Saturday, July 4, 2026

အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၂၂) သင်တန်းဆင်းပွဲ ကျင်းပ

 


နေပြည်တော် ဇူလိုင် ၃

အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၂၂) ၏ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နဝရတ်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက အစိုးရနှင့် ပြည်သူလူထုများအကြား ယုံကြည်မှုကို တည်ဆောက်ပြီး ခိုင်မာသည့် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် လုပ်ဆောင်ကြရန်၊ လုပ်သင့်လုပ်ထိုက်သည်များကို ဘက်ပေါင်းစုံမှ စဉ်းစားတွေးခေါ်သုံးသပ်ပြီး ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်အကျိုးအတွက် ဦးတည်ကြိုးစားကြရန်မှာကြားပြီး သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းအောင် လက်မှတ်များ ပေးအပ်သည်။

ထို့နောက် ပင်မရုံးအစည်းအဝေးခန်းမ၌ Applied AI Training (TOT of AI) သင်တန်းနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုစနစ်တွင် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသင်တန်းတက်ရောက်ခဲ့သည့် တက္ကသိုလ်ရှိ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် တွေ့ဆုံပြီး ဆက်စပ်သည့် ဘာသာရပ်များတွင် Case Study များဖြင့် သင်တန်းအလိုက် ထည့်သွင်းဆွေးနွေးပို့ချနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

ယင်းနောက် အလယ်အလတ်အဆင့် အရာထမ်းသင်တန်း၊ အရာထမ်းအခြေခံသင်တန်း၊ စာရေးဝန်ထမ်းကြီးကြပ်သင်တန်းနှင့် အရာထမ်းငယ်သင်တန်းများမှ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံပြီး ရုံးလုပ်ငန်းဘာသာရပ်သင်ကြားမှုအခြေအနေ၊ စာပေးစာယူ၊ ရုံးလုပ်ငန်းများနှင့် ရုံးစာရေးသားနည်းပုံစံများ တစ်ပြေးညီဖြစ်စေရေးဆွေးနွေးသည်။

ဆက်လက်၍ ရတနာခန်းမတွင် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၈၄) မှ သင်တန်းသား သင်တန်းသူများအား သွားရောက်တွေ့ဆုံအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment