ရွှေယွန်း
ဟိုတယ်ခန်းမကျယ်ကြီးအတွင်း စုရုံးရောက်ရှိနေသူများက ဆွေးနွေးပွဲစတင်မည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ ခန်းမအတွင်း မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ ပညာရှင်များ၊ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ပြည်တွင်း/ ပြည်ပ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ စုံလင်စွာ စုရုံးတက်ရောက်ကြသည်။
တက်ရောက်လာကြသူများအနေဖြင့်
ကဏ္ဍအလိုက် ပွင့်ပွင့်လင်းလင်း ပါဝင်ဆွေးနွေးနိုင်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပွဲအစ အဖွင့်အမှာစကားဖြင့် ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက
“ပြည့်ဖြိုးမြဲ စွမ်းအင်နေရောင်ခြည်စွမ်းအင်နဲ့ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို
အကောင်အထည်ဖော်ကြရာမှာ ဝန်ကြီးဌာနအနေဖြင့် အစဉ်အမြဲအားပေး ကူညီသွားမယ်။ လုပ်ငန်းလုပ်ဆောင်ရာမှာ
အခက်အခဲဆိုတာရှိနိုင်ပါတယ်။ အခက်အခဲတွေကို ဖြေရှင်းရာမှာ နိုင်ငံတော်က လျှပ်စစ်နှင့်
စွမ်းအင်ကဏ္ဍဆိုင်ရာမူဝါဒ၊ လုပ်ထုံးလုပ်နည်းတွေကို ချမှတ်ပြီးသားဖြစ်တဲ့အတွက် တိကျတဲ့
လုပ်ထုံးလုပ်နည်းအောက်ကနေ လုပ်နည်းလုပ်ဟန်အမျိုးမျိုး နဲ့ အောင်မြင်စေရန် ကြိုးပမ်းအကောင်အထည်ဖော်သွားကြရမှာဖြစ်ပါတယ်။
လုပ်နည်းလုပ်ဟန် ဆိုသည်မှာ နိုင်ငံတော်နဲ့ ပြည်သူအပေါ် စေတနာထားမှု၊ လုပ်ငန်းအပေါ်
စိတ်ဝင်စားမှု၊ လုံ့လဝီရိယ စိုက်ထုတ်မှု၊ အတတ်ပညာပြည့်စုံမှုတို့ကို အခြေခံပြီး ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်”
ဟုလည်း အဖွင့် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဆွေးနွေးပွဲ၏
ဆွေးနွေးမှုများ စတင်သည်နှင့် တက်ရောက်လာကြသူများက ရေရှည်တည်တံ့ သော ဖွံ့ဖြိုးတိုးတက်မှုကို
သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို အထောက်အကူဖြစ်စေသော စွမ်းအင် သို့မဟုတ် ကုန်သွားခြင်းမရှိသော
ပြည့်ဖြိုးမြဲစွမ်းအင် နေရောင်ခြည်စွမ်းအင်ဖြင့် ဖော်ဆောင်နိုင်ရေးအတွက် တက်ကြွစွာ ဘက်စုံထောင့်စုံမှ ပါဝင်ဆွေးနွေးကြသည်။
ခေါင်းစဉ်အလိုက် ဆွေးနွေးခြင်း၊ အပြန်အလှန်မေးမြန်းဆွေးနွေးခြင်းတို့ဖြင့် ဆွေးနွေးပွဲ
ရည်ရွယ်ချက်ဆီ ချဉ်းကပ်ဆွေးနွေးနိုင်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲကို
“သန့်ရှင်းသော စွမ်းအင်မှသည် အစိမ်းရောင်ကမ္ဘာဆီသို့” ခေါင်းစဉ်ဖြင့် ဇူလိုင် ၁၅ ရက်က
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရှိ Horizon Lake View Resort ၌ ကျင်းပခဲ့ခြင်း ဖြစ်ပြီး
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာတိုးမြှင့်
ပါဝင်လာစေရန် အဓိကရည်ရွယ်သည်။ ထိုသို့ရည်ရွယ်ဆောင်ရွက်ရသည့် အကြောင်းရင်းမှာ စွမ်းအင်လုံခြုံရေးသည်
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝမြင့်မားရေး နှင့်
များစွာသက်ဆိုင်နေသည့်အတွက်ဖြစ်သည်။
စွမ်းအင်လုံခြုံရေး အကောင်အထည်ဖော်ရာတွင် စွမ်းအင်အရင်းအမြစ်များစွာရှိသော်လည်း ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကြောင့် ကျောက်မီးသွေးနှင့် ရေနံ ကဲ့သို့သော ရုပ်ကြွင်းလောင်စာများကို အကန့်အသတ်ဖြင့် ထုတ်ယူသုံးစွဲကြမည့် အချိန်အခါ၊ ကမ္ဘာ့စွမ်းအင်ဈေးနှုန်း မတည်ငြိမ်မှုများကလည်း ရေရှည်စွမ်းအင်လုံခြုံရေးအတွက် စဉ်းစားရမည့် အချိန်အခါဖြစ်နေသည်။ ပြန်လည်ပြည့်ဖြိုးမြဲ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓာတ်အားစနစ် ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် အရင်းအမြစ်များစွာ တည်ရှိပြီးသားဖြစ်သည်။
ထို့ကြောင့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လုပ်ငန်းရှင်များ စုဆုံပါဝင်သည့် နေရောင်ခြည် စွမ်းအင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှတစ်ဆင့် “ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်” မျက်နှာစာသစ်ဖြင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကို အားစိုက်ဖော်ဆောင်နိုင်ရန် ခြေလှမ်းစတင်ခြင်း ဖြစ်သည်။
ပါဝင်တက်ရောက်ကြသူများက
ဆွေးနွေးပွဲအစမှ အဆုံးအထိ ကဏ္ဍအလိုက် မျှဝေဆွေးနွေးမှုများကို စိတ်ပါဝင်စားစွာနားထောင်ပြီး
အပြန်အလှန်ဆွေးနွေးမှုများဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုတွင်
ဆိုလာဓာတ်အားစနစ် သိသာစွာ တိုးမြှင့်ပါဝင်လာရေးဆီ ချဉ်းကပ်ဆွေးနွေးကြ သည်။ အားသာချက်များကို
ဆွေးနွေးခဲ့ကြသလို အားနည်းချက်များကို ဖြေရှင်းနိုင်မည့် အခြေအနေ ကိုလည်း ဖော်ထုတ်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးမှုများမှတစ်ဆင့်
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍအခြေအနေကို သိရှိခဲ့ရသည်။ စွမ်းအင်အရင်းအမြစ်ပါဝင်မှုအချိုးအစား
(Generation Mix) အနေဖြင့် ရေအား လျှပ်စစ် ၄၇ ဒသမ ၁ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၃၇
ဒသမ ၆ ရာခိုင်နှုန်း၊ LNG ၈ ဒသမ ၅ ရာခိုင်နှုန်း၊ ကျောက်မီးသွေး ၂ ရာခိုင်နှုန်းနှင့်
နေရောင်ခြည် စွမ်းအင် ၄ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဆွေးနွေးပွဲတွင်
စွမ်းအင်အရင်းအမြစ် ပါဝင်မှုအချိုးအစား (Generation Mix) တွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များအပါအဝင်
သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် စွမ်းအင် အမျိုးအစားသစ်များကို တိုးမြှင့်အသုံးပြုသွားရန်၊
ပြည်တွင်းရှိ လျှပ်စစ်နှင့် စွမ်းအင်အရင်းအမြစ်များ အပေါ် အခြေခံပြီး နိုင်ငံတော်အတွက်
သင့်လျော်သည့် စွမ်းအင်အမျိုးအစားအလိုက် သုံးစွဲမှုအချိုး (Energy Mix) နှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင်
စွမ်းအင်အရင်းအမြစ်ပါဝင်မှု အချိုးအစား (Generation Mix) များကို သတ်မှတ်ဆောင်ရွက်နိုင်ရန်အတွက်
ဝန်ကြီးဌာနအနေဖြင့် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
တာဝန်ရှိသူများက ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးပေးကြသည်။
ဆွေးနွေးပွဲ၏
ဆွေးနွေးမှုများမှတစ်ဆင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစွမ်းအင်စနစ်သည် အခြားသော ဓာတ်အားပေးစနစ်များနှင့်
နှိုင်းယှဉ်ပါက စီမံကိန်းကာလတိုတောင်းခြင်း၊ နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ စနစ်တကျ
ချိတ်ဆက်ထည့်သွင်းနိုင်ရုံသာမက ဝေးလံခေါင်သီ သောဒေသများတွင်ပါ တစ်ဦးချင်း (သို့မဟုတ်)
အစုအဖွဲ့အလိုက် ကဏ္ဍစုံအသုံးပြုနိုင်ခြင်းနှင့် ကာဗွန်ထုတ်လွှတ်မှုကင်းစင်၍ သန့်ရှင်းသော
စွမ်းအင် (Clean & Green Energy) ဖြစ်ပြီး ပတ်ဝန်း ကျင်ညစ်ညမ်းမှုကင်းစင်ခြင်း
စသည့်အကျိုးကျေးဇူးများစွာရှိခြင်းကြောင့် မိမိတို့နိုင်ငံအတွက် အထူးသင့်တော်သည့် စနစ်တစ်ခုဖြစ်နေသည်ကို
သိရှိခဲ့ရသည်။
နိုင်ငံတော်၏
မဟာဓာတ်အားလိုင်းများအတွင်းသို့ သင့်တင့်သည့် အချိုးအစားဖြင့် ဆိုလာစနစ် အား ထည့်သွင်းနိုင်ရေးနှင့်
တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ မိမိတို့အစီအစဉ်ဖြင့် Solar Home System စနစ်အား
တပ်ဆင်အသုံးပြုနိုင်ရေးကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက နည်းလမ်းနှစ်ခုဖြင့် အားပေးဆောင်ရွက်လျက်ရှိသည်ကို
ဆွေးနွေးမှုများမှ သိရသည်။
ထို့ပြင် ဆွေးနွေးပွဲတွင်
အသစ်အသစ်ပေါ်ထွန်းလာသော ဆိုလာပြားမျိုးဆက်များ၊ နည်းပညာ မြင့်မားလာသော ဘက်ထရီစနစ်များ၊
စက်ရုံ၊ အလုပ်ရုံသုံး ဆိုလာစနစ်များ၊ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံများက သမားရိုးကျထုတ်လုပ်မှုအပေါ်
ဖြစ်ပေါ်နိုင်သော သက်ရောက်မှုနှင့် ဖြေရှင်းရန် နည်းလမ်းများ၊ ဓာတ်အားစနစ်ကို တည်ငြိမ်စွာ
ထိန်းသိမ်းမောင်းနှင်နိုင်ရေး လိုအပ်ချက်များနှင့် ဖြေရှင်းဆောင်ရွက်ရန်အချက်များကို
အသေးစိတ်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ဆွေးနွေးသည့် Static Var
Generator (SVG) နည်းပညာလေ့လာအကြံပြု ချက်များက ဆိုလာစွမ်းအင်စနစ်ကို အဆင့်မြင့်စွာ
အသုံးပြုနိုင်ရန် အရေးပါသည့် နည်းပညာဖြစ်သည်။ Static Var Generator (SVG) နည်းပညာသည်
လျှပ်စစ်ဓာတ်အားစနစ်များတွင် Power Factor (PF) ကို မြှင့်တင်ရန်နှင့် ပါဝါအရည်အသွေး
(Power Quality) ကို ကောင်းမွန်စေရန် အသုံးပြုသည့် အဆင့်မြင့် ပါဝါအီလက်ထရွန်နစ်နည်းပညာ
ဖြစ်သည်။
ထို့ပြင် ပြည်သူများ၏
နေအိမ်တစ်အိမ်ချင်းစီတွင် အသုံးပြုသည့် Solar Home System အကြောင်းကိုလည်း ဆွေးနွေးပွဲတွင်
ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ Solar Home System များကို
ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးနိုင်သည့် အချက် များ၊ ဒီဇိုင်းပြုလုပ်ပုံများ၊
တပ်ဆင်အသုံးပြုနေမှုအခြေအနေ၊ နေအိမ်များတွင် တပ်ဆင်သည့် Solar PV Roof Top System ဒီဇိုင်းများ၊
လက်တွေ့လုပ်ငန်းအတွေ့အကြုံများလည်း ပါဝင်သည်။
ထို့အတူ ဘက်ထရီသိုလှောင်မှုစနစ်မပါဘဲ
မဟာဓာတ်အားလိုင်းဖြင့် ချိတ်ဆက်သည့် Grid- Tied System၊ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ခြင်းမပြုဘဲ
ဆိုလာနှင့်ဘက်ထရီ ပေါင်းစပ်ထားသည့် မဟာဓာတ်အားလိုင်းပြင်ပရှိ Off- Grid System နှင့်
အဆိုပါနှစ်ခု (သို့မဟုတ်) အခြားဓာတ်အား ထုတ်လုပ်မှုကိုပါ ပေါင်းစပ်ထားသည့် Hybrid
System များအဖြစ် ကျယ်ပြန့်စွာ အသုံးပြုနည်း တို့ကို စေ့စေ့စုံစုံ ဝိုင်းဝန်းဆွေးနွေးပေးခဲ့ကြသည်။
ဆိုလာပြားများသည်
ဆီလီကွန်ဆဲလ်များဖြင့် ဖွဲ့စည်းထားပြီး နေရောင်ခြည်ကို လျှပ်စစ်အဖြစ် ပြောင်းလဲပေးနိုင်သော
မြင့်မားသည့် စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားသည်။ သက်တမ်းအားဖြင့် အနှစ် ၂၀ မှ ၂၅ နှစ်အထိ
ခိုင်ခံ့သည်။ သို့သော် ဆိုလာပြားများ သက်တမ်းကုန်လွန်သွားသည့်အခါ အလွှာလိုက် ကော်ဖြင့်
ကပ်ထားသဖြင့် ခွဲထုတ်ရန် ခက်ခဲပြီး Lead နှင့် Cadmium ကဲ့သို့ အဆိပ် ရှိသော သတ္တုအနည်းငယ်ပါဝင်သဖြင့်
သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် စနစ်တကျ စွန့်ပစ် ရန် လိုအပ်သည်။ ထို့ကြောင့် စနစ်တကျစွန့်ပစ်ခြင်း၊
ပြန်လည်အသုံးပြုခြင်း (Recycling Process) တို့နှင့် စပ်လျဉ်းသည့် အသေးစိတ်ဆွေးနွေးမှုများ၊
ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE) နှင့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း (EIA)
ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကိုလည်း ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။
တစ်နေ့တာ ဆွေးနွေးပွဲဖြစ်သော်လည်း
တက်တက်ကြွကြွဖြင့် ဆွေးနွေးပွဲအစမှ အဆုံးတိုင် တက်ရောက်လာကြသူများက ဟိုတယ်ခန်းမကြီးအပြည့်
ပါဝင်တက်ရောက်ပြီး ဘက်စုံကဏ္ဍစုံမှ အမြင်သဘောထားများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးမှုများကို ခြုံငုံကြည့် သည့်အခါ အားလုံးက လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင်
ဆိုလာဓာတ်အားစနစ် သိသာစွာ တိုးမြှင့် ပါဝင်လာစေရေးကို ဦးတည်ခဲ့ကြသည်။
ဆွေးနွေးပွဲမှရရှိခဲ့သည့်
ဆွေးနွေးချက်များ၊ အကြံပြုချက်များက နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲ
စွမ်းအင်များဖြင့် နိုင်ငံ၏စွမ်းအင်လုံခြုံရေးကို ဖြည့်ဆည်း ပေးနိုင်မည့် ခြေလှမ်းအစဖြစ်သည်။
ဆွေးနွေးချက်များ၊ အကြံပြုချက်များကို လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် အားလုံးပါဝင်ဆောင်ရွက်ကြခြင်းဖြင့်
ရှေ့သို့လှမ်းချီကြရမည် ဖြစ်ပါကြောင်း တင်ပြရေးသားလိုက်ရပါသည်။ ။
No comments:
Post a Comment