Tuesday, July 28, 2026

ရန်ကုန် - မော်လမြိုင် ပြေးဆွဲလျက်ရှိသည့် DEMU လူစီးအမြန်ရထားပေါ်တွင် ဆူညံစွာအော်ဟစ် သီချင်းဆိုခြင်း၊ ရထားထိုင်ခုံလက်တန်းများပေါ်တွင် ထိုင်ခြင်းနှင့် လျှောက်လမ်းများတွင် ပိတ်ဆို့၍ ထမင်းဝိုင်းဖွဲ့ စားသောက်ခြင်းပြုလုပ်ခဲ့သူများအား အမှုဖွင့်အရေးယူ

 


နေပြည်တော် ဇူလိုင် ၂၇

ရန်ကုန်-မော်လမြိုင် ပြေးဆွဲလျက်ရှိသည့် DEMU လူစီးအမြန်ရထားပေါ်တွင် ဆူညံစွာ အော်ဟစ်သီချင်းဆိုခြင်း၊ ရထားထိုင်ခုံလက်တန်းများပေါ်တွင် ထိုင်ခြင်းနှင့် လျှောက်လမ်းများတွင် ပိတ်ဆို့၍ ထမင်းဝိုင်းဖွဲ့စားသောက်ခြင်းများ ပြုလုပ်ခဲ့သူများကို မော်လမြိုင်မြို့မရဲစခန်း၌ (ပ)၁၂၉/၂၀၂၆၊ ရထားပို့ဆောင်ရေးဥပဒေ ပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့်လှစ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ သက်သောင့်သက်သာ ဘေးကင်းလုံခြုံပြီး ဈေးနှုန်းသင့်တင့်စွာ သွားလာနိုင်ရေးအတွက် အဆင့်မြင့်ရထားတွဲဆိုင်းအသစ်များဖြင့် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိရာတွင် စည်းကမ်းမလိုက်နာသည့် ခရီးသည်အချို့ကြောင့် အခြားခရီးသည်များ စိတ်အနှောင့်အယှက် ကြုံတွေ့ရမှုများရှိသည့်အတွက် ရထားစီးခရီးသည်များအနေဖြင့် ခရီးစဉ်တစ်လျှောက် သန့်ရှင်းသပ်ရပ်ပြီး အခြားခရီးသည်များအတွက် အနှောင့်အယှက်မဖြစ်စေရန်နှင့် ရထားတွင်းသန့်ရှင်းမှုကို ထိန်းသိမ်းရန်၊ ကွမ်းတံတွေးထွေးခြင်းကို ရှောင်ကြဉ်ပေးရန်၊ ထိုင်ခုံပေါ်တွင် ခြေထောက်တင်ခြင်း မပြုရန်၊ အခြားခရီးသည်များ သန့်ရှင်းစွာ အသုံးပြုနိုင်ရန် ထိုင်ခုံများအား စနစ်တကျအသုံးပြုပေးပါရန် အသိပေးချက်များအား နိုင်ငံပိုင်သတင်းစာများနှင့် သက်ဆိုင်ရာရထားများပေါ်တွင် အသိပေးကြေညာချက်များ ထုတ်ပြန်ထားရှိပြီးဖြစ်သည်။

ထိုသို့ ထုတ်ပြန်ကြေညာထားရှိသော်လည်း ဇူလိုင် ၂၃ ရက် မွန်းတည့် ၁၂ နာရီတွင် မော်လမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ထွက်ခွာလာသည့် အမှတ် (၈၄) (အစုန်) DEMU အမြန်ရထား ပထမတန်းတွဲ (၃) တွင် လိုက်ပါလာသည့် မော်လမြိုင်ကမ်းနားလမ်း အားကစားအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒေါ်မြသန်း ဦးဆောင်သည့် အမျိုးသမီး ၅၃ ဦး၊ အမျိုးသားတစ်ဦး စုစုပေါင်း ၅၄ ဦးတို့သည် ရထားပေါ်တွင် ဆူညံစွာအော်ဟစ်သီချင်းဆိုခြင်း၊ Tiktok ဆော့ကစား ခြင်း၊ ရထားထိုင်ခုံလက်တန်းပေါ်တွင်ထိုင်ခြင်း၊ ရထားကြမ်းခင်း လျှောက်လမ်းအားပိတ်ဆို့၍ ထမင်းဝိုင်းဖွဲ့စားသောက်ခြင်းများ စည်းကမ်းမဲ့ပြုလုပ်နေကြသဖြင့် ရထားဝန်ထမ်းများနှင့် ရထားရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက အခြားခရီးသည်များ စိတ်အနှောင့်အယှက်မဖြစ်စေရန် နှစ်ကြိမ်တိုင်တိုင် သတိပေးတားမြစ်ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ဆက်လက်ပြုလုပ်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒေါ်မြသန်းပါ အမျိုးသမီး ၅၃ ဦး၊ အမျိုးသား တစ်ဦး စုစုပေါင်း ၅၄ ဦးတို့ကို မော်လမြိုင်မြို့မရဲစခန်း၌ (ပ) ၁၂၉ / ၂၀၂၆၊ ရထားပို့ဆောင်ရေးဥပဒေပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့်လှစ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment