နေပြည်တော် ဇူလိုင် ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟုယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရေး ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။
ထိုသို့ ဖိတ်ခေါ်ချက်အရ
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့်
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင်
နေပြည်တော်ရှိ သင်္ဂဟဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊
ALP ဥက္ကဋ္ဌ စောမြရာဇာလင်း၊ အတွင်းရေးမှူး စောမြသန္တာ၊ တွဲဖက်အတွင်းရေးမှူး (၁) ခိုင်သူရိန်စိုးတင့်၊
ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ခိုင်မောင်သိန်းဦးနှင့် ခိုင်ဦးတင်ထွန်းတို့ပါဝင်သည့်
ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင်
ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က NCA-S EAO ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့်
ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းနှင့်မဆို တွေ့ဆုံဆွေးနွေးနိုင်ရန် လမ်းဖွင့်ထားပါကြောင်း၊
NCA-S EAO ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့် ဆက်လက်ဆွေးနွေးပြီး တစ်ဖွဲ့ချင်းနှင့်လည်း
Bilateral တွေ့ဆုံဆွေးနွေး၍ လိုအပ်ချက်များအား သက်ဆိုင်ရာဝန်ကြီးဌာနများ၏ မူဝါဒများနှင့်အညီ
ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းက ပြည်သူလူထုအား ငြိမ်းချမ်းသည့် အမိုးအကာအောက်တွင် နေထိုင်နိုင်ရန်
ဆွေးနွေးနေခြင်းဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်မှ စတင်၍ ငြိမ်းချမ်းရေးလမ်းကြောင်းအား
လျှောက်လှမ်းခဲ့ပြီး NCA ကြိုးပမ်းစဉ်တစ်လျှောက်လုံး ရှေ့တန်းကပါဝင်၍ ယနေ့အချိန်အထိ
ငြိမ်းချမ်းရေးအား ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပဋိပက္ခများရပ်တန့်ရန် ငြိမ်းချမ်းရေးအား
ဆွေးနွေးခြင်းဖြစ်ကြောင်း၊ NCA စာချုပ်ပါ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်
ပြည်ထောင်စုကို နိုင်ငံရေးရလဒ်များနှင့်အညီ ကြိုးစားရန် အချိန်ကျနေပြီဖြစ်ပါကြောင်း၊
ယနေ့အချိန်အခါသည် အခွင့်ကောင်း၊ အချိန်ကောင်းဖြစ်ပါကြောင်းနှင့် ပြည်သူလူထုအကျိုးကိုရှေးရှု၍
ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးကို ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို
အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးရလဒ်များနှင့်အညီ တည်ဆောက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ရေး၊
နှစ်ဖက်ယုံကြည်မှုကို ထိခိုက်စေမည့်လုပ်ရပ်များ မဖြစ်ပွားစေရေး၊ ရခိုင်ပြည်နယ် စစ်တွေမြို့နှင့်
ဧရာဝတီတိုင်းဒေသကြီးတို့အတွင်း ရောက်ရှိနေသော ပြည်သူများ၏ စားဝတ်နေရေးအဆင်ပြေစေရေးနှင့်
လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရေး ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးကြသည်။
ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး
မင်းနိုင်က နိုင်ငံတော်အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒများချမှတ်ဆောင်ရွက်ခြင်းနှင့်
ကော်မတီများပြန်လည်ဖွဲ့စည်းမှုများ၊ နိုင်ငံတော်သမ္မတ၏ ငြိမ်းချမ်းရေးဆိုင်ရာ လမ်းညွှန်မှာကြားချက်များကို
အခြေခံ၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်
အလေးထားဆွေးနွေးအဖြေရှာနိုင်ရေး ပူးပေါင်းလုပ်ဆောင်သွားကြရန်နှင့် ALP အနေဖြင့် ရခိုင်ပြည်တည်ငြိမ်အေးချမ်းရေးအတွက်
တစ်ဖက်တစ်လမ်းမှ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် အထောက်အကူပြု ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို
ဆွေးနွေးသည်။
ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ်
မှတ်တမ်းတင်နိုင်ရန်ညှိနှိုင်းပြီး မှတ်တမ်းအား လက်မှတ်ရေးထိုး အတည်ပြုကြသည်။
ယင်းနောက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းက ကျေးဇူးတင်စကားပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က
နိဂုံးချုပ်အမှာစကားပြောကြားကာ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်၍ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment