Friday, June 5, 2026

ပူတာအိုမြို့သို့ ဌာနဆိုင်ရာလုပ်ငန်းသုံးပစ္စည်းများအား မြစ်ကြီးနားမြို့မှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်



နေပြည်တော် ဇွန် ၅

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသတွင်းလူမှု စီးပွားဘဝများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် မြို့၊ ရွာများနှင့် ဝေးလံခေါင်ဖျားပြီး သွားလာရေးခက်ခဲသော ဒေသများ၌ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ပညာရေးကဏ္ဍ မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ပြည်သူလူထု၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်အတွက် လိုအပ်သည်များကို လုပ်ဆောင်ပေးရန် လမ်းညွှန်ထားရှိရာ တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်ကို အကောင်အထည်ဖော်ရန်အတွက် ဝေးလံခေါင်းဖျားပြီး သွားလာရေးခက်ခဲသောဒေသများသို့ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဌာနဆိုင်ရာအတွက် လိုအပ်သော ရုံးသုံးပစ္စည်းများ၊ ပြည်သူလူထု၏ စားသောက်ရေးအဆင်ပြေစေရန်အတွက် လိုအပ်သော စားသောက်ကုန်များ၊ လူသုံးကုန်များ၊ ပညာရေးကဏ္ဍမြှင့်တင်ရန်အတွက် လိုအပ်သော ကျောင်းသုံးပစ္စည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သော ဆေးဝါးနှင့် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။









ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင်လည်း ပူတာအိုမြို့သို့ ပို့ဆောင်ရန်အတွက် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်ထားသော ပညာရေးကဏ္ဍ မြှင့်တင်ရန်အတွက် ကျောင်းသုံးစာအုပ်များ၊ ပညာသင်ထောက်ပံ့ပစ္စည်းများနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆေးနှင့် ဆေးဝါးပစ္စည်းများအား တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက တပ်မတော် လေယာဉ်ပေါ်သို့ သယ်ယူပို့ဆောင်ပေးနေမှုများကို ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။

အဆိုပါဌာနဆိုင်ရာလုပ်ငန်းသုံးပစ္စည်းများအား တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမှ ပူတာအိုသို့ ၂ ကြိမ် ပို့ဆောင်ပေးခဲ့ပြီး ပူတာအိုမြို့သို့ ရောက်ရှိလာသော ၎င်းပစ္စည်းများအား တာဝန်ရှိသူများက လက်ခံရယူ၍ သက်ဆိုင်ရာဌာနများသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment