နေပြည်တော် ဇွန် ၁၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုဦးတည်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်နိုင်ရန် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခဲ့သည်။
ထိုသို့ဖိတ်ခေါ်ခဲ့မှုအရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၇ ရက်တွင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် ရှမ်းပြည်နယ် မိုင်းလားမြို့သို့သွားရောက်ခဲ့ရာ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ၊ အမျိုးသားဒီမို ကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဥက္ကဋ္ဌ ဦးထိန်လင်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် တွေ့ဆုံဆွေးနွေးပွဲကျင်းပရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မှ ဥက္ကဋ္ဌ ဦးထိန်လင်း၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ အမြဲတမ်းကော်မတီဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အစိုးရသစ်ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအားပြောကြားပြီး အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခြင်းအတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နိုင်ငံတော်သမ္မတအနေဖြင့် အစိုးရသစ်၏ လုပ်ငန်းစဉ်များတွင် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားတည်ငြိမ်ရေးတို့ကို ဦးစားပေးဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် မိမိတို့အနေဖြင့် အလေးထားအသိအမှတ်ပြုပါကြောင်း၊ အထူးသဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အရေးကြီးကဏ္ဍတွင် ထားရှိခြင်းအပေါ် အပြုသဘောဆောင်တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း၊ ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုးစေရန် တစိုက်မတ်မတ် လျှောက်လှမ်းလျက် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာ သင်ကြားရေး ဆရာ ဆရာမ လိုအပ်ချက်များ၊ စိုက်ပျိုးမွေးမြူရေးကိစ္စများ၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား တိုက်ဖျက်ရေး၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများနှိမ်နင်းရေး၊ လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုလွယ်ကူချောမွေ့စေရေးကိစ္စများ၊ ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ဇွန် ၁၈ ရက်တွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်နယ် ပန်ဆန်းမြို့သို့သွားရောက်ခဲ့ရာ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းနှင့် အဆင့်မြင့်ခေါင်းဆောင်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့က ကြိုဆိုကြပြီး တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပသည်။
တွေ့ဆုံပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ငြိမ်းချမ်းရေးကော်မတီ သုံးရပ် ဖွဲ့စည်းထားမှုနှင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့မှုအခြေအနေ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားပြီး “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌက အဖွဲ့အစည်း၏ ရပ်တည်ချက်နှင့် သဘောထားများ၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးကို အစဉ်တစိုက် ထိန်းသိမ်းဆောင်ရွက်နေမှု၊ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရသစ်၏ ဦးဆောင်မှု အောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပြည်သူ့နေထိုင်မှုဘဝ တည်ဆောက်ရေးကို ရှေ့ဆက်တိုးမြှင့်ဆောင်ရွက်လိုမှုအခြေအနေများ၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းနိုင်ရေးကိစ္စများ၊ ဒေသဆိုင်ရာကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက လက်ရှိ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ၊ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်နေမှု၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လက်ရှိအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်သည့် နိုင်ငံရေးရည်မှန်းချက်များထားရှိ ဖော်ဆောင်နိုင်ရေးကိစ္စများကို နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


No comments:
Post a Comment