Wednesday, July 29, 2026

မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်နှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုအပေါ် နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုး ရှင်းလင်းဖြေကြား


မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်ကို ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(ရန်ကုန်) ကျင်းပခဲ့ပြီး ဖိုရမ်နှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုများအပေါ် နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ရှင်းလင်းဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည် -

မေး။           ဒီနေ့ကျင်းပတဲ့ မြန်မာ-ဂျပန် စီးပွားရေးဖိုရမ် ကျင်းပမှုနဲ့ပတ်သက်ပြီး အရင်ဆုံး ပြောကြားပေးစေလိုပါတယ်။

ဖြေ။            ဒီနေ့ပြုလုပ်တဲ့ မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်က မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအသင်း၊ ဂျပန်နိုင်ငံက INGO Peace နဲ့ မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ဂျပန်နဲ့မြန်မာအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ဖို့၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ကို ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

မေး။           ဒီနေ့ဖိုရမ်ကို နိုင်ငံတော်သမ္မတကြီးလည်း တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ ဒီကနေ နှစ်နိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ၊ အလားအလာကောင်းတွေ ရရှိနိုင်မယ်ဆိုတာ သိပါရစေ။

ဖြေ။            ဂျပန်-မြန်မာ နှစ်နိုင်ငံပြည်သူတွေအကြားမှာ နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံခဲ့ကြတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ပြီးတော့ စီးပွားရေးနဲ့ပတ်သက်ရင် ဂျပန်နိုင်ငံက ကျွန်မတို့နိုင်ငံရဲ့ ကုန်သွယ်မှုမှာ အဆင့် () ရင်းနှီးမြှုပ်နှံမှုမှာ အဆင့် () ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မှုတွေ မြင့်မားခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ နောက်တစ်ခါ သီလဝါ SEZ မှာဆိုရင် ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက ၂၉ ဒသမ ၉၂ ရာခိုင်နှုန်းအထိ မြင့်မားခဲ့တာကို တွေ့ရပါတယ်။ အဲဒီတော့ ဂျပန်နဲ့ မြန်မာနိုင်ငံအကြားမှာ ချစ်ကြည်ရင်းနှီးမှုအရ၊ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုက မြင့်မားပါတယ်။ ဒါကြောင့် ဒါကိုအလေးထားတဲ့အနေနဲ့ နိုင်ငံတော်သမ္မတကိုယ်တိုင် ဒီနေ့ စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ပါတယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေကို မြှင့်တင်ဖို့၊ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ဖို့အတွက် ဖိတ်ခေါ်ခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ဆောင်ရွက်မယ်ဆိုရင် ဒီလိုရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ဖို့အတွက် ဝန်းကျင်ကောင်းတွေ ဖန်တီးပေးပါ့မယ်ဆိုပြီး သမ္မတကြီးက မိန့်ခွန်းမှာထည့်ပြီး ပြောကြားခဲ့ပါတယ်။

မေး။           ဒီနေ့ ရင်းနှီးမြှုပ်နှံမှုအတွက် ထပ်ပြီးဖိတ်ခေါ်ခဲ့တယ်။ ဖိုရမ်မှာ ဂျပန်နိုင်ငံက ပါဝင်တက်ရောက်တဲ့ စီးပွားရေးလုပ်ငန်းရှင် အရေအတွက်ကိုလည်း သိပါရစေ။

ဖြေ။            ဒီနေ့ စီးပွားရေးဖိုရမ်ကို ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင် ၉၄ ဦး တက်ရောက်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံဘက်က ၃၀၀ ကျော် တက်ရောက်ပါတယ်။

မေး။          နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတွေကနေတစ်ဆင့် ရရှိလာမယ့် ရလဒ်ကောင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း သိပါရစေ။

ဖြေ။            ဒီနေ့ စီးပွားရေးဖိုရမ်မှာ ပထမပိုင်းက ဖိုရမ်ဖွင့်ပွဲပါ။ ဒုတိယပိုင်းမှာတော့ မျက်နှာစုံညီဆွေးနွေးပွဲတွေ လုပ်မှာပါ။ ဒီဆွေးနွေးပွဲကနေ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ ကျွန်မတို့ဘက်က မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ကျွန်မတို့ဘက်က ပံ့ပိုးမှုပြုလုပ်သွားမယ့်အရာတွေကို ဆွေးနွေးကြမှာပါ။ ပြီးရင် MoU လေးခု လက်မှတ်ရေးထိုးသွားမှာပါ။ ခုနက ဆွေးနွေးမှုတွေကနေတစ်ဆင့် ဂျပန်နိုင်ငံရဲ့ ကုန်သွယ်မှု တိုးမြှင့်ဖို့ကိစ္စတွေ၊ ပြည်သူတွေအကြား၊ ကုမ္ပဏီအချင်းချင်းကြားမှာ Business to Business (B to B) စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်နိုင်မယ်၊ ချစ်ကြည်ရင်းနှီးမှုတွေကို တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်မတို့နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်တယ်။ သဘာဝအရင်းအမြစ်ပေါများတဲ့နိုင်ငံ ဖြစ်ပါတယ်။ စိုက်ပျိုးမြေဧရိယာလည်း ကျယ်တယ်၊ ကျွန်မတို့နိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးကို အဓိကအားထားတဲ့နိုင်ငံ ဖြစ်ပါတယ်။ အဲဒီတော့ ဒီကဏ္ဍတွေမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ပါတယ်။

နောက်တစ်ခုက ကျွန်မတို့နိုင်ငံမှာ လူငယ်လုပ်သားအင်အားလည်း ပေါများတဲ့ အနေအထားလည်း ရှိပါတယ်။ ဒါကကျွန်မတို့နိုင်ငံရဲ့ အားသာချက်ပါ။ ဂျပန်နိုင်ငံရဲ့ အားသာချက်ကတော့ သူတို့မှာနည်းပညာတွေရှိတယ်၊ အရင်းအနှီးရှိတယ်၊ အဲဒီတော့ ကျွန်မတို့နိုင်ငံကို လာပြီးတော့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ကျွန်မတို့နိုင်ငံရဲ့ အားသာချက်နဲ့ ဂျပန်နိုင်ငံရဲ့ အားသာချက် ဒါကိုပူးပေါင်းဆောင်ရွက်လိုက်ရင် နှစ်နိုင်ငံလုံးအတွက် Win-Win Situation ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူတွေရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာ အထောက် အကူဖြစ်မှာပါလို့ ပြောကြားလိုပါတယ်။

သတင်းအဖွဲ့

No comments:

Post a Comment