Saturday, June 20, 2026

လုံခြုံရေးတပ်ဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာနှင့် သရက်ကန်ကျေးရွာကြားရှိ ကမ္မ-မြိုင်သွားကားလမ်းမပေါ်၌ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံ ၈ဝ လုံးအား ထပ်မံဖယ်ရှားရှင်းလင်း

 

နေပြည်တော် ဇွန် ၂၀

PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် မြိုင်မြို့နယ်သို့ ဆက်သွယ်ထားသည့် ကမ္မ-မြိုင်သွားကားလမ်းတစ်လျှောက်တွင် အများပြည်သူဖြတ်သန်းသွားလာရေးခက်ခဲစေရန် ရည်ရွယ်၍ ကတ္တရာလမ်းအား ကျင်းတူးပြီး ဆီပေပါခွံများဖြင့် ကားမိုင်းအဖြစ်ပြုလုပ်ကာ မိုင်းထောင်ပိတ်ဆို့ထားရှိကြောင်း တာဝန်သိဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဆိုပါကားလမ်းတစ်လျှောက် မိုင်းရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။









ထိုသို့ဆောင်ရွက်လျက်ရှိရာ မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာနှင့် သရက်ကန်ကျေးရွာ ကြားရှိ ကမ္မ-မြိုင်သွားကားလမ်းဘေးဝဲ/ယာဘက်များ၌ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ထောင်ထားသည့် ဆီပေပါဖြင့် ပြုလုပ်ထားသည့် ကားမိုင်းကြီး ၂၀ လုံး၊ လက်လုပ်ရှေ့ထွက်မိုင်း ၁၇ လုံး၊ လက်လုပ်ကားနင်းမိုင်း ၁၅ လုံး၊ လက်လုပ်တိုက်မိုင်း ၈ လုံး၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၆ လုံး၊ ဒေသန္တရလက်လုပ်နင်းမိုင်း ၁၂ လုံး၊ အမ်-၁၄ နင်းမိုင်း ၂ လုံး၊ စုစုပေါင်းလက်လုပ်မိုင်းမျိုးစုံ ၈၀ လုံးတို့ကို ဇွန်လ ၁၉ ရက်နေ့တွင် ထပ်မံတွေ့ရှိခဲ့ပြီး အဆိုပါမိုင်းများအား ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရေးအတွက် သက်မဲ့ပြုလုပ်ကာ စနစ်တကျဖယ်ရှားရှင်းလင်းနိုင်ခဲ့သည်။ ထို့ပြင် သရက်ကန်ကျေးရွာအနီးရှိ အကျယ် ၂၈ ပေ၊ အရှည် ၁၂ ပေခန့်ရှိ ပျက်စီးနေသည့် တံတားတစ်စင်းအား မိုင်းရှင်းလင်းကာ ကျောက်၊ သစ်တုံး၊ သဲအိတ်များဖို့၍ ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့၍ ဒေသခံပြည်သူများ အန္တရာယ်ကင်းစွာ အသုံးပြုဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ယခုကဲ့သို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများ၊ ရထားလမ်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment