နေပြည်တော် ဇူလိုင် ၅
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက်သို့ သွားရောက်ကြည်ရှုလေ့လာကြသည်။
ဦးစွာနိုင်ငံတော်သမ္မတနှင့်ဇနီးဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဗီယင်ကျန်းမြို့၊ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် လွန်ပရာဘန်မြို့သို့ ထွက်ခွာကြရာ လာအိုပြည်သူ့ဒီမိုရက်တစ်သမ္မတနိုင်ငံ၊ သမ္မတရုံးဝန်ကြီး မစ္စစ် ဖွန်းစမွတ် အန်လာဝန် ဦးဆောင်သည့် လာအိုအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာဖြင့် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပို့ဆောင်နှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြရာ လွန်ပရာဘန်ပြည်နယ် ပါတီအတွင်းရေးမှူး H.E. Mr. Bounleuam MANIVONG နှင့် ဇနီးနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထိုသို့ကြိုဆိုနှုတ်ဆက်စဉ် ကော်ဇောနီ၏ ဘေးတစ်ဖက်တစ်ချက်တွင် လာအိုကင်းထောက်လူငယ် မောင်မယ်လေးများကနှစ်နိုင်ငံအလံများဝှေ့ယမ်းပြီး လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် တော်ဝင်နန်းတော်ပြတိုက်သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး နိုင်ငံတော်သမ္မတနှင့်ဇနီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တော်ဝင်နန်းတော်ပြတိုက်အတွင်းရှိ လာအိုရှေးဟောင်း “ဖဘန်” ဘုရားကို ဖူးမြော်ကြည်ညို၍ ဆီမီးနှင့်ပန်းများကပ်လှူပူဇော်ကာ ရွှေကြာသင်္ကန်းနှင့် အများပြည်သူဖူးမြော်နိုင်ရန်အတွက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်တစ်ဆူနှင့် မာရဝိဇယဘုရားကြီး တည်ဆောက်ခဲ့မှု သမိုင်းမှတ်တမ်းစာအုပ်အားလှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ဆက်လက်၍ ဘုရားကျောင်းဆောင်အတွင်း လှည့်လည်ကြည့်ရှုဖူးမြော်ကြရာ တာဝန်ရှိသူများကရှင်းလင်း တင်ပြကြသည်။
အဆိုပါ “ဖဘန်” ဘုရားသည် နန်းတော်ပြတိုက်၏ဝင်ပေါက်ညာဘက်တွင်ရှိပြီး ၁ ရာစုက သီရိလင်္ကာနိုင်ငံတွင် သွန်းလောင်းခဲ့ပြီး ၁၃၅၉ ခုနှစ်တွင် ခမာဘုရင်က ၎င်း၏သားမတ် လာအိုဘုရင် Fa Ngum အား လက်ဆောင်အဖြစ်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဘုရားကျောင်းတော်ကို ၁၉၆၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ပြည်တွင်းစစ်ကြောင့် ၁၉၉၀ ပြည့်နှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများပြန်လည်စတင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် တရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးဦးဆောင်သည့် မြန်မာအဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် တော်ဝင်နန်းတော်ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရှေးလာအိုဘုရင်များအသုံးပြုခဲ့သော အသုံးအဆောင်ပစ္စည်းများကို လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် တော်ဝင်နန်းတော်ပြတိုက် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ တော်ဝင်နန်းတော်ပြတိုက်ရှေ့၌ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ တော်ဝင်နန်းတော်ပြတိုက်သည် မဲခေါင်မြစ်ကမ်းပါးပေါ်တွင်တည်ရှိပြီး နိုင်ငံ၏အမြင့်မြတ်ဆုံးနေရာအဖြစ်ထိန်းသိမ်းထားရှိကြောင်း၊ ယခင်ကကျွန်းသစ်များဖြင့်သာ ဆောက်လုပ်ထားခဲ့ခြင်းဖြစ်ပြီး ပြန်လည်ပြုပြင်သည့်အခါတွင် ပြင်သစ် Beaux လက်ရာများနှင့် လာအိုဗိသုကာ ပုံစံတို့ကိုရောနှော၍ အုတ်ကိုအစားထိုးကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၇၅ ခုနှစ်တွင် လာအိုတို့ အာဏာရရှိလာခဲ့ချိန်တွင် ဘုရင်စနစ်အား ဖျက်သိမ်းခဲ့ပြီး တော်ဝင်မိသားစုတို့သည် အဆိုပါနန်းတော်မှထွက်ခွာခဲ့ရကာ ယခုကဲ့သို့အမျိုးသားပြတိုက်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၉၅ ခုနှစ်တွင် ယူနက်စကို (UNESCO) အဖွဲ့ကြီးက လွန်ပရာဘန်မြို့တစ်ခုလုံးကို ကမ္ဘာ့အမွေအနှစ်မြို့အဖြစ် တရားဝင်သတ်မှတ်ခဲ့ရာတွင် ယခုဘုရင့်နန်းတော်ပြတိုက်သည် မြို့၏သမိုင်းဝင်အမွေအနှစ်ဗဟိုချက် (Core Zone) အဖြစ် အဓိကဂုဏ်ပြုသတ်မှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ပြင်သစ်ကိုလိုနီခေတ် ဗိသုကာလက်ရာနှင့် လာအိုရိုးရာအနုပညာတို့ ထူးခြားပြောင်မြောက်စွာ ပေါင်းစပ်တည်ဆောက်ထားမှုကြောင့် အဆိုပါဂုဏ်ထူးဆောင်ဆုကိုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဝပ်စီယမ်သုန်ဘုရားသို့ သွားရောက်ဖူးမြော် ကြည်ညိုကြရာ ဦးစွာတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ဝမ်စီယမ်သုန်ဘုရားကျောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဆီမီး၊ ပန်းနှင့် ရွှေကြာသင်္ကန်းကပ်လှူပူဇော်၍ ဝမ်စီယမ်သုန်ဘုရားကျောင်းအတွင်း အများပြည်သူဖူးမြော်နိုင်ရန်အတွက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်တစ်ဆူနှင့် မာရဝိဇယဘုရားကြီးတည်ဆောက်ခဲ့မှု သမိုင်းမှတ်တမ်း စာအုပ်အား လှူဒါန်းသည်။
ထို့နောက် ဘုရားကျောင်းအတွင်းရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်များအား လိုက်လံဖူးမြော်ကြည်ညိုကြပြီး နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ ဝမ်ဆီယမ်သုန်ဘုရားကို ၁၅ ရာစုနှစ်အတွင်း ဘုရင် Saya Setthathirath လက်ထက်တွင် တည်ဆောက်ခဲ့ပြီး ၁၅၆၀ ပြည့်နှစ်တွင် တည်ဆောက်မှုပြီးစီးခဲ့ကြောင်း၊ အဆိုပါဘုရားကျောင်းသည် လာအိုနိုင်ငံ၏ရိုးရာလက်ရာများနှင့် ဗိသုကာလက်ရာများအနက် စိတ်ဝင်စားစရာကောင်းသည့် ဘုရားကျောင်းတစ်ခုလည်းဖြစ်ပြီး မှန်စီရွှေချ ဘဝသစ်ပင်ပန်းချီကားနှင့် သိမ်တော်အဆောက်အအုံ၏ ခေါင်မိုးဗိသုကာလက်ရာများမှာထင်ရှားကြောင်း၊ လွန်ပရာဘန်ပြည်နယ်သို့ ရောက်ရှိခဲ့ပါက ဝမ်စီယမ်သုန်ဘုရားကျောင်းသို့သွားရောက်ဖူးမြော်ပါက ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာအောင်မြင်မှုများရရှိသည်ဟု ယုံကြည်သက်ဝင်ကြကြောင်း၊ ရွှေဖြင့်အနုစိတ် စီကာထားသည့် မျက်နှာစာ၊ မှန်စီရွှေချရွှေရောင်စုံ ပန်းချီကားများကြောင့် အာရှတိုက်တွင် အလှပဆုံး ဘုရားကျောင်းတစ်ကျောင်းအဖြစ် ကမ္ဘာလှည့်ခရီးသွားအများအပြား လာရောက်လည်ပတ်လေ့ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်









No comments:
Post a Comment