Friday, July 17, 2026

ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဓာတ်အား ယာယီပြတ်တောက်မည်

 

နေပြည်တော် ဇူလိုင် ၁၆

ပြည်ထောင်စုနယ်မြေ နေပြည်တော် လေဆိပ်ဓာတ်အားခွဲရုံသို့ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၃၃ ကေဗွီ ပျဉ်းမနား-နေပြည်တော် လေဆိပ်ဓာတ်အားလိုင်း အပြစ်ဖြစ်ပွားခဲ့ခြင်းကို ပြုပြင်တည်ဆောက်ပြီးဖြစ်သဖြင့် လေဆိပ်ဓာတ်အားခွဲရုံသို့ ဓာတ်အားလိုင်း ပြန်လည်ချိတ်ဆက်ခြင်း လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ရာ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လုပ်ငန်းခွင်နှင့် လွတ်ကင်းမှုမရှိသည့် ၃၃ ကေဗွီ အေလာ - သာဝတ္ထိ ဓာတ်အားလိုင်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်သဖြင့် သာဝတ္ထိမြို့ပေါ် ရပ်ကွက်များ၊ ကျေးရွာများနှင့် ​ရုံးဌာနများတွင် ဓာတ်အားယာယီ ပြတ်တောက်နေမည်ဖြစ်ပြီး ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီးဖြစ်သည်။

ထို့အတူ မကွေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲဓာတ်အားပေးစက်ရုံစီမံကိန်းများ၏ ဓာတ်အားထုတ်လုပ်မှုများကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ရက်သို့ ပိုမိုသယ်ဆောင်နိုင်ရန်၊ ဓာတ်အားစနစ်တည်ငြိမ်စေရန်နှင့် ဗို့အားတိုးတက်ကောင်းမွန်စေရန်အတွက် ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်း၏ လက်ရှိ ACSR ဓာတ်အားလိုင်းကြိုးကို ဝန်အားနှစ်ဆကျော်အထိ တိုးမြှင့်သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံဓာတ်အားလိုင်းကြိုးဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများကို တိုင်အမှတ် (၁၁၄) နှင့် (၁၁၅) ကြားနှင့် တိုင်အမှတ် (၁၁၈)နှင့် (၁၁၉) ကြားတို့တွင် ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါလုပ်ငန်းဆောင်ရွက်မည့် ဓာတ်အားလိုင်းအပိုင်းအောက်ရှိ ၆၆ ကေဗွီ တောင်တွင်းကြီး-သစ်ရာကောက် ဓာတ်အားလိုင်းကို ဇူလိုင် ၁၇ ရက် မှ ၁၉ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဓာတ်အားပိတ်ထားမည်ဖြစ်သည်။

ထိုသို့ လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း မြင်ကွန်းမြို့၊ မိကျောင်းရဲမြို့နှင့် သစ်ရာကောက်မြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်

No comments:

Post a Comment