နေပြည်တော် ဇူလိုင် ၃
တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၂ ရက်
မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ
စုစုပေါင်း ၂၀၉ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၅ ဦး တက်ရောက်သဖြင့်
ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ
အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၃) ဦးမောင်စိန်၏ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင်
ဆောင်ရွက်မှုရပ်တန့်လျက်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို
ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်က
နေပြည်တော်၌ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီတွင် ကျင်းပခဲ့သည့် ပဉ္စမအကြိမ် မြန်မာ-ရုရှား
အစိုးရအချင်းချင်းကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေးတွင်
နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပြီး
ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းနှင့် အနီးဝန်းကျင်တွင် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ
ရည်ရွယ်သည့် စာလွှာ (Memorandum
of Intent-MOI) ကို နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြောင်းကို
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ
ဖြေကြားထားပါကြောင်း။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည်
စီမံကိန်းကို ပြန်လည်စတင်နိုင်ရန် ယခင်ရေးဆွဲခဲ့သည့် ITD Master Plan၊
အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ
(Neighbouring Countries Economic Development Cooperation Agency -NEDA) ၏ Master Plan နှင့် Japan International
Cooperation Agency - JICA Study တို့ကိုအခြေခံ၍ လက်ရှိအခြေအနေအရ အသင့်တော်ဆုံးဖြစ်မည့်
စီမံချက်ကို ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့ပူးပေါင်း၍
အဆင့် (၃) ဆင့်ခွဲကာ အကောင်အထည်ဖော်ဆောင်သွားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းကို
ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ ဖြေကြားထားပါကြောင်း။
ထားဝယ်အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းနယ်နိမိတ် (Port Limit) သတ်မှတ်နိုင်ရေးအတွက်
ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး အပြီးသတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်းကို
ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဖြေကြားထားပါကြောင်း၊ ယခုအခါ ရပ်တန့်နေသော တနင်္သာရီတိုင်း၊
ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင် တည်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအား
၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေအရ ရင်းနှီးတည်ဆောက်သူနှင့်အတူ
အခြားလိုအပ်သော လုပ်ငန်းစဉ်များကို ဆောင်ရွက်နေပြီး စီမံကိန်းအား
ပြန်လည်စတင်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၂)
နန်းဝိုးစိန်၏ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊
ဆင်မောင်းကျေးရွာအုပ်စု၊ မိုင် (၂၀) အောက်ရွာပန်မော်မှ ဖာလိတ်၊ ပန်မုံ၊ ကျူရှို၊
ခမ်းမိုက်ဆော့၊ လွယ်သိုး၊ ပျက်ကန့်၊ ရှမ်းကုန်းဆာအထိ မြေသားလူသွားလမ်းအား
လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆိုင်ကယ်များ သွားလာနိုင်သောလမ်းအဖြစ် ဖောက်လုပ်ပေးရန်
အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးသိုက်စိုးက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် မြေသားလမ်းဖောက်လုပ်မည်ဆိုပါက
အကျယ် (၁၈) ပေမှ (၂၄) ပေကြား ဖောက်လုပ်ရပါကြောင်း၊ သို့သော် ဒေသခံပြည်သူလူထုဆက်သွယ်သွားလာရေး
ပိုမိုအဆင်ပြေလွယ်ကူစေရန် အကျယ် (၁၀) ပေ ရှိသော တစ်ကြောင်းထိုး ဆိုင်ကယ်လမ်းဖောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း၊
မြေသားလမ်းအကျယ် (၁၈) ပေမှ (၂၄) ပေအကြား ဖောက်လုပ်ရမည့်အစား အကျယ် (၁၀) ပေ
တစ်ကြောင်းထိုး ဆိုင်ကယ်လမ်းဖောက်လုပ်သည့်အတွက် ကုန်ကျစရိတ်သက်သာပြီး နိုင်ငံတော်ဘဏ္ဍာငွေအလေအလွင့်မဖြစ်စေဘဲ
အချိန်ကာလအားဖြင့်လည်း အချိန်တိုအတွင်း ဒေသခံပြည်သူများ သွားလာအသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊
အဆိုပါလမ်းဖောက်လုပ်မည်ဆိုပါက ခန့်မှန်းငွေကျပ် သန်း (၁၃၂၀) ကုန်ကျမည်ဖြစ်ပြီး
ကျေးရွာ (၆၁) ရွာ၊ အိမ်ခြေ (၁၁၅၄) အိမ်၊ လူဦးရေ (၆၂၂၅) ဦးကို အကျိုးပြုမည်ဖြစ်ပါကြောင်း။
ပန်မော်ရွာမှစတင်၍ တစ်ကြောင်းထိုး ဆိုင်ကယ်လမ်း (၅) မိုင်
ဖောက်လုပ်ခြင်းလုပ်ငန်းအား ဆောင်ရွက်ရန် ၂၀၂၇-၂၀၂၈ ခု ဘဏ္ဍာရေးနှစ်တွင်
ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လျာထားတင်ပြသွားမည်ဖြစ်ပြီး
ရရှိရန်ပုံငွေပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊
ကျန်ရှိနေသောလမ်းပိုင်းအား လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီအဖွဲ့တို့ ပေါင်းစပ်၍ ကျေးရွာအရေအတွက်၊ အိမ်ခြေ၊ လူဦးရေ၊
ကျေးလက်နေ ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအကျိုးပြုနှုန်းအလိုက်
လက်ရှိလိုအပ်မှု ဦးစားပေးရွေးချယ်မှုအပေါ် ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်ငွေလုံးငွေရင်း
ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အမှတ် (၇) ဦးခင်မောင်မြင့်၏
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊
ဟွှေးကျေးရွာအုပ်စုရှိ ဇော်ဂျီ-ကျောက်ဆည် ရေသောက်ဟွှေးစိုက်ပျိုးရေးကွင်း ဧက (၃၂၀)
တွင် တောင်သူလယ်သမားများ (၁၂) လရာသီကာလပတ်လုံးဆန်စပါးသီးနှံနှင့်
အခြားသောသီးနှံများ စိုက်ပျိုးထုတ်လုပ်သယ်ယူပို့ဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ
ကုန်ထုတ်လမ်းများ ဖောက်လုပ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်
စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ကုန်ထုတ်လမ်းဖောက်လုပ်ရန် လမ်းနယ်အကျယ်ပေ ၃၀
ပြည့်မီစေရန်အတွက် ကျေးရွာလမ်းကော်မတီမှ သက်ဆိုင်ရာတောင်သူများအား
မြေနေရာရရှိစေရေးကို ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်တွင်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကြိုအင်ဂျင်နီယာလုပ်ငန်းများဖြစ်သည့် ကွင်းဆင်းတိုင်းတာခြင်း၊
လမ်းဒီဇိုင်းပုံထုတ်ခြင်းနှင့် အသေးစိတ်ခန့်မှန်းခြေတွက်ချက်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အဆိုပါလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးပါက
လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့နှင့်ပေါင်းစပ်၍
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအကျိုးပြုနှုန်း၊
လက်ရှိလိုအပ်မှုတို့အပေါ် ဦးစားပေးရွေးချယ်မှုတို့အရ အနီးစပ်ဆုံးဘဏ္ဍာရေး နှစ်တွင်
ပြည်ထောင်စု (သို့မဟုတ်) ပြည်နယ်ရရှိရန်ပုံ ငွေအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အတိုင်း
လျာထားပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁၁)
ဦးစိန်လွင်ဦး၏ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ တောင်သူလယ်သမားများ
လယ်ယာလုပ်ငန်းခွင်တွင် စပါးအထွက်တိုးပြီး ဝင်ငွေတိုးတက်မှုရရှိစေရန်နှင့် မြို့နယ်၏
စပါးအထွက်နှုန်းလျော့ကျမသွားစေရန် ဓာတ်မြေဩဇာကို အစိုးရ၏ သက်သာသောနှုန်းထားများဖြင့်
ရောင်းချပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ရှိပါက မည်ကဲ့သို့ ဆောင်ရွက်ပေးမည်နှင့်
ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍
ဒုတိယဝန်ကြီး ဦးသိုက်စိုးက မြန်မာနိုင်ငံဓာတ်မြေဩဇာ၊မျိုးစေ့နှင့်
စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဝင် ကုမ္ပဏီများအနေဖြင့် ဓာတ်မြေဩဇာများကို
လက်ငင်းငွေချေစနစ်ဖြင့် သက်ဆိုင်ရာဒေသ အရောင်းဆိုင်အရောက်အမြတ်မယူဘဲ
သယ်ယူစရိတ်နှင့် တင်ချခထပ်ပေါင်း၍ ဒေသအရောက်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေး
စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရောင်းဆိုင်အဆင့်ဆင့်မှ ရောင်းချလျှင်
ဈေးကြီးနိုင်သည့်အတွက် အသင်း၊ အစုအဖွဲ့၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/
ပြည်နယ်အစိုးရအဖွဲ့မှ တိုက်ရိုက်ရောင်းချရန် စီစဉ်ထားရှိပါကြောင်း။
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ယူရီးယားဓာတ်မြေဩဇာတန်ချိန် ၅၀၀၀
လိုအပ်မှု တင်ပြထားမှုအပေါ် ဦးဆောင်ကော်မတီက သက်ဆိုင်ရာအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး
မြန်မာနိုင်ငံဓာတ်မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ
အသင်းဝင်ကုမ္ပဏီများအနေဖြင့် အစိုးရအဖွဲ့မှ စီစဉ်ပေးသော မော်တော်ယာဉ်အစီး (၁၀၀)
တန်ချိန် ၄၅၀ အတွက် သယ်ယူစရိတ်သက်သာစေရန် စီစဉ်ပေးခဲ့ပါကြောင်း၊
ကျန်ရှိသည့်တန်ချိန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သည့်အချိန်တွင်
ပေးပို့နိုင်ရေးစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
သို့ပါ၍ ဦးဆောင်ကော်မတီအနေဖြင့် တောင်သူလယ်သမားများ
လယ်ယာလုပ်ငန်းခွင်တွင် အထွက်နှုန်းတိုးပြီး ဝင်ငွေတိုးတက်မှုရှိစေရေးနှင့် လိုအပ်သော
ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဝယ်ယူရရှိနိုင်ရေးအတွက် သမဝါယမစနစ် Consor-tium ပုံစံဖြင့် စုပေါင်းဝယ်ယူစုပေါင်းဖြန့်ဖြူးခြင်း၊
အမြတ်မယူဘဲ ရန်ကုန်အထိုင် ရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူစရိတ်နှင့် တင်ချခထည့်ပေါင်းတွက်ချက်၍
သက်ဆိုင်ရာဒေသအရောက် ဖြန့်ဖြူးရောင်းချပေးခြင်း၊ ဓာတ်မြေဩဇာများ အရည်အသွေး မှန်/
မမှန်၊ သိုလှောင်ဈေးကစားခြင်းများ ရှိ/မရှိ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း
ဖြေကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ
ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို
လွှတ်တော်သို့ အသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့်
အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး ဇူလိုင် ၇ ရက်ထက် နောက်မကျဘဲ
အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း
ကြေညာသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၉) ဦးရန်နိုင်ဦး၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းရှိ
တက္ကသိုလ်အသီးသီးတွင် ဘွဲ့/ဒီဂရီရရှိခဲ့သည့် လူငယ်များအား
ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက အလုပ်ခန့်အပ်ပေးရန်အတွက် အရည်အချင်းသတ်မှတ်ချက်များနှင့်တကွ
အလုပ်လျှောက်ထားရန် ခေါ်ယူခြင်းကိစ္စအပေါ် နိုင်ငံတော်နှင့် လူငယ်များ၏ အနာဂတ်အတွက်
ဖြေလျှော့စဉ်းစားပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို
လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသည်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၆) ဦးမျိုးသန့်က မသန်စွမ်းသူများ အခွင့်အရေးဥပဒေပြဋ္ဌာန်းထားရှိသော်လည်း
ပညာတတ်မသန်စွမ်းလူငယ်များ အစိုးရဌာနများတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိမှု နည်းပါးလျက်ရှိသည်ကို
တွေ့ရှိရပါကြောင်း၊ မသန်စွမ်းပညာတတ်ဘွဲ့ရလူငယ်များ ဘဝရှင်သန်နိုင်ရေးအတွက် အနာဂတ်မျှော်လင့်ချက်မဆုံးရှုံးစေရန်
ပညာအရည်အချင်းနှင့် ကိုက်ညီပြီး ခေါ်ယူသည့်အလုပ်အပေါ် အမှန်တကယ်အလုပ်လုပ်နိုင်စွမ်းရှိ၍
လျှောက်ထားလာသည့်အခါ အစိုးရဌာနဝန်ထမ်းနေရာများတွင် မသန်စွမ်းသူများ
အခွင့်အရေးဥပဒေများနှင့်အညီ ရွေးချယ်ခန့်အပ်ပေးနိုင်ပါရန် အဆိုအားထောက်ခံဆွေးနွေး
သည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၉) ဦးဉာဏ်ထွန်းက စနစ်သစ်ပညာရေးတွင် အတန်း (၂) တန်း ပိုလာသဖြင့်
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးစီးသည့် အချိန်တွင် ယခင်အသက် ၁၆ နှစ်မှ စနစ်သစ်တွင်
အသက် ၁၈ နှစ် ဖြစ်လာပါကြောင်း၊ တက္ကသိုလ်တစ်ခုခု ဘွဲ့/ဒီဂရီ ရရှိချိန်တွင် ယခင်ထက်
အသက် (၂) နှစ် ပိုကြီးလာမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကိုဗစ်
- ၁၉ ရောဂါကြောင့် တက္ကသိုလ်စာမေးပွဲမကျင်းပနိုင်ခဲ့ခြင်းနှင့် အခြေအနေအကြောင်းကြောင်းကြောင့်
တက္ကသိုလ်မတက်ရခြင်းများ ရှိနေကြောင်း၊ လူငယ်များအား ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက
အလုပ်ခန့်အပ်ပေးရန် ခေါ်ယူရာတွင် ယခင်အများဆုံးသတ်မှတ်အသက်ထက်အနည်းဆုံး (၅)
နှစ်ခန့်ပို၍ ခေါ်ယူဖြေလျှော့ပေးသင့်ပါကြောင်း။
တက္ကသိုလ်အသီးသီးတွင် ဘွဲ့/ဒီဂရီရရှိခဲ့သည့်
လူငယ်များအားပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက အလုပ်ခန့်အပ်ပေးရန် ခေါ်ယူရာတွင်ပါဝင်သည့်
အချက်များထဲတွင် ရာထူးနှင့် လစာနှုန်းများကိုလည်း နိုင်ငံတော်၏ (Budget) ဘတ်ဂျက်အပေါ်မူတည်၍
ခေတ်ကာလနှင့် လျော်ညီသော လစာနှုန်းများတိုးမြှင့် ခေါ်ယူခြင်းနှင့် အခြားသောဝန်ထမ်း
သက်သာချောင်ချိရေးများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ပါက ဘွဲ့/ဒီဂရီရရှိခဲ့သည့် လူငယ်များအနေဖြင့်
နိုင်ငံ့ဝန်ထမ်းအလုပ်ကို ပိုမိုစိတ်ဝင်စားလာ၍ နိုင်ငံ့တာဝန်ကို
ကျေပွန်စွာထမ်းဆောင်လာမည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်းနှင့်
အဆိုကိုထောက်ခံပါကြောင်း ဆွေးနွေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၉) ဒေါ်သိင်္ဂီဝင်းရွှေက လူငယ်များအနေဖြင့် မိမိတို့၏ ပညာရပ်ဆိုင်ရာအရည်အချင်းများ
ကျွမ်းကျင်မှုများနှင့် နိုင်ငံတော်အကျိုးပြုလိုသည့် စိတ်ဓာတ်တို့ကိုအသုံးချပြီး
ဝန်ကြီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လိုသည့် ဆန္ဒများရှိကြပါကြောင်း၊ သို့သော်
လက်ရှိအခြေအနေတွင် အလုပ်များ ခေါ်ယူရာ၌ အသက်အပိုင်းအခြား ကန့်သတ်ချက်များကြောင့်
ဘွဲ့ရလူငယ်အချို့သည် မိမိတို့၏ပညာရပ်နှင့် ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်းများကို
လျှောက်ထားနိုင်သည့် အခွင့်အရေးမရှိဘဲ ကျန်ရစ်နေကြပါကြောင်း။
လူငယ်များကို ပြည်ပသို့ ထွက်ခွာမသွားစေရန်
တားဆီးရုံမျှဖြင့် မလုံလောက်ဘဲ မျှတသော အလုပ်အကိုင်အခွင့်အလမ်းများ၊ မျှော်လင့်ချက်ရှိသော
အသက်မွေးဝမ်းကျောင်းဆိုင်ရာ လမ်းကြောင်းများနှင့် နိုင်ငံအတွင်း
စွမ်းရည်ပြသနိုင်မည့် အခွင့်အရေးများကို ဖန်တီးပေးနိုင်မှသာ ရေရှည်တည်တံ့သော
အဖြေတစ်ရပ်ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း။
ထို့ကြောင့် အရည်အချင်းရှိသည့် ဘွဲ့ရလူငယ်များကို နိုင်ငံတော်၏
ဝန်ထမ်းယန္တရားအတွင်း ပိုမိုပါဝင်ခွင့်ရရှိစေရန် သင့်လျော်သော အခွင့်အလမ်းများ
ဖန်တီးပေးရန် လိုအပ်ပါကြောင်း၊ နည်းပညာကျွမ်းကျင်သော
လူငယ်များဝင်ရောက်လာမှုကြောင့် Digital Transformation E Government System လုပ်ငန်းများတွင်လည်း
ပိုမိုတိုးတက်လာနိုင်ပါသောကြောင့် အဆိုအားထောက်ခံပါကြောင်း ဆွေးနွေးသည်။
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၁၁) ဦးဖေသန့်ဇော်က နိုင်ငံတော်ဝန်ကြီးဌာနများတွင် လိုအပ်လျက်ရှိသော
ရာထူးနေရာများကို ပွင့်လင်းမြင်သာသောစနစ်ဖြင့် အရည်အချင်းသတ်မှတ်ချက်များ ထုတ်ပြန်၍
ပြိုင်ဆိုင်လျှောက်ထားနိုင်စေရန် ခေါ်ယူဆောင်ရွက်ပေးခြင်းသည် အခွင့်အရေးမျှတမှုကို
ဖော်ဆောင်ရာရောက်သကဲ့သို့ နိုင်ငံတော်အတွက် အရည်အသွေးပြည့်ဝသော ဝန်ထမ်းများကိုလည်း
ရရှိစေမည်ဖြစ်ပါကြောင်း။
ထို့ပြင် ဝန်ကြီးဌာနအသီးသီးအနေဖြင့် လက်ရှိနှင့်
အနာဂတ်ဝန်ထမ်းလိုအပ်ချက်များကို စနစ်တကျသုံးသပ်၍ အလုပ်ခေါ်ယူမည့် အစီအစဉ်များကို
ကြိုတင်ထုတ်ပြန်ပေးခြင်း၊ ပြိုင်ဆိုင်ရွေးချယ်မှုများကို
မျှတပွင့်လင်းစွာကျင်းပပေးခြင်းနှင့် ဘွဲ့ရလူငယ်များ၏ ကျွမ်းကျင်မှုမြှင့်တင်ရေး
သင်တန်းများကိုလည်း ဆက်လက်အားပေးဆောင်ရွက်ပေးသင့်ပါကြောင်း။
ထို့ကြောင့် ဝန်ထမ်းခေါ်ယူရာတွင် အရည်အချင်းကို
အဓိကထားသုံးသပ်သကဲ့သို့ အသက်ကန့်သတ်ချက်များကိုလည်း ထူးခြားသော အခြေအနေများနှင့်
လျော်ညီစွာ ပြန်လည်သုံးသပ်ပြီး ကာလတစ်ခုအထိ သတ်မှတ်၍ သင့်တော်စွာ
ဖြေလျှော့စဉ်းစားပေးခြင်းသည် လူငယ်များအတွက်သာမက နိုင်ငံတော်အတွက်လည်း
အကျိုးရှိမည်ဟု ယုံကြည်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၈) ဦးကြည်လင်းထက်က ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (COVID-19) ကြောင့် မြန်မာနိုင်ငံရှိ အစိုးရကျောင်းများ
ပိတ်ထားခဲ့ရပြီး ပစိဖိတ်နှင့် အရှေ့အာရှဒေသအတွင်း အရှည်ကြာဆုံးကျောင်းပိတ်မှုများထဲက
တစ်ခုဖြစ်ခဲ့ရပါကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင်လည်း တက္ကသိုလ်များ
ပုံမှန်ဖွင့်လှစ်နိုင်ခြင်းမရှိ၍ ဘွဲ့နှင်းသဘင်များ နောက်ကျခြင်းနှင့်
အစိုးရ/ပုဂ္ဂလိက အလုပ်ခေါ်ယူမှုများ နှစ်ရှည်လများ ရပ်နားခဲ့ခြင်းတို့
ထပ်မံဖြစ်ပေါ်ခဲ့ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်ဝန်းမှ လူငယ်အများအပြားသည် အခွင့်အရေးများ
ဆုံးရှုံးခဲ့ရပါကြောင်း။
ယနေ့ မြန်မာနိုင်ငံသည် သယံဇာတပေါကြွယ်ဝသော်လည်း လူသားအရင်းအမြစ်
လိုအပ်နေသည့် အချိန်ဖြစ်ပါကြောင်း၊ အရည်အချင်းရှိသည့် လူငယ်များကို
အသက်ကန့်သတ်ချက်ကြောင့် အခွင့်အရေးလက်လွတ်စေမည်ဆိုပါက နိုင်ငံအတွက်လည်း ကြီးမားသော
ဆုံးရှုံးမှုဖြစ်စေနိုင်ပါကြောင်း၊ အသက်ကန့်သတ်ချက်ကို ယာယီဖြေလျှော့စေမည်ဆိုပါက
လူငယ်များ၏ ဆုံးရှုံးရသည့် အနာဂတ်များကို ပြန်လည်အသက်သွင်းပေးခြင်းနှင့်
နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝန်ထမ်းကဏ္ဍမှာ အတွေ့အကြုံရှိသည့်
လူသားအရင်းအမြစ်များကို ပြန်လည်ရရှိစေနိုင်သဖြင့် နှစ်ဦးနှစ်ဖက်အပြန်အလှန်အကျိုးရှိသော
အခြေအနေ (win-win situation)
ဖြစ်ပါသောကြောင့် အဆိုအားထောက်ခံပါကြောင်း ဆွေးနွေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၈) ဦးကျော်ဇင်ထွန်းက နိုင်ငံတစ်နိုင်ငံ၏ အရေးကြီးဆုံး အရင်းအမြစ်မှာ လူသားအရင်းအမြစ်ဖြစ်ပြီး
၎င်းတို့ စာပေသင်ကြားတတ်မြောက်ထားသည့် ဘွဲ့၊ ဒီဂရီအလိုက် လက်တွေ့လုပ်ငန်းသို့ လူငယ်များ၏စွမ်းရည်ကို
မှန်ကန်စွာ အသုံးချနိုင်ခြင်းသည် နိုင်ငံ၏အနာဂတ်ဖွံ့ဖြိုး တိုးတက်မှုကို
တိုက်ရိုက်သက်ရောက်စေမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် နိုင်ငံတော်ဝန်ကြီးဌာနများတွင်
လိုအပ်လျက်ရှိသော ဝန်ထမ်းနေရာများကို ပွင့်လင်းမြင်သာသော
အရည်အချင်းသတ်မှတ်ချက်များဖြင့် ကြေညာခေါ်ယူပြီး တန်းတူညီမျှ အခွင့်အရေးပေးကာ
အရည်အချင်းအခြေပြုရွေးချယ်ခန့်အပ်နိုင်မည်ဆိုပါက လူငယ်များအတွက် မျှော်လင့်ချက်ကို
ပြန်လည်ဖန်တီးပေးနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားတွင်လည်း အရည်အချင်းပြည့်ဝသော
လူငယ်များ ပါဝင်လာနိုင်မည်ဖြစ်ပါကြောင်း၊ သို့ပါ၍ အဆိုသည်လူငယ်များ၏ အနာဂတ်၊
နိုင်ငံတော်၏ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ထိရောက်သော ပြည်သူ့ဝန်ဆောင်မှုစနစ်
တည်ဆောက်ရေးတို့အတွက် အကျိုးရှိသော အဆိုဖြစ်ပါသောကြောင့် ထောက်ခံပါကြောင်း
ဆွေးနွေးသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း၊
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏
အဆုံးအဖြတ်ရယူခြင်းတို့ကို ဇူလိုင် ၆ ရက်တွင် ကျင်းပမည့် ၁၃ ရက်မြောက်နေ့ အစည်းအဝေးတွင်
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို
တည်ဆောက်ရာတွင် အခွန်များ စနစ်တကျကောက်ခံရရှိရေးနှင့် ပြည်သူများ၊
အစိုးရဌာနများနှင့် ချိတ်ဆက်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိကင်းစွာ
လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခွန်နှင့် အဂတိကို ထိရောက်သော အစီအမံများဖြင့်
အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို
မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အမှတ် (၁၂) ဒေါ်စိုးစိုးမြင့်က
တင်သွင်းရာတွင် ပြည်သူတိုင်းသည် သင့်တင့်ညီမျှစွာ အခွန်ပေးဆောင်ရမည်ဖြစ်ပြီး စုဆောင်းရရှိသော
အခွန်များကို အစိုးရအနေဖြင့် တာဝန်ယူမှုရှိစွာ အသုံးပြုရမည်ဖြစ်ပါကြောင်း၊ အခွန်သည်နိုင်ငံတော်၏
အင်အားဖြစ်ပြီး အခွန်မှန်ကန်စွာရရှိပါက နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊
အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း၊
ပြည်သူများက မိမိတို့ပေးဆောင်သည့် အခွန်ကို မှန်မှန်ကန်ကန်အသုံးပြုနေသည်ကို
သိရှိပါက အစိုးရအပေါ်ယုံကြည်မှုရှိလာမည်ဖြစ်ပါကြောင်း။
လွယ်ကူရှင်းလင်းသော အခွန်စနစ်ကို တည်ဆောက်နိုင်မှသာ
အခွန်ဝင်ငွေများ အစိုးရထံ စနစ်တကျစီးဝင်လာနိုင်မည်ဖြစ်ပြီး အခွန်စနစ်များ
မရှင်းလင်းပါက အာဏာပိုင်များ၏ interpretation ပေါ်မူတည်၍ လာဘ်ပေးလာဘ်ယူမှုများ ဖြစ်လာပါကြောင်း၊
အခွန်ရှောင်မှုကြောင့် အစိုးရ၏ ဝင်ငွေများကို လျော့နည်းစေသည့်အပြင် ဝန်ထမ်းသည်လည်း
မိမိ၏တာဝန်သည် ပြည်သူ့ဝန်ဆောင်မှုပေးရမည်ကို မေ့လျော့၍ မိမိ၏တာဝန်ကို လုပ်ပိုင်ခွင့်သဖွယ်
ကျင့်သုံးလာပါကြောင်း၊ အဂတိဝန်ထမ်းများ များပြားလာပါက အစိုးရအပေါ် ယုံကြည်မှုလျော့နည်းလာမည်ဖြစ်ပါကြောင်း။
အခွန်စနစ် (tax) သည် အဂတိ (Corruption) နှင့် တိုက်ရိုက်ဆက်စပ်နေပြီး နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်
အခွန်နှင့် အဂတိနှစ်ခုလုံးသည် နိုင်ငံ၏ဝင်ငွေစီးဆင်းမှု၊ အစိုးရအပေါ်
ယုံကြည်မှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုဝန်းကျင်တို့ကို တိုက်ရိုက်သက်ရောက်မှုရှိပါကြောင်း၊
ကုန်စည်အမျိုးအစားများအလိုက် တိုးတက်ကောက်ခံသော အခွန်နှုန်းများသည် နိုင်ငံတော်၏ ဝင်ငွေများဖြစ်ရန်လိုအပ်ပါကြောင်း၊
တာဝန်ရှိသူအနေဖြင့်လည်း လုပ်ပိုင်ခွင့်အပေါ် အဂတိကင်းစွာဆောင်ရွက်ကြရန် အထူးအရေးကြီးပြီး
အဂတိကင်းမှသာ အခွန်ပေးဆောင်ခြင်းကို နိုင်ငံသားတို့၏ တာဝန်တစ်ရပ်ဟု သိမြင်လာမည်ဖြစ်ပါကြောင်း၊
Strong Tax System ရှိမှသာလျှင် Strong State ဟု သတ်မှတ်နိုင်ပြီး GDP တိုးတက်နှုန်းလည်း ပိုမိုမြင့်မားလာမည်ဖြစ်ပါကြောင်း။
အဂတိပြဿနာသည် စနစ်ယိုယွင်းမှုကြောင့် ဖြစ်ပေါ်လာရသည့်
ပြဿနာဖြစ်ပြီး ယူသူကိုသာမကပေးသူကိုပါ တစ်ပြိုင်တည်းထိန်းချုပ်နိုင်မှသာ
နိုင်ငံတော်အတွက် အမှန်တကယ်သန့်ရှင်းသည့် အုပ်ချုပ်ရေးစနစ်ကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊
ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးသည်
အရေးအကြီးဆုံးဖြစ်သည့်အတွက် အခွန်နှင့်အဂတိကို ထိရောက်သော အစီအမံများဖြင့်
အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါရန် အဆိုတင်သွင်းသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၂) ဒေါ်ခင်သန်းဦးက ထောက်ခံသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်
သင့်၊ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောတူသဖြင့် အဆိုအားလွှတ်တော်က ဆွေးနွေးမည်ဖြစ်ကြောင်းနှင့်
ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမျိုးသားလွှတ်တော်ရုံး
ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် တတိယအကြိမ် အမျိုးသားလွှတ်တော်
ဒုတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၃
ရက်မြောက်နေ့ကို ဇူလိုင် ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment