Thursday, June 4, 2026

မြေဆီစိုစ လနယုန် ဝါးမျိုးစုံ စိုက်ပျိုးကြ


“ငှက်ပျော ကဆုန်၊ ဝါး နယုန်” ဟူသော စာဆိုနှင့်အညီ မေလကုန်၊ ဇွန်လဆန်းသည့် နယုန်လသည် ဝါးစိုက်ပျိုးရန်သင့်သည့်လဖြစ်သည်ဟု ပညာရှင်တို့ကဆိုကြသည်။ ဝါးကို မိုးရေချိန် ၇ လက်မမှ ၁၂ လက်မအထိရွာသွန်းပြီး မြေတွင်အစိုဓာတ်ရသည့်အခါတွင်မှ စိုက်ပျိုးရမည်ဟုဆိုသည်။ နယုန်လသည် မိုးဦးကျဖြစ်သည့်အလျောက် တစ်နွေလုံးနေပူခံခဲ့သည့်မြေကြီးမှာ မိုးရေနှင့်အတွေ့တွင် ရေနွေးငွေ့ကဲ့သို့ ပူအိုက်စွတ်စိုမှုဖြစ်ပေါ်သည်။ ထိုအခါ မြေကြီးအနက် လက်တစ်မိုက် (၆-၈ လက်မ) ခန့်တွင် မြှုပ်ထားသည့် ဝါးမြစ်ဆုံရှိ ဝါးမျက်စိ (Root bud) သည် မြေအပူငွေ့ကြောင့် နိုးကြွလာပြီး ထိုအဖူးမှ အပင်သစ် (မျှစ်) စတင်ထွက်ရှိလာသည်။ အကယ်၍ မိုးများချိန်ရောက်မှဝါးစိုက်လျှင် မြေအပူငွေ့မရဘဲ အဖူးပုပ်ဆွေးကာ အပင်သစ် မထွက်နိုင်တော့ကြောင်း သိရသည်။

လေ့လာတွေ့ရှိချက်များအရ ကမ္ဘာပေါ်တွင် ဝါးမျိုးစု ၈၈ စုနှင့် မျိုးစိတ် ၁၄၀၀ ရှိသည်ဟုဆိုသည်။ အာရှ-ပစိဖိတ်ဒေသတွင် ဝါးမျိုး စု ၅၀ ကျော်နှင့် မျိုးစိတ် ၉၀၀ ရှိသည့်အနက် မိမိတို့မြန်မာနိုင်ငံတွင် ဝါးမျိုးစု ၂၂ စု၊ မျိုးစိတ် ၁၀၂ မျိုးနှင့် ပေါက်ရောက်မှုဧရိယာဧက ၅ ဒသမ ၄ သန်းရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံတစ်ဝန်း ဒေသအနှံ့အပြားတွင် ဝါးများပေါက်ရောက်လျက်ရှိရာ ဝါးသယံဇာတ ကြွယ်ဝသည်ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံတွင်ပေါက်သည့်ဝါးများမှာ တရုတ်၊ ဂျပန် စသည့်နိုင်ငံတို့မှ ဝါးမျိုးများကဲ့သို့ တစ်ပင်ချင်းပေါက်သည့်ဝါးမျိုး (Monopodial) မဟုတ်ဘဲ အစုလိုက်၊ အရုံလိုက်ပေါက်သည့်ဝါးမျိုး (Sympodial) ဖြစ်သည်။ ဤဝါးမျိုးသည် မြေအောက်ပင်စည် (Rhizome) မှ အဖူး (Bud) သည် မြေအောက်ရှိ မိခင်ပင်စည်၏အနီး သို့မဟုတ် ဘေးတွင်ကပ်လျက် မျိုးပွားခြင်းကြောင့် ဝါးရုံတစ်ခုအဖြစ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ဝါးအမျိုးအစားများစွာ ပေါပေါများများပေါက်ရောက်သည့် နိုင်ငံဖြစ်သည့်အလျောက် တွင်တွင်ကျယ်ကျယ်လည်း အသုံးပြုခဲ့ကြသည်။ အိမ်ဆောက်၊ ခြံကာ၊ တံတားထိုးမှသည် လယ်လုပ်ငန်း၊ ယာလုပ်ငန်း၊ ကိုင်းလုပ်ငန်း၊ တံငါလုပ်ငန်းတို့တွင် လုပ်ငန်းသုံးကိရိယာများ၊ နေ့စဉ်အိမ်မှုကိစ္စအသုံးအဆောင်များ၊ တိုက်ခိုက်ရေးလက်နက်များအထိ ဝါးကိုသုံးစွဲခဲ့ကြခြင်းဖြစ်သည်။ မျက်မှောက်ခေတ်တွင်မူ ဝါးကိုကုန်ကြမ်းအဖြစ်သုံးစွဲ၍ နည်းပညာနှင့်ပေါင်းစပ်ပြုပြင်ကာ တန်ဖိုးမြင့်ကုန်ချောပစ္စည်းအမျိုးမျိုးတို့ ထုတ်လုပ်နေကြပြီဖြစ်သည်။ ဝါးမှ စက္ကူ၊ အဝတ်အထည်၊ ဝါးပရိဘောဂ၊ ဝါးပါကေး၊ ဝါးအထပ်သားနှင့် လက်မှုအနုပညာပစ္စည်းများ၊ ဆေးဝါးနှင့် အလှကုန်များစသည်တို့ ထုတ်လုပ်ရောင်းချလျက်ရှိသည်ဟု သိရသည်။

ဝါးမှထွက်သောမျှစ်သည် မိမိတို့နိုင်ငံအပါအဝင် အာရှနိုင်ငံများစွာတို့တွင် လူကြိုက်များသည့် အစားအစာဖြစ်သည်။ မျှစ်သည် ရှေးယခင်က တစ်နှစ်လျှင် တစ်ကြိမ်ပေါ်သည့် ရာသီစာဖြစ်သော်လည်း မျက်မှောက်ကာလတွင်မူ တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်၍ ချိန်ခါမရွေး ဈေးကွက်တွင်ရရှိနိုင်လာသည်။ ဝါးမျိုးပေါင်း ၄၀ ခန့်မှ ထွက်သည့်မျှစ်များသည် စား၍ရသောမျှစ်များဖြစ်ပြီး မျှစ်စို၊ မျှစ်ခြောက်၊ မျှစ်ချဉ်စသည်ဖြင့် ပုံစံမျိုးစုံဖြင့် စားသုံးကြသည်။ မျှင်၊ ဝါးပိုး၊ ကြသောင်း၊ ကြလို၊ ကလွေ၊ ဝါးနီ စသည့်ဝါးမျိုးများမှရရှိသည့် မျှစ်များမှာလူကြိုက်များသည့် မျှစ်များဖြစ်ကြသည်။ အာဟာရဓာတ်များအနေဖြင့် လတ်ဆတ်သောမျှစ်တွင် ရေဓာတ် ၈၈ မှ ၉၃ ရာခိုင်နှုန်း၊ ပရိုတင်း ၁ ဒသမ ၅ ရာခိုင်နှုန်း၊ အဆီဓာတ် ဝ ဒသမ ၂၅ မှ ဝ ဒသမ ၉၅ ရာခိုင်နှုန်း၊ သကြားဓာတ် ၀ ဒသမ ၇၈ မှ ၅ ဒသမ ၈၆ ရာခိုင်နှုန်း၊ ကစီဓာတ် ဝ ဒသမ ၆၆ မှ ၁ ဒသမ ၂၁ ရာခိုင်နှုန်း စသည်ဖြင့် ပါဝင်သည်။

ကမ္ဘာတစ်ဝန်း ဝါးနှင့်ဝါးထွက်ပစ္စည်း ရောင်းဝယ်ဖောက်ကားမှုတန်ဖိုးမှာ ယမန်နှစ်က အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၃၁ ဘီလီယံရှိသည်ဟု ဆိုသည်။ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၇ ဒသမ ၂၃ ဘီလီယံအထိ ရောက်ရှိမည်ဖြစ်ပြီး ဝါးဈေးကွက်၏ အရောင်းအဝယ် ဖြစ်မှုတန်ဖိုးမှာ တစ်နှစ်ထက်တစ်နှစ်တိုးလာနေသည်။ ဝါးနှင့်ဝါး ထုတ်ကုန်အမျိုးမျိုးတို့ကို ကမ္ဘာ့ဈေးကွက်သို့ အများဆုံးတင်ပို့နေကြသည့် နိုင်ငံများမှာ တရုတ်၊ ဗီယက်နမ်၊ နယ်သာလန်၊ အီးယူနှင့် ဒိန်းမတ်တို့ဖြစ်ကြသည်။ သို့ဖြစ်ရာ ဝါးသယံဇာတကြွယ်ဝသည့် မိမိတို့နိုင်ငံအနေဖြင့် ဝါးကို နိုင်ငံအတွက်ဝင်ငွေရရှိရေး တန်ဖိုးရှိရှိနှင့် ထိထိရောက်ရောက် အသုံးချနိုင်ရန် လိုအပ်နေပြီဖြစ်သည်။ ဝါးပရိဘောဂများ၊ ဝါးမီးသွေးထုတ်ကုန်များ၊ ဝါးချည်မျှင်များ၊ ဝါးဆောက်လုပ်ရေးပစ္စည်းများ၊ ဝါးထုပ်ပိုးကုန်ပစ္စည်းများ စသည်တို့မှာ ကမ္ဘာ့စျေးကွက်တွင် တင်ပို့ရောင်းချနေကြသည့် ဈေးကွက်ဝင် ပစ္စည်းများဖြစ်ကြရာ ဝါးကိုနည်းပညာအသုံးပြု၍ တန်ဖိုးမြင့်ကုန်ချောများအဖြစ် ထုတ်လုပ်နိုင်ရန်ကြိုးပမ်းကြရေး၊ သဘာဝဝါးတောများမှသာ ဝါးများကို အလွန်အကျွံထုတ်ယူသုံးစွဲနေခြင်းကြောင့် ဝါးတောများမပြုန်းတီးရေး၊ ဝါးစိုက်ပျိုးရေးတို့ကို အလေးထားဆောင်ရွက်ကြရန် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment