နေပြည်တော် ဇွန် ၁၀
CNF ၊ CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ချင်းပြည်နယ်အတွင်းရှိ မြို့/ရွာများအတွင်း ဝင်ရောက်ကာ နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန် လူနေအိမ်များနှင့် ဌာနဆိုင်ရာအဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ အဆောက်အအုံများအား အကာအကွယ်ရယူ၍ ယာယီစစ်စခန်းတည်ဆောက်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိကြသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ CNF ၊ CDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီမှစ၍ ထန်တလန်မြို့၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား သာလွန်အင်အားဖြင့် အလစ်အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ပြီး ဌာနဆိုင်ရာအဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ကာ ထန်တလန်မြို့အား ယာယီစိုးမိုးထိန်းချုပ်ခဲ့သည်။ ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက ထန်တလန်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် နှောင့်ယှက်ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအား အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ကို ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ယာယီထိန်းချုပ်ထားခဲ့သည့် ထန်တလန်မြို့အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်တွင် တပ်မတော်စစ်ကြောင်းများက အောင်မြင်စွာထိန်းချုပ်ထားနိုင်ခဲ့သည်။
ထိုသို့ ပြန်လည်ထိန်းချုပ်ပြီး ထန်တလန်ဒေသရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း အကြမ်းဖက်သောင်းကျန်းသူများက အဖျက်အမှောင့်လုပ်ရပ်များလုပ်ဆောင်ကာ အဆိုပါဒေသရှိ ဆက်သွယ်ရေးလမ်းကြောင်းများအား ဖြတ်တောက်တားဆီးနှောင့်ယှက်မှုများကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုရပ်တန့်ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် များစွာ နှောင့်နှေးကြန့်ကြာခဲ့ရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ချင်းပြည်နယ်အတွင်းရှိ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့ရွာများအား ပြန်လည်တိုက်ခိုက်ထိန်းချုပ်ကာ ဆက်သွယ်ရေးလမ်းကြောင်းများအား ပြန်လည်ဖွင့်လှစ်၍ ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို မော်တော်ယာဉ်များဖြင့် အင်တိုက်အားတိုက် ပို့ဆောင်ပေးလျက်ရှိသည်။ ထို့အတူ ထန်တလန်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အဓိကကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့် ဟားခါး-ထန်တလန် ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးအတွက် ဟားခါးမြို့၌ လိုအပ်သည့် စုဖွဲ့ပြင်ဆင်မှုများဆောင်ရွက်ပြီး အဆိုပါလမ်းကြောင်းတစ်လျှောက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဇွန် ၄ ရက်မှစ၍ ကန့်သတ်ချက်များကြားမှ ခက်ခက်ခဲခဲဖြင့် နယ်မြေရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ပွိုင့် ၁၉၂၁ တောင်ကုန်းအား ဇွန် ၆ ရက်တွင်လည်းကောင်း၊ ပွိုင့် ၂၀၆၉ တောင်ကုန်းအား ဇွန် ၇ ရက်တွင်လည်းကောင်း၊ တာဝါတိုင်ကုန်းစခန်းအား ဇွန် ၈ ရက်တွင်လည်းကောင်း အဆင့်ဆင့်သိမ်းပိုက်ခဲ့ပြီး ဇွန် ၉ ရက် ညနေပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသော ဟားခါး-ထန်တလန် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများအနေဖြင့် ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကာ ဒေသတွင်းကုန်စည်ပို့ဆောင်မှုများတွင် အခက်အခဲမရှိပြန်လည်အသုံးပြု သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ဟားခါး-ထန်တလန် ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည်နှင့်အညီ အဆိုပါဒေသများအတွင်း တိုက်ပွဲများကြောင့် ခေတ္တရှောင်တိမ်းနေထိုင်ခဲ့ကြသည့် နေရပ်စွန့်ခွာဒေသခံပြည်သူများ မိမိတို့အရပ်ဒေသများသို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးလိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်း၊ ဒေသခံပြည်သူများ မိုင်းအန္တရာယ်ကင်းရှင်းစေရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် ဒေသတွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဒေသခံပြည်သူများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးနှင့် ပညာရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွားဘဝများ မြင့်မားစေရေးအတွက် လိုအပ်သည့် ကူညီထောက်ပံ့ရေးပစ္စည်းများကိုလည်း ပို့ဆောင်ပေးနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။












No comments:
Post a Comment