Saturday, June 20, 2026

ဓာတ်အားပိတ်ပြီး ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် ဓာတ်အားယာယီပြတ်တောက်မည်

နေပြည်တော် ဇွန် ၁၉

ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ၃၃ ကေဗွီဖွံ့ဖြိုးရေး (၂) ဓာတ်အားလိုင်းကို ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် ဇွန် ၂၀ ရက်တွင် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိလည်းကောင်း၊ ၃၃ ကေဗွီ စက်မှုဇုန်ဓာတ်အားခွဲရုံရှိ လျှပ်စစ်ပစ္စည်းများအား ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ဇွန် ၂၁ ရက်တွင် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များ၊ ဟိုတယ်ဇုန်၊ ဒက္ခိဏသီရိစက်မှုဇုန်နှင့် ရုံးဌာနအဖွဲ့အစည်းများ၊ ပျဉ်းမနားမြို့နယ်ရှိ တောင်သာရပ်ကွက်၌ ပတ်ဝန်းကျင်ကျေးရွာများ ဓာတ်အားယာယီပြတ်တောက်နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူများကို ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။

ထို့အတူ ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဇွန် ၂၁ ရက်တွင် ၃၃ ကေဗွီ တပ်ကုန်းဓာတ်အားလိုင်းကို နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီအထိ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်ကုန်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ ဓာတ်အားယာယီပြတ်တောက်နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။

အလားတူ ၆၆ ကေဗွီ မော်လမြိုင် - ချောင်းဆုံ အမှတ် (၁+၂) ဓာတ်အားလိုင်းသည် မွန်ပြည်နယ် အတွင်းရှိ ခရိုင်၊ မြို့ ဧရိယာများသို့ စဉ်ဆက်မပြတ်ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် အရေးပါသည့် ဓာတ်အားလိုင်းဖြစ်ပြီး ချောင်းဆုံမြို့နယ် ကညှော်ရွာအနီးရှိ ဓာတ်အားလိုင်း၏ တာဝါတိုင်အမှတ် (၂၈၇) တွင် ကြွေသီးတွဲ မီးပန်းထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ကြွေသီးတွဲများ အသစ်လဲလှယ်ခြင်းလုပ်ငန်းနှင့် တိုင်အမှတ် (၃၂၀ မှ ၃၂၇) ကြားရှိ တိုင်များတွင် ရော်ဘာပင်အကိုင်းများသည် ဓာတ်အားလိုင်းနှင့်နီးကပ်စွာ ပေါက်ရောက်နေသဖြင့် မလိုလားအပ်သည့် ဓာတ်အားပြတ်တောက်မှုများ မဖြစ်ပွားစေရေးအတွက် ရော်ဘာပင်အကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်သည်။

ထိုသို့ လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ဓာတ်အားပြတ်တောက်မှုလျော့နည်းပြီး ဓာတ်အားလွှတ်စက်ပစ္စည်းများ ထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင်မည်ဖြစ်သည့်အတွက် အဆိုပါ လုပ်ငန်းများကို ဇွန် ၂၀ တွင် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ၊ ၄ နာရီကြာ ဓာတ်အားပိတ်၍ လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ရာ ဆောင်ရွက်နေစဉ်အတွင်း ချောင်းဆုံမြို့နှင့် ၎င်းမြို့နယ်အတွင်းရှိ ကျေးရွာများယာယီဓာတ်အား ပြတ်တောက်နေမည်ဖြစ်ကြောင်းနှင့် ဓာတ်အားပြတ်တောက်မည့် အခြေအနေများအား စက်ရုံ၊ အလုပ်ရုံများနှင့် ဓာတ်အားသုံးစွဲသူ အများပြည်သူများကို ကြိုတင်အသိပေးအကြောင်းကြားထားပြီးဖြစ်သည်။

ထို့အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတတည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ်ဓာတ်အားပို့လွှတ် ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများရှိ Main ထရန်စဖော်မာများနှင့် Switchbay များ၊ ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေးဓာတ်အားလိုင်းများနှင့် ဆက်စပ်ပစ္စည်းများ ထိန်းသိမ်းပြုပြင်ခြင်း၊ အစားထိုး လဲလှယ်ခြင်းနှင့် လိုအပ်ပါက အသစ်တိုးချဲ့တည်ဆောက်ခြင်း စသည့်လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

၂၃၀ ကေဗွီ မြောင်းတကာပင်မဓာတ်အားခွဲရုံရှိ Main Bus ကြိုးသည် ကြိုးလွန်းပြတ်နေကြောင်း စိစစ်တွေ့ရှိရသဖြင့် အခြေအနေမဆိုးရွားမီ အစားထိုးလဲလှယ်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားလိုင်းများတစ်လျှောက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ချွက်ယွင်းကြွေသီးတွဲများ လဲလှယ်ခြင်း စသည့်လုပ်ငန်းများကို ဇွန် ၂၁ ရက် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ ယာယီဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည် ဖြစ်သည်။

ထိုသို့ လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိအချို့ မြို့/မြို့နယ်များ၊ ရပ်ကွက်များနှင့်ကျေးရွာများ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အား သုံးစွဲသူ မိဘပြည်သူများကို သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင် အသိပေးထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment