Thursday, June 4, 2026

အွန်လိုင်းလိမ်လည်လောင်းကစားမှု အရှိန်အဟုန်မြှင့်တင်တိုက်ဖျက်

မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့်အတူ ဖြစ်ပေါ်နေသည့် ဒုစရိုက်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တက်တက်ကြွကြွ အရှိန်အဟုန်မြှင့်တင်ပြီး သက်ဆိုင်ရာနိုင်ငံများနှင့်ပူးပေါင်းကာ တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို နိုင်ငံအတွင်း အခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းပြီး တက်ကြွစွာဆောင်ရွက်လျက်ရှိသည်။

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများသည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လှုပ်ရှားစိုးမိုးလျက်ရှိသော ရှမ်းပြည်နယ် နမ့်ခမ်း၊ မူဆယ်၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ပန်ဆန်း၊ မိုင်းလားနှင့် တာချီလိတ်အစရှိသည့် တရုတ်-မြန်မာနယ်စပ်ဒေသများနှင့် ကရင်ပြည်နယ် မြဝတီ၊ ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး၊ မင်းလက်ပံနှင့် ဘုရားသုံးဆူ အစရှိသည့် မြန်မာ-ထိုင်း နယ်စပ်ဒေသများတွင် အခြေပြုလုပ်ကိုင်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ အဆိုပါအွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများသည် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်သော (National Security Treat) ရာဇဝတ်မှုခင်းများဖြစ်သည့်အပြင် ယင်းရာဇဝတ်မှုများသည် လူအများစုအပေါ်ကျူးလွန်သော ရာဇဝတ်မှုအဖြစ်သတ်မှတ်ထားပြီး ထွက်ပေါ်လာသောရလဒ်နှင့် ဆိုးကျိုးများကို နိုင်ငံအသီးသီးက ပြင်းထန်စွာခံစားနေရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အလေးထားတိုက်ဖျက်လျက်ရှိရာ ဖမ်းဆီးရမိမှုများတွင် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ အများဆုံးဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှ ၂၀၂၆ ခုနှစ် မေလ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံ နယ်စပ်ဒေသများသို့ တရားမဝင် ဝင်ရောက်၍ အွန်လိုင်းလိမ်လည်မှုများပြုလုပ်ခြင်း၊ ကာစီနိုကစားဝိုင်းများပြုလုပ်ခြင်း၊ အနှိပ်ခန်းနှင့် တရားမဝင်ပြည့်တန်ဆာလုပ်ငန်းများပြုလုပ်ခြင်းနှင့် စားသောက်ဆိုင်လုပ်ငန်းများ စသည့် တရားမဝင်၊ အထောက်အထားမဲ့ဝင်ရောက်လာသူ နိုင်ငံခြားသား ၇၂၆၁၉ ဦးတို့ကို ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

အဆိုပါတရားမဝင် နိုင်ငံခြားသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှုကာ ပြည်တွင်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခြင်းမပြုဘဲ သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့သည်။ ရှမ်းပြည်နယ်အတွင်း၌ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများအပါအဝင် တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၅၆၉၁၈ ဦးတို့ကို နယ်စပ်ဂိတ်အသီးသီးနှင့် လာအိုနိုင်ငံ မိုင်းမောဆိပ်ကမ်းနှင့် ဝမ်ပုံဆိပ်ကမ်းတို့မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။ ကရင်ပြည်နယ်မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများလုပ်ကိုင်ခဲ့ကြသော နိုင်ငံခြားသားများအနက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် မေလ ၂၆ ရက်အထိ နိုင်ငံခြားသား ၁၄၆၈၅ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ၁၃၅၂၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးအပ်နိုင်ခဲ့ရာ လက်ရှိတွင် လွှဲပြောင်းပေးအပ်ရန် နိုင်ငံခြားသား ၁၁၆၄ ဦးသာ ကျန်ရှိသည်။

အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုပပျောက်ရေးအတွက် တပ်မတော်စစ်ကြောင်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း၌ အွန်လိုင်းလောင်းကစားပြုလုပ်သည့် အဆောက်အအုံများ အများဆုံးတွေ့ရှိခဲ့ပြီး အဆိုပါအဆောက်အအုံများကို ဥပဒေနှင့်အညီ ဖောက်ခွဲဖျက်ဆီးခြင်း၊ စက်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည်။ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကြောင့် နိုင်ငံတော်နှင့်ပြည်သူများအနေဖြင့် ထိခိုက် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် အဆိုပါဒုစရိုက်မှုများကို ဆိုက်ဘာလုံခြုံရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပြီး ယင်းတို့နှင့်ဆက်စပ်ဖြစ်ပွားသော လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ ငွေကြေးခဝါချမှုများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိသည်။ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကိုလည်း ပြည်သူများအနေဖြင့် လေ့လာအကြံပြုနိုင်ရန် ထုတ်ပြန်အသိပေးထားသည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်နေသော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရန် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ပြီး အိမ်နီးချင်းနှင့်ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ဒုက္ခရောက်ကြသည့် လူကုန်ကူးခံရသော နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေးကို ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။ ။

No comments:

Post a Comment