နေပြည်တော် ဇူလိုင် ၁၃
တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
၁၆ ရက် မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ
စုစုပေါင်း ၂၀၉ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၄ ဦး တက်ရောက်သဖြင့်
ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ
အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက်
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) ဦးကျော်ကျော်လတ်၏ ရန်ကုန်တိုင်းဒေသကြီး
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ သိမ်းဆည်းခံလယ်ယာမြေနှင့် ပတ်သက်ပြီး ပေးလျော်ရန်
ကျန်ရှိနေသေးသော လယ်သမား ၂၀၀ ခန့်အတွက် လျော်ကြေးနစ်နာ ကြေးရရှိနိုင်မှုအခြေအနေအား
မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍
ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက တင်ပြမေးမြန်းထားသည့်
လယ်ယာမြေလျော်ကြေးပေးရန် ကျန်ရှိသည့် တောင်သူလယ် သမား ၂၀၄ ဦးနှင့် စပ်လျဉ်း၍
လျော်ကြေးပေးအပ် ရန်ကျန်သည့် အမှုတွဲ ၃၂ တွဲ စာရင်း၌ တောင်သူ ၁၁ ဦး၏ ဧရိယာ ၁၃၉ ဒသမ
၇၇ ဧကသာပါဝင်ပါကြောင်း၊ ကျန်ရှိသည့် တောင်သူ ၁၉၃ ဦးနှင့်စပ်လျဉ်း၍ မြို့နယ်၊
ခရိုင်၊ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်တို့မှ
စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ဒဂုံမြို့သစ်အိမ်ရာစီမံကိန်းမြေအဖြစ်
သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ သိမ်းဆည်းခံမြေတစ်ဧက လျှင် ကျပ်သိန်း ၁၀၀ နှုန်း
သတ်မှတ်၍ လျော်ကြေးပေးအပ်ခဲ့ကာ ကျန်ရှိသည့်တောင်သူများကိုလည်း ၎င်းတို့၏
တင်ပြမှုများအပေါ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ
ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒ ၅၂ ချက်နှင့်အညီ
ကိုက်ညီမှုရှိသော တောင်သူများအား လျော်ကြေးပေးအပ်နိုင်ရေးအတွက် အထောက်အထားများ
စိစစ်ဆောင်ရွက်လျက်ရှိပြီး အထောက်အထားမတင်ပြနိုင်သူများ၊ မူလပိုင်ရှင်မဟုတ်သူများ၊
ဥပဒေကြောင်းအရ ပိုင်ဆိုင်ခွင့်မရှိသူများ၊ မူဝါဒနှင့် ကိုက်ညီမှုမရှိသည့် အမှုတွဲများအား
အမှုပိတ်သိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ပါ၍
တင်ပြမေးမြန်းထားသည့် လယ်ယာမြေလျော်ကြေးပေးရန် ကျန်ရှိသည့် တောင်သူ ၂၀၄ ဦး
နှင့်စပ်လျဉ်းပြီး တောင်သူ ၁၁ ဦးအား လျော်ကြေးပေးအပ်နိုင်ရေးအတွက်
စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကျန် ၁၉၃ ဦးနှင့် စပ်လျဉ်း၍ မူဝါဒ ၅၂
ချက်နှင့်အညီ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်မှ
စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ကယားပြည်နယ်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁) ဦးဇော်မင်းထူး၏ ကယားပြည်နယ်
လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြေများအား မြေငှားဂရန်ရရှိ
ရေးဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိနှင့် စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား
(MSME) စီးပွားရေးလုပ်ငန်းရှင်များ
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးယူနိုင်ရန်အတွက် လိုအပ်လျက်ရှိသော
မြေငှားဂရန်ရရှိရေး အခက်အခဲများအား ပြည်နယ်အစိုးရအဖွဲ့နှင့်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ချမှတ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ရှိပါက
မည်သည့်အချိန်တွင် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း
မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက ပြည်သူများ၏
အခက်အခဲဖြစ်ပေါ်မှုအပေါ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ ကယားပြည်နယ်အစိုးရအဖွဲ့
ခွင့်ပြုရန်ပုံငွေများဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်
မြို့မြေပြန်လည်တိုင်းတာခြင်းကို စီမံချက်ချမှတ် ဆောင်ရွက်ပေးခဲ့ရာ
လွိုင်ကော်မြို့ပေါ် (၂၃) ရပ်ကွက်အနက် (၁၁) ရပ်ကွက်တွင် အကွက်ပေါင်း ၃၃ ကွက်ကို ကွက်ကြုံ၊
ကွက်စိပ်တိုင်းတာခြင်း၊ မြေပုံရေးဆွဲခြင်း၊ ပိုင်ဆိုင်မှုဦးပိုင် မှတ်ပုံတင်စာရင်း
ကောက်ယူပြုစုခြင်းတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနတို့မှ
အရာထမ်း၊ အမှုထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
၂၀၂၅
- ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းတာပြီးခဲ့သော မင်္ဂလာ၊ မေတ္တာ၊ ဈေးပိုင်း၊
ရွှေတောင်၊ လောဓမ္မ၊ ဒေါတမ၊ ဒေါနိုးကူး၊ ရှမ်းစု၊ မင်းစု၊ နမ့်ဘော်ဝမ် (က) နှင့်
နမ့်ဘော်ဝမ် (ခ) ရပ်ကွက်များအတွက် ၂၀၂၆ ခုနှစ် ဇွန်လမှစ၍ လွိုင်ကော်မြို့နယ်
မြေစာရင်းဦးစီးဌာနသည် မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ ရေးကူးခြင်းကို စတင်ဆောင်ရွက်ပေးနေပြီဖြစ်၍
လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြေငှားဂရန် အမှုတွဲများအား စတင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့်
ဆက်လက်၍လည်း မြို့မြေတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက
မြေစာရင်းဦးစီးဌာနမှ မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ ရေးကူးပေးနိုင်သော ရပ်ကွက်များအတွက်
လူနေထိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများအတွက် မြေငှားဂရန် ထုတ်ပေးခြင်း
လုပ်ငန်းများကိုလည်း စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍
လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြေများအား
မြေငှားဂရန်ရရှိရေး စတင်ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ဆဲကာလအတွင်း စက်မှုဇုန်နှင့်
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) လုပ်ငန်းများ
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးယူနိုင်ရေးအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်
(ပုံစံ-၇) များရှိပါက ချေးငွေထုတ်ချေးပေးနိုင်ရေး
ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် မြေစာရင်းဦးစီးဌာနမှ
မြို့မြေတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့် နေရာများတွင် လူနေထိုင်ရန်နှင့်
စီးပွားရေးလုပ်ငန်းများအတွက် မြေငှားဂရန်များ
ထုတ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁) ဦးရန်နိုင်ဝင်း၏ ဧရာဝတီတိုင်းဒေသကြီး
ကျုံပျော်ခရိုင်အတွင်း မြို့ပြဧရိယာနှင့် လူဦးရေမမျှတမှုများအား
ဖြေရှင်းနိုင်ရေးအတွက် မြို့ကွက်သစ်များအမြန်ဆုံးဖော်ဆောင်ပေးရန်နှင့်
မြို့မြေအဖြစ် သတ်မှတ်ပြီးသားမြေနေရာများတွင် စနစ်ကျသော မြို့ကွက်သစ်များ ပေါ်ပေါက်လာစေရန်
မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်
မင်းသူက မြို့မြေကွက်သစ်များ ဖော်ထုတ်နိုင်ရေးအတွက် ဆောင်ရွက်ရာတွင်
မြေနေရာစိစစ်ရွေးချယ်ခြင်းနှင့် အဆိုပြုလွှာတင်ပြခြင်း၊ မြို့ကွက်သစ်ဖော်ထုတ်ရန်အတွက်
ခွင့်ပြုရန်ပုံငွေ ခွဲဝေရရှိနိုင်ရေးလျာထားခြင်း၊ လယ်ယာမြေများဖြစ်ပါက
အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်ရရှိရေး တင်ပြလျှောက်ထားခြင်း၊
ပတ်ဝန်းကျင်နှင့် လူမှုစီးပွားထိခိုက်နိုင်မှုရှိ/မရှိ လေ့လာဆန်းစစ်ခြင်း၊
လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားရရှိနိုင်မှု အခြေအနေစိစစ်ခြင်း၊
မြို့ကွက်မြေတိုင်းတာခြင်းနှင့် မြို့ကွက်မြေပုံထုတ်ခြင်း၊
မြေယာပိုင်ဆိုင်မှုခိုင်မာစေရန်အတွက် မြေငှားဂရန်များထုတ်ပေးခြင်း စသည့်လုပ်ထုံးလုပ်နည်းအဆင့်ဆင့်တို့ဖြင့်
ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
သို့ပါ၍
ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းနှင့် ငသိုင်းချောင်းမြို့များတွင် မြို့မြေကွက်သစ်များ
ဖော်ထုတ်နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် ယင်းဒေသများသည် ဧရာဝတီတိုင်းဒေသကြီး၏
အဓိကစပါးစိုက်ပျိုးရာ ရေခံမြေခံကောင်းမွန်သည့် ဒေသများဖြစ်ကြသဖြင့်
မြို့ကွက်သစ်ဖော်ထုတ်မည်ဆိုပါက လက်ရှိစိုက်ပျိုးဖြစ်ထွန်းနေသော လယ်ယာမြေများကိုသာ အသုံးပြုရမည်ဖြစ်သောကြောင့်
ဒေသခံတောင်သူလယ်သမားများ၏ လုပ်ကိုင်စားသောက်မှုဘဝကို ထိခိုက်နိုင်မှုရှိ/မရှိကို
စိစစ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မြို့မြေအဖြစ်အသုံးပြုရန် သတ်မှတ်ထားရှိသည့်
ဧရိယာအပေါ် လက်ရှိမြို့မြေအတွင်း လူနေထိုင်မှု အခြေအနေအား ပြန်လည်စိစစ်ခြင်း၊
နောင်တိုးပွားလာမည့် လူဦးရေ အခြေအနေအပေါ် အခြေခံ၍ Town Plan ရေးဆွဲစေခြင်းနှင့် Town
Plan အရ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်
မူလပိုင်ဆိုင်သည့်သူများနှင့် ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ်
အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အမှတ် (၃) ဦးသန်းထွန်း၏ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း
အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့မှုကြောင့် ဒေသခံပြည်သူအများအပြားမှာ
နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပြီး နေထိုင်ရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး၊
ပညာရေးဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသော ပြည်သူများအတွက်
သီးခြားနေရာတစ်ခုတွင် IDP
Camp များကဲ့သို့ အဆောက်အအုံများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍
ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့မှုကြောင့်
ဒေသခံပြည်သူအများအပြားသည် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး
စစ်တွေမြို့နယ်အတွင်း မြို့နယ်အသီးသီးမှ နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်လာသူများနှင့်
စစ်တွေမြို့နယ် အစွန်အဖျားရှိ ကျေးရွာများတွင် လုံခြုံရေးအခြေအနေအရ ယာယီရွှေ့ပြောင်းခဲ့ရမှုကြောင့်
နေရပ်စွန့်ခွာလာသူများအား စစ်တွေမြို့နယ် မြို့ပေါ်ရပ်ကွက်များရှိ
ဆွေမျိုးနေအိမ်များနှင့် ဘုန်းတော်ကြီး ကျောင်းများသို့
ယာယီရွှေ့ပြောင်းခိုလှုံနေထိုင်ခဲ့ကြသည့်အတွက် စစ်တွေမြို့အတွင်း ယာယီနေထိုင်နိုင်ရန်
ယာယီနေရပ်စွန့်ခွာစခန်း (ဘုန်းတော်ကြီးကျောင်းများ) ၅၄ ခုအား ဖွင့်လှစ်ပေးခဲ့ခြင်းဖြင့်
အိမ်ထောင်စု ၂၂၁၀ စု၊ လူဦးရေ ၆၉၄၃ ဦးတို့ ယာယီနေထိုင်လျက်ရှိပါကြောင်း။
အဆိုပါယာယီနေရပ်စွန့်ခွာသူများ၏
စားသောက်မှုအခက်အခဲဖြစ်ပေါ်စေရေးအတွက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှစ၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ
လူတစ်ဦးလျှင် တစ်ရက်ဆန် နှစ်ဘူးနှုန်းဖြင့် ယနေ့အချိန်ထိ ရိက္ခာဆန်များအား လစဉ်ထောက်ပံ့ပေးလျက်ရှိပြီး
ယာယီနေရပ်စွန့်ခွာစခန်း/ရရုံများသို့ အရောက်ပို့ဆောင်ပေးလျက်ရှိပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်
ယာယီနေရပ်စွန့်ခွာစခန်းရရုံ ၅၄ ခု ဒေသပြည်သူများအတွက် ဆန် ၂၄ ပြည်အိတ် ၁၆၀၆
အိတ်ကို ယာယီနေရပ် စွန့်ခွာစခန်းရရုံ ၅၄ ခုသို့လည်း ဖြန့်ဝေပေးခဲ့ပြီးဖြစ်ပါကြောင်း။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုရန်ပုံငွေမှ ရခိုင်ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက်
တစ်ဦးလျှင် တစ်လငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ
ထောက်ပံ့ငွေများကို ပြည်သူတစ်ဦးချင်းစီ၏ လက်ဝယ်သို့ရောက်ရှိအောင် ပေးအပ်ခဲ့ပြီး လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှလည်း နေရပ်စွန့်ခွာသူများအား
ဆန်ရိက္ခာဖိုးထောက်ပံ့ခြင်းနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ၊
မီးဖိုချောင်သုံးပစ္စည်းများ၊ အဝတ်အထည်သုံးပစ္စည်းများ ထောက်ပံ့ခြင်းအတွက် ငွေကျပ်ပစ္စည်းတန်ဖိုးငွေကျပ်
၆၁၉ သိန်းကျော် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်းမာရေးအတွက်
ကွင်းဆင်းဆေးကုသခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ လူဦးရေ ၁၀၉၈ ဦးအား ကုသပေးခဲ့ပြီး ယာယီနေရပ်စွန့်ခွာသူ
ကျောင်းသူ ကျောင်းသားများ ပညာသင်ကြားခွင့်မဆုံးရှုံးစေရေးအတွက်
နီးစပ်ရာအခြေခံပညာသင်ကျောင်းများတွင် တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍
ယာယီနေရပ်စွန့်ခွာပြည်သူများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်ပေးထားသည့်
ယာယီနေရပ်စွန့်ခွာစခန်းရရုံများရှိ အဆောက်အအုံများတွင်
လုံခြုံစွာနေထိုင်လျက်ရှိပြီး စားသောက်ရေးအတွက် လစဉ်ဆန်များထောက်ပံ့ခြင်း၊
ကျန်းမာရေးအတွက် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ပညာရေးအတွက် ထောက်ပံ့ပေးခြင်းတို့ကို
ဆောင်ရွက်ထားရှိပြီးဖြစ်၍ IDP
Camp များကဲ့သို့ အဆောက်အအုံများ ဆောက်လုပ်ပေးရန်မလိုပါကြောင်း
ဖြေကြားသည်။
ယင်းနောက်
မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁၂) ဒေါ်စိုးစိုးမြင့်၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို
တည်ဆောက်ရာတွင် အခွန်များ စနစ်တကျကောက်ခံရရှိရေးနှင့် ပြည်သူများ၊
အစိုးရဌာနများနှင့် ချိတ်ဆက်ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်
အခွန်နှင့်အဂတိကို ထိရောက်စွာ အစီအမံများဖြင့်
အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား
တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မကွေးတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၂) ဒေါ်ခင်ထွေးက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည်
အခွန်ရှောင်မှုများရှိနေခြင်း၊ အခွန်ပေးဆောင်မှုအခြေခံများ မကျယ်ပြန့်သေးခြင်း၊
အခွန်ရုံး၏ ဝန်ဆောင်မှုများ ရိုးရှင်းမှုမရှိခြင်း၊ ဒီဂျစ်တယ်စနစ် မပြည့်စုံခြင်း၊
စီးပွားရေးလုပ်ငန်းအချို့သည် တရားဝင်စီးပွားရေးလုပ်ငန်းစာရင်းထဲသို့
မရောက်ရှိခြင်းတို့ကြောင့် နိုင်ငံတော်အတွက် အခွန်ငွေများ အပြည့်အဝမရရှိသည်ကို
တွေ့ရပါကြောင်း။
အခွန်ငွေတိုးရန် အခွန်နှုန်းကို
တိုးတက်ကောက်ခံရမည်မဟုတ်ဘဲ နည်းပညာအသုံးပြုမှုနှင့်စနစ် ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ အီလက်ထရောနစ်အခွန်စနစ်တိုးချဲ့ခြင်း၊ အရောင်းအဝယ်မှတ်တမ်းများကို
ဒီဂျစ်တယ်စနစ်ဖြင့် စုစည်းခြင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများကို မှတ်ပုံတင်စနစ်ထဲရောက်စေခြင်း၊
ဘဏ်စနစ်နှင့် အခွန်စနစ်ကို ပေါင်းစပ်ချိတ်ဆက်ခြင်းဖြင့် ကြီးမားသော ငွေလွှဲများကို
စောင့်ကြည့်စနစ်ထဲထည့်သွင်းခြင်း၊ အခွန်မမှန်သူများကို ထိရောက်သော
အပြစ်ဒဏ်စနစ်များချမှတ်ခြင်းနှင့် အွန်လိုင်းဝန်ဆောင်မှုများ တိုးချဲ့ခြင်းဖြင့် အခွန်ရုံးလုပ်ငန်းများတွင်
အချိန်ကုန်ကျမှုလျှော့ချခြင်းနှင့် လုပ်ငန်းရှုပ်ထွေးမှုမရှိစေခြင်း၊
အခွန်ပေးခြင်း၏ အကျိုးကျေးဇူးများကို ပညာပေးဟောပြောစည်းရုံးစေပြီး ပြည်သူနှင့်
အစိုးရကြား ယုံကြည်မှုတည်ဆောက်ခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဆိုပါက အခွန်နှုန်းတိုးမြှင့်ကောက်ခံရန်
မလိုဘဲအခွန်ဝင်ငွေတိုးတက်လာမည် ဖြစ်ပါကြောင်း အဆိုကိုထောက်ခံဆွေးနွေးသည်။
ကချင်ပြည်နယ်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၈) ဦးမင်းမင်းထွန်းက ခိုင်မာတောင့်တင်းသော
အခွန်စနစ်ရှိမှသာလျှင် အင်အားတောင့်တင်းသော နိုင်ငံတော်ကို
တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ အဂတိကင်းစင်မှသာ အခွန်ငွေများ တိတိကျကျ
ကောက်ခံရရှိမည်ဖြစ်သကဲ့သို့ ရရှိလာသည့် အခွန်ငွေများကို အလေအလွင့်မရှိဘဲ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင်
အမှန်တကယ်ပြန်လည်အသုံးချပြနိုင်မှသာ ပြည်သူများ၏ ယုံကြည်မှုနှင့် “အခွန်လိုက်နာမှု
ယဉ်ကျေးမှု” ထွန်းကားလာမည်ဖြစ်ပါကြောင်း။
အဂတိသည်
နှစ်ဖက်စလုံးပူးပေါင်းမှုကြောင့် ဖြစ်ပေါ်လာသည့် စနစ်တစ်ခု၏
အားနည်းချက်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရေးတည်ငြိမ်မှု၊
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကောင်းမွန်သည့်
အုပ်ချုပ်မှုစနစ်ပေါ်ထွန်းလာစေရန်အတွက် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ရည်ရွယ်ချက်များနှင့်အညီ အခွန်နှင့် အဂတိကို
ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁) ဦးပြည့်ဖြိုးစံက အဂတိဟုပြောသည့်အခါ
လူအများစုသည် လာဘ်ငွေလက်ခံရယူမှသာ အဂတိမြောက်သည်ဟု ယေဘုယျဆန်ဆန်
နားလည်ထားကြပါကြောင်း၊ အဂတိသည်လာဘ်စားခြင်းတစ်ခုတည်း မဟုတ်ပါကြောင်း၊ ရာထူးတာဝန်အရ
အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ပြီး အကျိုးစီးပွားပဋိပက္ခဖြစ်ပေါ်စေခြင်းသည်
အဂတိတရားဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် အဂတိတရားကို ထိရောက်စွာ နှိမ်နင်းပြီး
ဖွံ့ဖြိုးတိုးတက်သွားသည့် နိုင်ငံများရှိကြပါကြောင်း၊ ယင်းနိုင်ငံများ၏
ဘုံတူညီချက်များသည် တင်းကျပ်ပြတ်သားသည့် တရားဥပဒေစိုးမိုးရေးရှိခြင်း၊
ဝန်ထမ်းများ၏ လူမှုစီးပွားဖူလုံအောင် ထောက်ပံ့ပေးထားခြင်း၊ စုံစမ်းစစ်ဆေးမည့်
အဖွဲ့အစည်းများကို အမှီအခိုကင်းကင်းလွတ်လပ်ခွင့်ပေးထားခြင်းနှင့် လုပ်ငန်းစဉ်များကို
ဒီဂျစ်တယ်စနစ်ဖြင့် ရိုးရှင်းအောင် လုပ်ဆောင်ထားခြင်းဖြစ်ပါကြောင်း။
ပြည်သူများအချိန်ကုန်သက်သာစေမည့်
Online Booking စနစ်နှင့် E-Tax စနစ်များ ဆောင်ရွက်ရန်နှင့် နိုင်ငံတော်ဘတ်ဂျက်တစ်ခုတည်းကို
အားကိုးမည့်အစား ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းပါဝင်ခြင်းနည်းလမ်းကို သုံးစွဲပါက ဘဏ္ဍာငွေကုန်ကျမှုသက်သာပြီး
ပိုမိုမြန်ဆန် ထိရောက်လာနိုင်မည်ဖြစ်ပါကြောင်း၊ အခွန်ထမ်းဆောင်ခြင်းသည်
နိုင်ငံတော်၏အကျိုးကို သယ်ပိုးခြင်းဖြစ်သည်ဟု ပြည်သူလူထုတစ်ရပ်လုံး
ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်စေရန် လိုအပ်ပါကြောင်း၊ အခွန်ဆောင်ရွက်ရာတွင်
လွယ်ကူမြန်ဆန်စေပြီး အခွန်ရှောင်များကို ဖော်ထုတ်အရေးယူခြင်း၊ စံပြအခွန်ထမ်းကုမ္ပဏီများကို
ဂုဏ်ပြု၍ အခွင့်အရေးအချို့ပေးခြင်း၊ သတင်းပေးသူကို ကာကွယ်၍
ဆုကြေးချီးမြှင့်ခြင်းများကို လုပ်ဆောင်ရန် လိုအပ်ပါကြောင်း အဆိုကို
ထောက်ခံဆွေးနွေးသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က နိုင်ငံတစ်နိုင်ငံ၏
အခွန်စနစ်သည် ထိုနိုင်ငံ၏ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်
ပြောင်းလဲကျင့်သုံးမှုအပေါ် အခြေခံပြီး လိုက်ပါပြောင်းလဲကျင့်သုံးရသော
စနစ်တစ်ခုဖြစ်ပါကြောင်း၊ အခွန်စနစ်တစ်ခုကို စနစ်တကျအောင်မြင်အောင်
ပြောင်းလဲကျင့်သုံးခြင်းသည် နည်းပညာပိုင်းသာမက အခွန်ဌာန၊ အခွန်ထမ်းပြည်သူ၊
အခွန်စနစ်နှင့် ပတ်သက်ဆက်နွှယ်သူများ၊ ဆက်စပ်ဌာန၊ အဖွဲ့အစည်းများအားလုံး ဟန်ချက်ညီညီ
တိုးတက်ပြောင်းလဲဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း။
ယခုကာလတွင်
နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇
နှင့် ပုဒ်မ ၃၅ ပါအတိုင်း ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို ဆက်လက်ကျင့်သုံး
အကောင်အထည်ဖော်နေခြင်းဖြစ်ပါကြောင်း၊ အခွန်စနစ်သည်လည်း အခွန်ထမ်းဝန်ဆောင်မှုနှင့်
အခွန်ယဉ်ကျေးမှုတိုးတက်လာစေရေး ဘက်စုံ/ ထောင့်စုံမှ
ပြောင်းလဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ပြောင်းလဲဆောင်ရွက်ရာတွင်လည်း
ချမှတ်ထားသော အခွန်ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာများအတိုင်း IT နည်းပညာတိုးချဲ့ကျင့်သုံးရေး
ဆောင်ရွက်ခဲ့ရာ သိသာအထင်ရှားဆုံး ဆောင်ရွက်မှုများအနေဖြင့် အောင်ဘာလေသိန်းထီကို
အချိန်မရွေး၊ နေရာမရွေးလွယ်ကူအဆင်ပြေစွာ ကံစမ်းနိုင်ရန်အတွက်
အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၈ ရက်မှစ၍ ကျင့်သုံးဆောင်ရွက်ခြင်း၊
မိုဘိုင်းလက်ကိုင်ဖုန်းတင်သွင်းမှုအပေါ် ဥပဒေနှင့်အညီ အခွန်ငွေများ အပြည့်အဝကောက်ခံရရှိနိုင်ရန်နှင့်
တရားမဝင်ကုန်စည်တင်သွင်းမှုကို ထိန်းချုပ်နိုင်ရန်အတွက် ဗဟိုမိုဘိုင်းစက်ပစ္စည်း
သက်သေခံမှတ်ပုံတင်စနစ် Central Equipment Identity Register (CEIR) စနစ်နှင့် Equipment Identity Register (EIR) စနစ်ဖြင့်
၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှစတင်၍ အခွန်ကောက်ခံခြင်း၊
မော်တော်ယာဉ်ဝယ်ယူရောင်းချခြင်းအပေါ် အလိုအလျောက်တန်ဖိုး
စိစစ်တွက်ချက်ပေးဆောင်နိုင်မည့် VAVS စနစ် ကျင့်သုံးနိုင်ရေး
ဆောင်ရွက်လျက်ရှိခြင်းတို့ ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့်
အခွန်စနစ်ပြုပြင်ပြောင်းလဲရာတွင် စနစ်တကျရှိစေရေ မဟာဗျူဟာအစီအစဉ်ရှစ်ခု ချမှတ်၍
ကာလအပိုင်းအခြားအလိုက် စီမံကိန်းများချမှတ်၍ တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်ရန်
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
အဆိုပါ
မဟာဗျူဟာအစီအစဉ်ရှစ်ခုသည် ဥပဒေ များကို ခေတ်စနစ်နှင့် လျော်ညီစေရန်
ပြုပြင်ပြောင်းလဲခြင်း၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ ဖွဲ့စည်းပုံကို ပြင်ဆင်ဖွဲ့စည်းခြင်း၊
အခွန်စည်းကြပ်မှုစနစ်ကို ခေတ်မီစေရန် ပြောင်းလဲခြင်း၊ ICT နည်းပညာကို
ကျယ်ပြန့်စွာ အသုံးပြုခြင်း၊ အခွန်တာဝန်လိုက်နာမှုကို ထိရောက်စွာ ကြပ်မတ်ဆောင်ရွက်ခြင်း၊
အခွန်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အခွန်ဝန်ထမ်းများ၏ ကျင့်ဝတ်သိက္ခာမြှင့်တင်ခြင်းနှင့်
အခွန်စနစ်ပြုပြင်ပြောင်းလဲမှုများကို ကြီးကြပ်ကွပ်ကဲခြင်းတို့ ဖြစ်ပါကြောင်း။
ယခင်က
အခွန်စည်းကြပ်မှုများသည် အခွန်ဌာန၏ ခန့်မှန်းဆုံးဖြတ်ချက်အပေါ် အခြေခံသည့်
အခွန်စည်းကြပ်မှု (Assumption
Based Assessment) စနစ်ကို ကျင့်သုံးခဲ့ပါကြောင်း၊ အဆိုပါစနစ်အစား
စာရင်းဇယားအထောက်အထား အချက်အလက်များကို အခြေခံသည့် အခွန်စည်းကြပ်မှု (Evidence Based Assessment) စနစ်ကို
ပြောင်းလဲကျင့်သုံးနိုင်ရန်နှင့် အခွန်မှူးများ၏ လုပ်ပိုင်ခွင့်ကို
ပိုမိုထိန်းချုပ်နိုင်ရန်အတွက် အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သည့်စနစ် (Self
Assessment System-SAS) ကို အဆင့်အလိုက်
ပြောင်းလဲကျင့်သုံးလျက်ရှိပါကြောင်း။
၂၀၂၅-၂၀၂၆
ဘဏ္ဍာနှစ်တွင် ပြည်တွင်းအခွန်များ ဦးစီးဌာန၏ စုစုပေါင်းအခွန်ရငွေ၏ ၇၅
ရာခိုင်နှုန်းခန့်ကို SAS
စနစ်ကျင့်သုံး၍ ကောက်ခံနိုင်ခဲ့ပါကြောင်း၊ SAS ရုံးများတွင် ဒီဂျစ်တယ်စနစ်အသုံးပြု၍ အခွန်စီမံခန့်ခွဲသည့်စနစ် (Tax
Revenue Management System-TRMS) ကျင့်သုံးခြင်း၊
နိုင်ငံတကာစံနှုန်းများနှင့် ညီညွတ်သော အခွန်ထမ်းမှတ်ပုံတင်စနစ် (Unique
Taxpayer Identification Number- TIN) ကျင့်သုံး ခြင်း၊ e-Registration၊ e-Filing နှင့် e-Payment (m-Banking, IRD
Tax Payment Hub) စနစ်များဖြင့် အခွန်တာဝန်များကို အွန်လိုင်းမှ
ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ပေးနိုင်ခဲ့ခြင်း၊ MyCO (DICA)၊ MACCS (အကောက်ခွန်)၊ CBM-NET (ဗဟိုဘဏ်) နှင့် Trade-Net 2.0 (ကုန်သွယ်ရေး) တို့နှင့်
ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များရရှိအောင် ဆောင်ရွက်ခြင်း၊
အောင်ဘာလေအွန်လိုင်းထီစနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အောင်ဘာလေသိန်းထီဖွင့်ပွဲကို
Air Blow Digital Machine စက်ဖြင့် စနစ်ပြောင်းလဲဖွင့်လှစ်ခြင်း၊
မိုဘိုင်းတယ်လီဖုန်းတင်သွင်းမှုအပေါ် အခွန်လွတ်ကင်းမှုမရှိစေရေးအတွက် CEIR/EIR
မှတ်ပုံတင်ခြင်းစနစ်ထူထောင်ခြင်း၊ မော်တော်ယာဉ်ဝယ်ယူရောင်းချခြင်းအပေါ်
အလိုအလျောက် တန်ဖိုးစိစစ်အခွန်တွက်ချက် ပေးဆောင်နိုင်မည့် VAVS စနစ်ကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း။
အခွန်ကောက်ခံရာတွင်
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၀ (ခ) ပါ ပြဋ္ဌာန်းချက်နှင့်အညီ
ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍
နှစ်စဉ်ပြဋ္ဌာန်းဆောင်ရွက်နိုင်ခဲ့ပြီး နေ့စဉ်ထုတ်သတင်းစာများတွင်လည်း
အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်မှ
ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ စနစ်တကျကောက်ခံနေခြင်းဖြစ်ပါကြောင်း။
ထို့ပြင်
အခွန်တာဝန်လိုက်နာမှုတိုးတက်စေရေးအတွက် အခွန်တာဝန်လိုက်နာမှု တိုးတက်ရေးမဟာဗျူဟာ ရေးဆွဲအကောင်အထည်ဖော်ခြင်း၊
ရုံးချုပ်တွင် အခွန်ဆုံးရှုံးနိုင်ခြေ စိစစ်သုံးသပ်သည့် သီးခြား Unit ဖွဲ့စည်းတည်ထောင်ခြင်း၊
အခွန်ဆုံးရှုံးနိုင်ခြေမြင့်မားသော စီးပွားရေးကဏ္ဍများကို ဦးတည် ၍
အခွန်စာရင်းစစ်ဆေးကြပ်မတ်ခြင်း၊ စားသောက် ဆိုင်၊ ဟိုတယ်၊ ရွှေဆိုင်များတွင်
အခွန်အမှတ်တံဆိပ်ကပ်နှိပ်မှု ကွင်းဆင်းစစ်ဆေးကြပ်မတ်ခြင်း၊ အခွန်ဆိုင်ရာ
စီမံအုပ်ချုပ်မှုဥပဒေနှင့်အညီ ဒဏ်ကြေးများ ထိရောက်စွာ တပ်ရိုက်ခြင်းတို့ကို
ဆောင်ရွက်လျက်ရှိပါကြောင်း။
အခွန်တာဝန်လိုက်နာမှုကို
တိုးမြှင့်ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းပညာတို့ဖြင့် ထိန်းချုပ်ဆောင်ရွက်ရသကဲ့သို့ အခွန်အသိပညာပေးခြင်းကိုလည်း
ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်သည့်အတွက် အခွန်ယဉ်ကျေးမှုကို
ဖြစ်ထွန်းခိုင်မာလာရေးအတွက် အခြေခံပညာအတန်းများတွင် အခွန်ဆိုင်ရာအသိပညာများကို
ထည့်သွင်းသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ထို့အပြင်
အခွန်ထမ်းများ အခွန်တာဝန်များကို လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးနှင့် ကြုံတွေ့ရသည့်
အခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းပေးနိုင်ရေးအတွက် Taxpayer Service Center များ၊ အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံးများနှင့် e-Services Help Desk Center များကို
ဖွင့်လှစ်ဆောင်ရွက်ထားရှိပါကြောင်း။
အခွန်ပြုပြင်ပြောင်းလဲရေး
မဟာဗျူဟာကို အဆင့်လိုက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းကြောင့် အခွန်ဥပဒေ၊ အခွန်စီမံခန့်ခွဲမှု၊
အခွန်တာဝန်လိုက်နာမှု၊ အခွန်ဝန်ဆောင်မှုနှင့် အခွန်စီမံခန့်ခွဲစနစ်တွင် နည်းပညာကို
တိုးချဲ့ကျင့်သုံးမှု၊ အခွန်အရာရှိနှင့် အခွန်ထမ်းအကြား
လူပုဂ္ဂိုလ်ချင်းထိတွေ့မှုကို လျှော့ချနိုင်သည့် အွန်လိုင်းမှတစ်ဆင့် အခွန်ပေးဆောင်မှု၊
အခွန်ကြေညာလွှာတင်သွင်းမှုတို့တွင် သိသာထင်ရှားသောရလဒ်များ ရရှိခဲ့ပြီး
အခွန်ဘဏ္ဍာငွေများလည်း သိသာထင်ရှားစွာတိုးတက်ကောက်ခံရရှိခဲ့ပါကြောင်း။
၂၀၂၅-၂၀၂၆
ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် အခွန်အရပ်ရပ် ကောက်ခံရန် ပြုပြင်ပြီးလျာထားချက်
ကျပ်ဘီလီယံ ၁၃၄၆၀ အပေါ် ကျပ်ဘီလီယံ ၁၄၀၇၀ ကောက်ခံရရှိခဲ့ပြီး လျာထားချက်၏ ၁၀၅
ရာခိုင်နှုန်း ကောက်ခံနိုင်ခဲ့ပါကြောင်း၊ နှစ်အလိုက် အခွန်ကောက်ခံရရှိမှုကို
နှိုင်းယှဉ်ကြည့်ပါက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အခွန်အကောက်ရငွေသည်
၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်တွင် ကျပ်ဘီလီယံ ၄၉၁၂ ခန့်ရှိရာမှ ၂၀၂၅-၂၀၂၆
ဘဏ္ဍာရေးနှစ်တွင် ကျပ်ဘီလီယံ ၁၄၀၇၀ အထိ တိုးတက်ကောက်ခံနိုင်ခဲ့ပါသဖြင့် ငါးနှစ်အတွင်း အခွန်အကောက်ရငွေ
သုံးဆခန့်တိုးတက်လာခဲ့ပါကြောင်း။
အလားတူ
ပြည်ထောင်စု၏ အခွန်အကောက်ရငွေနှင့်
GDP အချိုး
(Tax-to-GDP Ratio) သည် လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၅ ဒသမ ၀၇ ရာခိုင်နှုန်းသာရှိခဲ့ရာမှ
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်တွင် ၈ ဒသမ ၅၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါကြောင်း၊ ယခု ၂၀၂၆-၂၀၂၇
ဘဏ္ဍာရေးနှစ်တွင်လည်း လျာထားချက်ကို ပြည့်မီကျော်လွန်စွာ ကောက်ခံနိုင်ရေးနှင့် Tax-to-GDP Ratio ကို ၉
ဒသမ ၅ ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်ရေးကို ရည်မှန်းချက်ထား၍
ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်တွင်းအခွန်များ
ဦးစီးဌာနအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်း၍ Public Feedback Programme ကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁
ရက်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါအစီအစဉ်အရ Data Entry Operator (DEO) စနစ် အသုံးပြုလျက်ရှိသော အခွန်ရုံး (၄၇) ရုံးရှိပြီး အဆိုပါရုံးများတွင် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ
အခွန်ရုံးများ၊ ကချင်၊ ကရင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရန်ကုန်၊
ရှမ်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေတို့ရှိ
အခွန်ရုံးများပါဝင်ပြီး DEO ရုံးများကိုလည်း နှစ်စဉ်တိုးချဲ့
ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ယင်းစနစ်အရ
အခွန်ဝန်ဆောင်မှုရယူပြီးသော အခွန်ထမ်းများ၏ လက်ကိုင်ဖုန်းများသို့ နေ့စဉ် SMS Campaign များ အလိုအလျောက် ပေးပို့၍
အခွန်ရုံးများ၏ ဝန်ဆောင်မှုအပေါ် ကျေနပ်မှုရှိ/မရှိ၊ ဝန်ထမ်းများ၏
ဆက်ဆံရေး၊ မသင့်လျော်သော တောင်းဆိုမှုများ ရှိ/မရှိနှင့် အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့်
အခြေအနေများကို တိုက်ရိုက်မေးမြန်းဆောင်ရွက်လျက်ရှိပါကြောင်း။
အဆိုပါ Public Feedback Programme သည် သက်ဆိုင်ရာ
အခွန်ရုံးများသို့သာ တုံ့ပြန်ပေးပို့သည့် စနစ်မဟုတ်ဘဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေး
ကော်မရှင်သို့ တိုက်ရိုက်ချိတ်ဆက်ပေးပို့သည့် လွတ်လပ်သော
စောင့်ကြည့်ကြပ်မတ်မှုစနစ်ဖြစ်ပါသဖြင့် အများပြည်သူ၏ သဘောထားနှင့်
တိုင်ကြားချက်များကို ပွင့်လင်းမြင်သာစွာ လက်ခံရယူနိုင်ပြီး အဂတိလိုက်စားမှု
ဖြစ်ပေါ်နိုင်ခြေများကို ကြိုတင်ကာကွယ်နိုင်ရန် အရေးပါသော စနစ်တစ်ရပ်ဖြစ်ပါကြောင်း။
အခွန်စနစ်ပြုပြင်ပြောင်းလဲရေး၊
နည်းပညာကျယ်ပြန့်စွာ တိုးချဲ့ကျင့်သုံးရေးတို့ကို Digital Tax Ecosystem တည်ဆောက်နိုင်မှုနှင့်
ကွန်ပျူတာ၊ Data Center၊ အင်တာနက်လွှမ်းခြုံမှုစသည့်
အခြေခံအဆောက်အအုံ (Infrastructure) ဖြည့်ဆည်း
ဆောင်ရွက်နိုင်မှုအပေါ် မူတည်၍ နိုင်ငံတစ်ဝန်းရှိ အခွန်ရုံးများ၊ တစ်ဦးချင်းပုဂ္ဂိုလ်
အခွန်ထမ်းပြည်သူများအထိ နည်းပညာအသုံးပြု၍ အခွန်ဝန်ဆောင်မှုပေးခြင်းကို
တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၃၈၉ တွင် နိုင်ငံသားတိုင်းသည် ဥပဒေအရပေးဆောင်ရမည့် အခွန်အကောက်များကို
ပေးဆောင်ရန်တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏
အခွန်စနစ်အတွင်း အခွန်ဘဏ္ဍာငွေများ ပြည့်ဝစွာကောက်ခံရရှိရေးအတွက်
အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိပြီး အခွန်စနစ် ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာနှင့်အညီ အခွန်ကောက်ခံရရှိမှုများ
တိုးတက်လာစေရန်၊ သတင်းအချက်အလက်နှင့် နည်းပညာပိုမိုသုံးစွဲဆောင်ရွက်နိုင်စေရန်၊
ဝန်ထမ်းများနှင့် အခွန်ထမ်းပြည်သူများ၏ အခွန်ဆိုင်ရာအသိစိတ်ဓာတ်နှင့် အခွန်ယဉ်ကျေးမှုမြင့်မားတိုးတက်လာစေရန်
တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့်
အခွန်များရရှိရေးအတွက် ပြည်သူများအနေဖြင့် တာဝန်သိစွာ၊ အဂတိကင်းရှင်းစွာ
ပူးပေါင်းဆောင်ရွက်သွားကြရန်အတွက် အခွန်ဌာနများ၊ အခွန်ထမ်းပြည်သူများနှင့်
လွှတ်တော်ကိုယ်စားလှယ်များအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း
အဆိုနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ထို့နောက်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားအား မေးမြန်းရာ အဆိုရှင်က အတည်ပြုပေးပါရန်
ပြောကြားသည့်အတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ ဆန္ဒအရ လွှတ်တော်၏
အဆုံးအဖြတ်ရယူရာ သဘောတူသဖြင့် အတည်ပြုကြောင်းကြေညာသည်။
ယင်းနောက်
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၆ ရက် မြောက်နေ့ကို ရပ်နားလိုက်ပြီး
အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ဇူလိုင် ၁၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်



No comments:
Post a Comment