Thursday, June 4, 2026

ဒုတိယသမ္မတ ဦးညိုစော ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး H.E. Mr. Anton Kobyakov နှင့် ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး Mr. Alexander Sergeevich Shatirov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား သီးခြားစီလက်ခံတွေ့ဆုံ


နေပြည်တော် ဇွန်

(၂၉) ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ် (29th St. Petersburg International Economic Forum- SPIEF 2026) သို့တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောသည် ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး H. E. Mr. Anton Kobyakov နှင့် ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ (Fund RC-Investments) ညွှန်ကြားရေးမှူး Mr . Alexander Sergeevich Shatirov ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တို့အား ယနေ့တွင် စိန့်ပီတာစဘတ်မြို့ရှိ EXPOFORUM Convention and Exhibition Centre ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူးနှင့်တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့အပါအဝင် ကဏ္ဍစုံကျယ်ပြန့်စွာ ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း။

ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ (Fund RC-Investments) ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံသက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် ရော့စ်ကွန်ဂရက်စ် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အဖွဲ့အကြား စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍတို့၌ အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအလိုက် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ဆက်လက်တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်၊ စိန့်ပီတာ စဘတ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး၊ ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူးတို့နှင့်အတူ တာဝန်ရှိသူများတက်ရောက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment