Saturday, July 18, 2026

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရအဖွဲ့က ဖရူဆိုမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘော်လခဲမြို့နယ်တို့ရှိ နေရပ်ပြန်ပြည်သူများအား ထောက်ပံ့



နေပြည်တော် ဇူလိုင် ၁၇

နယ်မြေတည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် ယနေ့နံနက်ပိုင်းက ကယားပြည်နယ်ခန်းမ၌ ကျင်းပသည့် မာခရော်ရှေကျေးရွာမှ အိမ်ထောင်စုများအတွက် ဆိုလာထောက်ပံ့ပေးအပ်ခြင်းနှင့် ဒီးမော့ဆိုနှင့် ဘော်လခဲမြို့နယ် နေရပ်ပြန် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ဒေသခံပြည်သူများအား တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားပြည်သူများ နေရပ်တွင် ပြန်လည်နေထိုင်ကြသည့်အခါ အထောက်အကူဖြစ်စေရန်အတွက် ဒီးမော့ဆိုမြို့နယ်နှင့် ဘော်လခဲမြို့နယ်အတွင်းရှိ နေရပ်ပြန် ပြည်သူ ၆၁၀ အတွက် ဆန်၊ ဆီ၊ ပဲ၊ ဆားတို့ကိုလည်းကောင်း၊ ဖရူဆိုမြို့နယ် မာခရော်ရှေကျေးရွာနေပြည်သူများအတွက် ဆိုလာမီးနှင့် ဆက်စပ်ပစ္စည်း ၅၂ စုံကိုလည်းကောင်း လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment