ဗန်ကောက် ဇူလိုင် ၁၃
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဇူလိုင် ၁၂ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင်
ပြည်ထောင်စုဝန်ကြီးက ရွေးကောက်ခံအစိုးရသစ်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းသို့
လျှောက်လှမ်းရာတွင် နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊
ငြိမ်းချမ်းရေးနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ရာတွင် အဓိကစိန်ခေါ်မှုများဖြစ်သည့်
အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု စသည့်နယ်စပ်ဖြတ်ကျော်မှုခင်းများ
ပပျောက်စေရန် ကြိုးပမ်းတိုက်ဖျက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင်
မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခများချုပ်ငြိမ်းစေရေးအတွက် ငြိမ်းချမ်းရေးနှင့်
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်နေမှုများ၊ အာဆီယံက AHA Centre မှတစ်ဆင့်ပေးအပ်သည့်
လူသားချင်းစာနာမှုအကူအညီများကို ခွဲခြားမှုမရှိဘဲ ဖြန့်ဝေပေးအပ်နေမှုအခြေအနေများနှင့်
အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များ၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့်
ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ
ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးက အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ သိမ်မွေ့နက်နဲသည့်
နိုင်ငံရေးအခြေအနေကို နားလည်သဘောပေါက်ပြီး ပကတိမြေပြင်အခြေအနေများနှင့်
ကိုက်ညီသည့် အပြုသဘောရှုမြင်သုံးသပ်မှုများ ပြုလုပ်ရန် တိုက်တွန်းပါကြောင်း၊
အာဆီယံတွင် မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ အမြန်ဆုံးပြန်လည်ရရှိရန်
မျှော်လင့်ပါကြောင်းနှင့် အာဆီယံနှင့် အဖြစ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း
ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက်
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ၎င်းတို့၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ရပ်တည်ချက်များကို
အသီးသီးပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားရာတွင် မြန်မာနိုင်ငံ၏
လက်ရှိဖြစ်ပေါ်တိုးတက်မှုများအပေါ် အပြုသဘောရှုမြင်လျက်ထောက်ခံဆွေးနွေးသကဲ့သို့ အချို့နိုင်ငံအနည်းငယ်က
ပိုမိုမြင်သာသည့် တိုးတက်မှုကို တွေ့မြင်လိုပါကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိအပြုသဘော ဖြစ်ပေါ်တိုးတက်မှုများကို ထိန်းသိမ်း၍
ပိုမိုတိုးတက်အကောင်အထည်ဖော်နိုင်ရေး၊ ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့်
အပြုသဘောတိုးတက်မှုများ ရရှိနိုင်ရေး၊ အာဆီယံထုတ်ပြန်ချက် (၅) ရပ်တွင် ပါရှိသည့်
ပဋိပက္ခများ လျှော့ချရေးအတွက် ပိုမိုကြိုးပမ်းဆောင်ရွက်ရေး၊ ထိတွေ့ဆွေးနွေးမှုများ
တိုးမြှင့်ပြုလုပ်ရေးနှင့် လူသားချင်းစာနာမှုအကူအညီများ ပိုမိုကျယ်ပြန့်စွာပေးအပ်နိုင်ရေး၊
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ လုပ်ငန်းစဉ်များတွင် အပြည့်အဝပါဝင်နိုင်ရေးအတွက်
ဆက်လက်ထိတွေ့ဆက်ဆံသွားရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးချက်များနှင့်
ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈
ခုနှစ်) ပါ နိုင်ငံခြားရေးမူဝါဒနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး
(၅) ရပ်တို့နှင့်အညီ အိမ်နီးနားချင်းနိုင်ငံများ၊ ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများ၊
အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့်
ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေများနှင့်အညီ
မြန်မာနိုင်ငံကဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် မြန်မာပြည်သူလူထု၏
အကျိုးစီးပွားနှင့် အခြေခံအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်လျက် ငြိမ်းချမ်းရေး၊
တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ပြန်လည်ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည်
အစည်းအဝေးကာလအတွင်း ဇူလိုင် ၁၁ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံ
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့၊ ဇူလိုင်
၁၂ ရက်တွင် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရက်ဆာပရဲညိုလာဇာရို၊
ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး-၂ ဒါတို ဆရီ ဆတီယာ ဟာဂျီ အယ်ရီဝမ်ဘင် ပီဟင်ဒါတူပီကာမာဂျာယာ
ဟာဂျီမိုဟာမက်ယူဆွတ်၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန်ဘာလာခရစ်ရှ်နန်နှင့်
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လေဟွိုင်ချုံးတို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးနှင့်
ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များနှင့် အာဆီယံတွင် မြန်မာနိုင်ငံ၏
အခန်းကဏ္ဍနှင့် မူလအခွင့်အရေးများ ပြန်လည်ရရှိရေးအတွက် အပြုသဘောပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို
ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ
အလွတ်သဘောအစည်းအဝေးတက်ရောက်ပြီး ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်
နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့၏ ဖိတ်ကြားချက်အရ ဇူလိုင် ၁၃
ရက်မှ ၁၄ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ဆက်လက်သွားရောက်လျက်ရှိကြောင်း
သတင်းရရှိသည်။
သတင်းစဉ်


No comments:
Post a Comment