Tuesday, July 28, 2026

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီအား တွေ့ဆုံ

 


နေပြည်တော် ဇူလိုင် ၂၇

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ရေးရာဆောင် (I-13) ရှိ ကျန်းမာရေးနှင့် အားကစားဆိုင်ရာ ကော်မတီဝင်များနှင့် တွေ့ဆုံသည်။

ဦးစွာ ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်၍ ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းက ကော်မတီ၏လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အစီအမံများအား ရှင်းလင်းပြီး ကော်မတီဝင်များက တစ်ဦးချင်း ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက ကိုယ်စားလှယ်များအနေဖြင့် အစိုးရ၏ ဆောင်ရွက်ချက်များကို ပိုမိုသိရှိစေရန်အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကော်မတီ၏လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရည်မှန်းချက်အောင်မြင်ရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍမြှင့်တင်နိုင်ရေး၊ အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွလာစေရေးအတွက် ပြန်ကြားရေး၊ မီဒီယာ၊ ဖျော်ဖြေရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီအနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်နေသောအခြေအနေများအပေါ် သုံးသပ်ပြီး ကျန်းမာရေးနှင့် အားကစားကဏ္ဍ မြင့်မားတိုးတက်စေရေး အဖြေရှာ၍ လွှတ်တော်အနေဖြင့် အရွေ့တစ်ခုရောက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ပြဋ္ဌာန်းထားသော ဥပဒေများကိုလေ့လာပါက ကဏ္ဍတစ်ခုချင်းအလိုက်ရှိကြသော်လည်း အားလုံးပြည့်စုံစွာ လွှမ်းခြုံနိုင်သောပြဋ္ဌာန်းချက်များ လိုအပ်နေသေးသည်ကိုတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ကော်မတီအနေဖြင့် စိစစ်ရမည့်ဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်၊ ရုပ်သိမ်း၊ အသစ်ပြဋ္ဌာန်းခြင်းများ ဆောင်ရွက်နိုင်ရေး အသေးစိတ်လေ့လာကြစေလိုပါကြောင်း၊ ထို့အပြင် ပြည်သူများ ကျန်းမာကြံ့ခိုင်ပြီး နိုင်ငံအတွက် အားကိုးအားထားပြုနိုင်သူများဖြစ်လာအောင် သက်ဆိုင်ရာဝန်ကြီးဌာန၊ အသင်း၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာမှ အသိအမှတ်ပြုလက်မှတ်ရရှိပြီး ပြည်တွင်းတွင် နေထိုင်နေကြသည့် ဆေးဘက်ဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာပညာရှင်များနှင့်ပတ်သက်၍လည်း နိုင်ငံအတွက် လူသားအရင်းအမြစ်ဆိုင်ရာ ရှုထောင့်မှ သုံးသပ်ပြီး (National Accreditation System) ကဲ့သို့ ပညာရေးအသိအမှတ်ပြုခြင်းဆိုင်ရာ ပေါင်းကူးစနစ်များကိုလည်း လေ့လာသုံးသပ်ရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်အနေဖြင့် မဟာဗျူဟာဖွံ့ဖြိုးတိုးတက်ရေး (၅) နှစ် စီမံကိန်း မူကြမ်းရေးဆွဲပြီးဖြစ်၍ ကော်မတီများ၏ လုပ်ဆောင်ချက်များကိုလည်း အဆိုပါစီမံကိန်းတွင် ထည့်သွင်း၍ နှိုင်းယှဉ်သုံးသပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ကော်မတီအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အခြားဆက်စပ်သော ဝန်ကြီးဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး၍ ကျန်းမာရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကျယ်ပြန့်စွာ စဉ်းစားဆောင်ရွက်ကြစေလိုပါကြောင်း၊ ကျန်းမာရေးစင်တာများ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးပေးခန်းများနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် အားကစားဌာနများကိုလည်း သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့်ပေါင်းစပ်၍ ကွင်းဆင်းကြည့်ရှုကာ လိုအပ်ချက်များကို တင်ပြနိုင်ရန် ဆောင်ရွက်စေလိုပါကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ အရေးကြီးဆုံးအနေဖြင့် Universal Health Coverage (UHC) ကဲ့သို့သော လူတိုင်းအကျုံးဝင်သော ကျန်းမာရေးစောင့်ရှောက်မှု စနစ်အဆင့်ရောက်ရှိအောင် ဆောင်ရွက်ရန် နိုင်ငံတော်က ကြိုးစားဆောင်ရွက်နေပြီဖြစ်၍ ပထမအဆင့်အနေဖြင့် Primary Health Care First စနစ်ကဲ့သို့သော အခြေခံကျပြီး မရှိမဖြစ်လိုအပ်သော အခြေခံကျန်းမာရေးဝန်ဆောင်မှုများရရှိအောင် ဆောင်ရွက်နေသည့် နည်းလမ်းများအား လေ့လာရှာဖွေဖော်ထုတ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ကူညီအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အလှမ်းဝေးသောဒေသများတွင် Mobile Clinic, Telemedicine, Teleconsultation စနစ်များ လုပ်ဆောင်ရန်လည်း ဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ ဆေးဝါးအတုများ၊ အရည်အသွေးမပြည့်မီသော ဆေးဝါးနှင့်အစားအစာများ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများအားဖော်ထုတ်ပြီး ဥပဒေပြုခြင်း၊ FDA ခိုင်မာအားကောင်းစေရေးအတွက် FDA ဥပဒေအား ပြင်ဆင်ဆောင်ရွက်နိုင်ရေး လေ့လာသုံးသပ်သွားရမည်ဖြစ်ပါကြောင်း။

တိုင်းရင်းဆေးဝါးများနှင့်ပတ်သက်၍လည်း တိုင်းရင်းဆေးဝါးဥပဒေများကို ပြန်လည်လေ့လာသုံးသပ်၍ အရည်အသွေးမြင့်သော တိုင်းရင်းဆေးများထွက်ပေါ်လာရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးရေးပိုင်းဆိုင်ရာ စံချိန်စံညွှန်းများကိုလည်း လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ကျန်းမာကြံ့ခိုင်သည့် နိုင်ငံသားများမှတစ်ဆင့် နိုင်ငံအတွက် အားထားရသည့် အားကစားသမားကောင်းများဖြစ်ပေါ်လာရေး ဝိုင်းဝန်းဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ အားကစားကဏ္ဍမြင့်မားရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ဥပဒေများကိုလည်း ပြဋ္ဌာန်းပေးရမည်ဖြစ်ပါကြောင်း၊ မိမိတို့လွှတ်တော်အနေဖြင့် ကျန်းမာရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း၍ ဖြစ်နိုင်သမျှနည်းလမ်းများအား ရှာဖွေဖော်ထုတ်ပေးခြင်း၊ ဥပဒေပြုပေးခြင်းဖြင့် လွှတ်တော်သည် နိုင်ငံအတွက် ကြီးစွာသောအထောက်အပံ့တစ်ခုဖြစ်လာစေရန်အတွက် လွှတ်တော်သက်တမ်းငါးနှစ်အတွင်း အကျိုးပြုသည့် ထူးခြားသောလွှတ်တော်တစ်ရပ်ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီများအနေဖြင့် မိမိတို့လွှတ်တော်ကဏ္ဍ မြင့်မားတိုးတက်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။   

ထို့အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး ၃၀ ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် စစ်ကိုင်းတိုင်းဒေသကြီး လဟယ်မြို့နယ်မှ ဧည့်သည်များအား ယနေ့မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး လွှတ်တော်များ၏ ဖွဲ့စည်းထားရှိမှုနှင့်လုပ်ငန်းတာဝန်များ၊ ဥပဒေပြုရေးလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment