နေပြည်တော် ဇူလိုင် ၁၇
ဆေးသုတေသနဦးစီးဌာနမှ သုတေသီများနှင့် ဆီးချိုနှင့် ဟော်မုန်းရောဂါအထူးကုဌာနမှ သမားတော်ကြီးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် သုတေသနမှ အချက်အလက်များကို “မြန်မာ နိုင်ငံအတွင်းရရှိနိုင်သော လူအများစားသုံးလေ့ရှိသည့် အစားအစာများ၏ အာဟာရတန်ဖိုးများ” စာအုပ်အဖြစ် ထုတ်ဝေကြောင်း သိရသည်။
အဆိုပါကျန်းမာရေးဝန်ကြီးဌာန၊
ဆေးသုတေသနဦးစီးဌာန၏ သုတေသနအစီရင်ခံစာများ ထုတ်ဝေခြင်းကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ
ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) Meeting Hall ခန်းမ၌ ကျင်းပ ပြီး ကျန်းမာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက အမှာစကား ပြောကြားသည်။
ထို့နောက် “မြန်မာနိုင်ငံအတွင်း
ရရှိနိုင်သော လူအများစားသုံးလေ့ရှိသည့် အစားအစာများ၏ အာဟာရတန်ဖိုးများ” စာအုပ်နှင့်ပတ်သက်၍
ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာ ကြေးမုံထွေးနှင့် “မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ
ဆယ်ကျော်သက် ကျောင်းသားများ၏ ကျန်းမာရေးနှင့်ပတ်သက်သော အကြောင်းအရာများကို လေ့လာခြင်း”
သုတေသနအစီရင်ခံစာနှင့်ပတ်သက်၍ တွေ့ရှိချက်များကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ပါမောက္ခ ဒေါက်တာ အေးအေးခင်တို့က ရှင်းလင်းတင်ပြကြ သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်
ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာ
အထက်တန်း ကျောင်းများတွင် ပညာသင်ကြားနေသည့် အသက် (၁၃) နှစ်မှ (၁၇) နှစ်အတွင်းရှိ ဆယ်ကျော်သက်
ကျောင်းသား ကျောင်းသူများတွင် အဝလွန်ခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး သွေးကြော ကျဉ်းရောဂါများ
ဖြစ်ပွားနိုင်ခြေများ၊ အာဟာရအခြေအနေ၊ ကျန်းမာရေး အပြုအမူများနှင့် ကျန်းမာရေးဆိုင်ရာအန္တရာယ်ဖြစ်စေသော
အချက်အလက်များကို သုတေသနပြုဆောင်ရွက်ခဲ့ပြီး ရရှိလာသည့် အချက်အလက်များအား အသုံးပြု၍
ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ၊ ကျန်းမာရေး အသိပညာမြှင့်တင်ပေးခြင်းများ ဆောင်ရွက်ရာတွင်
ထိရောက်စွာ အကျိုးပြုသွားမည်ဖြစ်ကာ ကျန်းမာရေးဝန်ထမ်းများသာမက နှီးနွှယ်ဝန်ကြီးဌာနများ၊
အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
အဆိုပါအခမ်းအနားသို့
ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊
သူနာပြုနှင့် သားဖွားကောင်စီ၊ မြန်မာနိုင်ငံ ဆေးပညာ ရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကြက်ခြေနီအသင်းတို့မှ ဥက္ကဋ္ဌများ၊ သုတေသီများနှင့်
အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက် ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment