်အကြီးအမှူးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အဓိကတာဝန်ဖြစ်ပြီး ထိုသို့ဥပဒေပြုရာတွင် လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးနှင့် ဝန်ထမ်းများက အထောက်အကူပြု ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ထို့ကြောင့်အုပ်ချုပ်မှုပိုင်းနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို လွှတ်တော်ရုံးဝန်ထမ်း အကြီးအမှူးထံ စနစ်တကျ တာဝန်လွှဲအပ်ဆောင်ရွက်စေပြီး ဆုံးဖြတ်ပေးရမည့်ကိစ္စများတွင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အထောက်အကူပြု ဝန်ထမ်းများ အနေဖြင့် စွမ်းဆောင်ရည် ကောင်းမွန်ပြည့်စုံမှသာ ဥပဒေပြုရေးလုပ်ငန်းစဉ်များတွင် အပြည့်အဝ ပံ့ပိုးကူညီနိုင်မည်ဖြစ်သည့်အတွက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန် လိုအပ်ကြောင်း။

ဝိုင်းဝန်းဆွေးနွေး

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU)အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးပြုနိုင်မည်ဖြစ်သည့် ဥပဒေပြုရေးမဏ္ဍိုင်တစ်ခုအဖြစ် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ယနေ့အစည်းအဝေးတွင် တက်ရောက်လာကြသူများအားလုံးက အပြုသဘောဆောင်သည့် အကြံဉာဏ်များ၊ အမြင်ချင်းဖလှယ်မှုများနှင့်တကွ ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက မြန်မာ နိုင်ငံလွှတ်တော်များအဖွဲ့ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ လွှတ်တော်လုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်ရမည့် အခြေအနေများ၊ ပြည်သူယုံကြည်အားထားရသည့် လွှတ်တော်အဖြစ်ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများနှင့် မြန်မာနိုင်ငံလွှတ်တော်များအဖွဲ့အနေဖြင့် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးဂျဲန်ဖန်နော်တောင် (ခ)ဦးနော်တောင်က မြန်မာနိုင်ငံလွှတ်တော်များအဖွဲ့ စတင်ဖွဲ့စည်း၍ ကဏ္ဍအလိုက် ဆောင်ရွက်နေမှု အခြေအနေများနှင့် လွှတ်တော်လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေတို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက လွှတ်တော်အသီးသီးတွင်ရှိသည့် ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် လွှတ်တော်များအလိုက် စနစ်တကျဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလွှတ်တော် အဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများက လွှတ်တော်ရေးရာ ကိစ္စရပ်များ၊ လွှတ်တော်အစည်းအဝေးများ ကျင်းပပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်ရုံး အမြဲတမ်းအတွင်းဝန်က သက်ဆိုင်ရာလွှတ်တော်ရုံးများအလိုက် ဆောင်ရွက်ရမည့် ရုံးလုပ်ငန်းနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ထို့နောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာ လွှတ်တော်များအလိုက် လွှတ်တော်ရေးရာ ဆောင်ရွက်ချက်များနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ ဆွေးနွေးပေးကြသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါ ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂ တွင် “နိုင်ငံတော်၏ ဥပဒေပြုရေး အာဏာကို ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်းသည်” ဟု အတိအလင်း‌ ဖော်ပြထားသည့်အတွက် မိမိတို့လွှတ်တော်၏ အဓိကတာဝန်သည် ဥပဒေပြုရေးပင် ဖြစ်ပါကြောင်း။

ဥပဒေပြုရေးမဏ္ဍိုင်၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်သည် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ချင်းစီ၏ စည်းကမ်းစနစ်ကျနမှု၊ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာမှုနှင့် အရည်အသွေးမြင့်မားမှုတို့အပေါ်တွင် မှီတည်နေကြောင်း၊ လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်တိုင်းသည် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် ပြည်သူများ၏ အကျိုးစီးပွားကို အမှန်တကယ် အကျိုးပြုစေမည့် ဆောင်ရွက်ချက်များ ဖြစ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်းရှိ နိုင်ငံသူ/ နိုင်ငံသားများ၏ လိုအပ်ချက်များ၊ မျှော်မှန်းချက်များကို သိရှိစေရန်ဆောင်ရွက်ပြီး ဥပဒေပြုရေးအခန်းကဏ္ဍမှတစ်ဆင့် ဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးမဏ္ဍိုင်မှ ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များနှင့် လုပ်ငန်းစဉ်များ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်များ၏ အပြန်အလှန် ထိန်းကျောင်းတည့်မတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများသည် အရေးကြီးသည့် အခန်းကဏ္ဍ တွင် ပါဝင်နေကြောင်း၊ မိမိတို့ မဲဆန္ဒနယ်မြေများအလိုက် စီမံချက်ပါလုပ်ငန်းများ မြေပြင်တွင် ထိရောက်မှု ရှိ/ မရှိ၊ ပြည်သူလူထုထံသို့ အကျိုးကျေးဇူးများ တိုက်ရိုက်သက်ရောက်မှု ရှိ/ မရှိကို မျက်ခြည်မပျက် လေ့လာစောင့်ကြည့်ပြီး အုပ်ချုပ်ရေးမဏ္ဍိုင်၏ ကောင်းမွန်သည့်ခြေလှမ်းများကို ပိုမိုတွန်းအားပေးကူညီကြရန်နှင့် လိုအပ်သည်များကိုလည်း လွှတ်တော်ယန္တရားမှတစ်ဆင့် အပြုသဘောဆောင် ပူးပေါင်းဖြည့်ဆည်းပံ့ပိုးပေးကြရမည်ဖြစ်ကြောင်း။

ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် လွှတ်တော်များအကြား အပြန်အလှန်နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာနေမှ သာ နိုင်ငံတော်က လျှောက်လှမ်းနေသည့် ပါတီစုံဒီမို ကရေစီစနစ်ခိုင်မာရေးနှင့် ဖက်ဒရယ်စနစ် တည်ဆောက်ရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်မည် ဖြစ်ကြောင်း။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရသည် နိုင်ငံတော်အချုပ်အခြာအာဏာ၏ မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ခွဲဝေအပ်နှင်းထားသည့် အာဏာများဖြင့် ရည်မှန်းချက်တာဝန်များကို လွတ်လပ်စွာဖော်ဆောင်ရန် ဖြစ်ပါကြောင်း၊ ဥပဒေပြုရေးလွှတ်တော်၊ အုပ်ချုပ်ရေးအစိုးရအဖွဲ့နှင့် တရားစီရင်ရေးအဖွဲ့အစည်းများသည် အချုပ်အခြာအာဏာကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲ ခြင်းနှင့် အပြန်အလှန်ထိန်းကျောင်းခြင်း ပြုသည်ဆိုရာတွင် အဆက်အသွယ်မရှိ၊ အဆက်အစပ်မရှိ၊ သဟဇာတမရှိဆိုသည့် သဘောမျိုးဟု ယူဆမည်ဆိုပါက လွဲမှားနိုင်ကြောင်း၊ သို့သော် နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်နေသည်ဆိုသည့် ဦးတည်ရည်မှန်းချက်များသည် တစ်ထပ်တည်းသာဖြစ်ကြောင်း။

ထို့ပြင် ဒီမိုကရေစီကျင့်သုံးမှုပုံစံ တည့်မတ်မှန်ကန်စေရေးအတွက် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းမှု ပြုကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် ဝင်ရောက်စွက်ဖက်လိုသော၊ လွှမ်းမိုးလိုသော ပွတ်တိုက်မှုပုံစံမျိုး မဖြစ်ပေါ်စေရန် အထူးသတိပြုရှောင်ကြဉ်ရမည်ဖြစ်ကြောင်း ပြောကြား သည်။

ညပိုင်းတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးဂျဲန်ဖန် နော်တောင် (ခ) ဦးနော်တောင်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းတို့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တတိယအကြိမ် လွှတ်တော်များ၏ ဒုတိယပုံမှန်အစည်းအဝေးများ အောင်မြင်စွာပြီးမြောက်ခြင်း ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment