နေပြည်တော် ဇူလိုင် ၅
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လွန်ပရာဘန်မြို့၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ယနေ့နံနက်ပိုင်းတွင် လွန်ပရာဘန်ပြည်နယ် ပါတီအတွင်းရေးမှူး မစ္စတာ ဘွန်လူအမ် မနိဝုန်က ခေတ္တတည်းခိုရာဟိုတယ်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်အတူ ဇနီးဒေါ်ကြူကြူလှနှင့်အဖွဲ့ဝင်များတက်ရောက်ကြပြီး လွန်ပရာဘန်ပြည်နယ်အတွင်းရေးမှူးနှင့်ဇနီးနှင့် လွန်ပရာဘန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို လွန်ပရာဘန်ပြည်နယ်ပြည်သူများက ဝမ်းမြောက်လှိုက်လှဲစွာဖြင့် ကြိုဆိုမှုအခြေအနေများ၊ နိုင်ငံတော်သမ္မတနှင့်ဇနီးဦးဆောင်သည့် ချစ်ကြည်ရေးခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုများ ယခုထက်ပိုမိုအဆင့်မြှင့် တင်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ လာအိုနိုင်ငံ လွန်ပရာဘန်မြို့နှင့် မြန်မာနိုင်ငံ ပုဂံမြို့တို့သည် ညီအစ်မမြို့ (Sister City) များဖြစ်ကြပြီး လွန်ပရာဘန်မြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့၊ မန္တလေးမြို၊ ပုဂံနှင့် ကျိုင်းတုံမြို့တို့အကြား ခရီးသွားကဏ္ဍနှင့် ကူးလူးဆက်ဆံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဆိုပါက နှစ်နိုင်ငံခရီးသွားကဏ္ဍအတွက် များစွာအကျိုးဖြစ်စေမည့်အခြေအနေများနှင့် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် လာအိုရိုးရာဆုတောင်းပွဲအခမ်းအနား (ဘာစီပွဲတော်) သို့တက်ရောက်ပြီး နိုင်ငံတော်သမ္မတနှင့် လွန်ပရာဘန် ပြည်နယ်ပါတီအတွင်းရေးမှူးတို့က မင်္ဂလာဆီမီးများထွန်းညှိပူဇော်၍ လာအိုရိုးရာအစဉ်အလာဖြင့် ဆုမွန်ကောင်းများတောင်းကြကာ လွန်ပရာဘန်ပြည်နယ် ပါတီအတွင်းရေးမှူးနှင့်ဇနီးနှင့် လွန်ပရာဘန်ပြည်နယ်အစိုးရအဖွဲ့ဝင်များက နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၏ လက်များ၌ ဘာစီရိုးရာမင်္ဂလာကြိုးဖြူ (Sai Sin) ဖြင့် ချည်နှောင်၍ ဆုတောင်းပေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မနှင့်ဇနီးတို့သည် လွန်ပရာဘန်ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် ဇနီးတို့ကတည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက်ကြသည်။ ဂုဏ်ပြုနေ့လယ်စာမသုံးဆောင်မီ လွန်ပရာဘန်ပြည်နယ် ပါတီအတွင်းရေးမှူးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး နိုင်ငံတော်သမ္မတက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် လွန်ပရာဘန်ပြည်နယ်ပါတီ အတွင်းရေးမှူးနှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။
ဂုဏ်ပြုနေ့လယ်စာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း လွန်ပရာဘန်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့က လာအိုရိုးရာတေးသီးချင်းများနှင့် သီဆို၊ တီးမှုတ်၊ ကပြ ဖျော်ဖြေတင်ဆက်ကြသည်။
ဂုဏ်ပြုနေ့လယ်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် လွန်ပရာဘန် ပြည်နယ်ပါတီအတွင်းရေးမှူးနှင့်ဇနီးနှင့်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



No comments:
Post a Comment