နေပြည်တော် ဇူလိုင် ၁၃
ပဲခူးပြည်သူ့ဆေးရုံကြီး ခြောက်ထပ်ဆေးကုသဆောင်သစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံကြီး၌ ကျင်းပသည်။
ဦးစွာ
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက
အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး အထိမ်းအမှတ်ကမ္ပည်းမော်ကွန်းကို
အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြကာ ခြောက်ထပ်ဆေးကုသဆောင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါအဆောက်အအုံကို
မြေဧရိယာ၂၅ ဒသမ ၀၃ ဧကပေါ်တွင် နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၆၄၉ ဒသမ ၇၂၇
သန်းအသုံးပြု၍ ဓာတ်လှေကား နှစ်စီးပါဝင်တည်ဆောက်ထားခြင်းဖြစ်ပြီး အဆိုပါဆေးကုသဆောင်တွင်
အသုံးပြုရန်အတွက် ဓာတ်မှန်စက်အသစ်၊ ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများ၊ လူနာခုတင်နှင့်
အခြားဆေးရုံသုံးပစ္စည်းများကိုလည်း ထောက်ပံ့ပေးထားပြီး ပဲခူးပြည်သူ့ဆေးရုံကြီးတွင်
အထူးကုဘာသာရပ် ၁၄ ခုဖြင့် နေ့စဉ်ပျမ်းမျှအတွင်း လူနာ ၃၅၀ ခန့်၊ ပျမ်းမျှပြင်ပလူနာ ၅၅၀
ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ ယခုဖွင့်လှစ်သည့် ခြောက်ထပ်ဆေးကုသဆောင်တွင်
ဖျားနာဆောင်၊ ကင်ဆာရောဂါကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ အရိုးရောဂါကုသဆောင်၊ အထောက်အကူပြုဌာနများ၊
ခေတ်မီခွဲစိတ်ခန်းများနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှုပေးမည်ဖြစ်သည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးမြို့နယ် ဘုရားကြီးတိုက်နယ်ဆေးရုံသို့
သွားရောက်ကာ အရေးပေါ်လူနာဌာန၊ ဓာတ်ခွဲခန်း၊ အတွင်းလူနာဆောင်၊ ခွဲစိတ်ခန်းများကို
လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment