Saturday, June 20, 2026

တပ်မတော်စစ်ကြောင်းများက ကလေး- တမူးလမ်းကြောင်းပေါ်ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ခါမ်းပါတ်မြို့အား ပြန်လည်သိမ်းပိုက်ရရှိ၊ ကလေး-တမူးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိ

 

နေပြည်တော် ဇွန် ၂၀

တပ်မတော်အနေဖြင့် နယ်မြေဒေသအေးချမ်းသာယာ၍ ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင်လည်း နိုင်ငံတော်အစိုးရ၊ ဒေသခံပြည်သူလူထုတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး-တမူးလမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဆိုပါလမ်းကြောင်းပေါ်ရှိ နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေးအရ အရေးပါသည့် ခါမ်းပါတ်မြို့အား ယနေ့တွင် ပြန်လည်ထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။







ကလေး - တမူး လမ်းကြောင်းအား အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများခွဲ၍ ဟန်ချက်ညီညီ ချီတက်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ ကလေးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းများသည် ဇွန်လ ၇ ရက်နေ့တွင် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် အရှေ့ခုံသာကျေးရွာ၊ ၅၆ မိုင်ကျေးရွာ ၊ ၅၅ မိုင်ကျေးရွာတို့အားလည်းကောင်း၊ အလားတူ တမူးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းများသည် နန်းမွတ်တားကျေးရွာ၊ ရန်လင်းပိုင်ကျေးရွာနှင့် ၎င်းကျေးရွာအနီး နှစ်နိုင်ငံနယ်စပ်ရှိ အကြမ်းဖက်သမားများအခြေချနေထိုင်သည့် စခန်းတို့အား လည်းကောင်း၊ ဇွန်လ ၁၃ ရက်တွင် ရာဇဂြိုဟ်ကျေးရွာနှင့် ရာဇဂြိုဟ်ရေလှောင်တမံတို့အား လည်းကောင်း၊ ဇွန်လ ၁၅ ရက်တွင် ရန်မျိုးအောင်ကျေးရွာအား လည်းကောင်း၊ ဇွန်လ ၁၆ ရက်တွင် စော်ဘွားရေရှင်ကျေးရွာအား လည်းကောင်း၊ ဇွန်လ ၁၇ ရက်တွင် ကျွန်းတောရေရှင်ကျေးရွာအားလည်းကောင်း သိမ်းပိုက်ရှိခဲ့ပြီး ဖြစ်သည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ခဲ့ရာ ကလေးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းများသည် ဇွန်လ ၁၉ ရက်တွင် ခွန်နိုင်းကျေးရွာနှင့် နန်းခေါက်ခေါက်ကျေးရွာတို့အား လည်းကောင်း၊ ယနေ့တွင် နန်းကတိတ်ကျေးရွာနှင့် ခါမ်းပါတ်မြို့အား လည်းကောင်း အောင်မြင်စွာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် ထိခိုက်သေဆုံးမှုများစွာဖြင့် မြို့၏မြောက်ဘက်သို့ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့သဖြင့် အဆိုပါပတ်ဝန်းကျင်တစ်ဝိုက်အား လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အသေးစိတ်ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ယနေ့သိမ်းပိုက်ရရှိခဲ့သော ခါမ်းပါတ်မြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းပါဝင်သည့် မြို့နယ်ခွဲတစ်ခုဖြစ်ပြီး အိန္ဒိယနယ်စပ်အနီး၌ တည်ရှိသောကြောင့် ကလေး - တမူးလမ်းကြောင်းပေါ်ရှိ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော မြို့တစ်မြို့ဖြစ်သည်။ ခမ်းပါတ်မြို့အား PDF အမည်ခံအကြမ်းဖက်သမားများက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် ယာယီစိုးမိုး၍ ဒေသခံတိုင်းရင်းသားပြည်သူများအား လူသားတံတိုင်းပြုလုပ်ကာ မြို့အား စစ်စခန်းအဖြစ် အခိုင်အမာခံစစ်ဆင်ခဲ့ရာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပိတ်ဆို့ခဲ့ရပြီး နှစ်နိုင်ငံကုန်စည်စီးဆင်းမှုမရှိတော့ဘဲ ဒေသခံပြည်သူများ၏ ပို့ကုန်/သွင်းကုန်များ စီးဆင်းမှုလည်း ရပ်တန့်ခဲ့ရသည်။ ထို့ပြင် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နယ်စပ်ဒေသလုံခြုံရေး၊ ဒေသစီမံခန့်ခွဲရေးနှင့် ကုန်သွယ်မှုပြန်လည်လည်ပတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေသဖြင့် အဘက်ဘက်မှ များစွာနစ်နာ ဆုံးရှုံးခဲ့ရသည်။

ထို့ပြင် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် ခါမ်းပတ်မြို့အပါအဝင် အဆိုပါဒေသရှိ မြို့/ရွာများအား ယာယီစိုးမိုးထားစဉ်အတွင်း အများပြည်သူသွားလာ အသုံးပြုလျက်ရှိသည့် လမ်း/တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ လမ်းကြောင်းတစ်လျှောက် သွားလာနေကြသည့် ကုန်တင်ယာဉ်များနှင့် ခရီးသွားယာဉ်များအား ဆက်ကြေးများကောက်ခံခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်းများစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည့်အပြင် ပြည်သူလူထု၏ နေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများအတွင်း သဲအိတ်များစီ၍ ဘန်ကာများပြုလုပ်ထားခြင်း၊ မြို့/ရွာများအတွင် မိုင်းများထောင်ခြင်း၊ ခြံဝန်းများအတွင်း ခံစစ်ပစ်ကျင်းများတူးဖော်၍ အခိုင်အမာခံစစ်ဆင်ကာ စစ်စခန်းများအဖြစ် အသုံးချထားသည်ကို တွေ့ရှိရသည်။

ယခုအခါ တပ်မတော်စစ်ကြောင်းများသည် ခါမ်းပါတ်မြို့အပါအဝင် ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့/ရွာများ၌ ဒေသခံပြည်သူများ အမြန်ဆုံးပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ လမ်းတံတားများပြုပြင်ခြင်းနှင့် မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကလေး-တမူး လမ်းကြောင်းအား အမြန်ဆုံး ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ခါမ်းပါတ်မြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံနှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်ဒေသစီမံခန့်ခွဲရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ ကုန်သွယ်မှုပြန်လည်လည်ပတ်နိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပြန်လည်ဆောင်ရွက်နိုင်တော့မည့်အပြင် ဒေသခံတိုင်းရင်းသားပြည်သူများ၏ နေ့စဉ်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ပြည်သူလူထု၏ ခရီးသွားလာရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာဝန်ဆောင်မှုများကို ပြန်လည်ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်သည်။

တပ်မတော်စစ်ကြာင်းများအနေဖြင့် ကလေး-တမူးလမ်းကြောင်းအား အလုံးစုံ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံနှင့်ဒေသအတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် အကြမ်းဖက်သောင်းကျန်းသူများအား အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter-Terriosm Operation) ဖြင့် လိုအပ်သလို ဆက်လက်၍ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment