နေပြည်တော် မေ ၃
ဥဇဘတ်ကစ္စတန်နိုင်ငံ၌ ယနေ့ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး (29th ASEAN+3 Finance Ministers’ and Central Bank Governors’ Meeting – 29th AFMGM+3) သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က Video Conferencing ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊
အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံးတို့မှ
ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းဆိုင်ရာမေခရိုစီးပွားရေးအလားအလာများ၊ အရှေ့အလယ်ပိုင်း၌
ဖြစ်ပွားနေသောအခြေအနေများကြောင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်နေမှုနှင့်စပ်လျဉ်း၍
ရှင်းလင်းတင်ပြမှုများအပေါ် အစည်းအဝေးတက်ရောက်လာကြသည့် အာဆီယံ+၃
ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက ဒေသတွင်းစိန်ခေါ်မှုများနှင့်
မသေချာမရေရာမှုများ မြင့်တက်နေသည့်အခြေအနေများကို ဖြေရှင်းရာတွင်
ဘက်စုံပူးပေါင်းဆောင်ရွက်မှုစနစ် (Multilateralism) ကို ထိန်းသိမ်းကာကွယ်ရန်နှင့်
ဒေသတွင်းညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစေရန် အထူးအလေးထားပါကြောင်း၊
အာဆီယံ+၃ နိုင်ငံများ၏ မေခရိုစီးပွားရေးနှင့် ငွေရေးကြေးရေးတည်ငြိမ်မှုကို
ကာကွယ်ရန် မူဝါဒဆိုင်ရာဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်သွားမည့်အပေါ် အပြည့်အဝထောက်ခံပါကြောင်း၊
ငွေရေးကြေးရေးဈေးကွက်များအတွင်း မတည်ငြိမ်မှုအခြေအနေများနှင့် ဖြစ်ပေါ်လာနိုင်သော
အန္တရာယ်များကို အမြဲသတိထားစောင့်ကြည့်နေမည်ဖြစ်ပြီး ပြည်တွင်းအခြေအနေများနှင့် ကိုက်ညီစေရေးအတွက်
တုံ့ပြန်ဆောင်ရွက်ရန် အဆင်သင့်ရှိနေပါကြောင်း။
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ
ဖွင့်လှစ်ပေးထားမည်ဖြစ်ပြီး ကောင်းမွန်စွာ လည်ပတ်နိုင်စေရန်နှင့်
ထောက်ပံ့ရေးကွင်းဆက်များကို ခိုင်မာစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့
(World Trade
Organization) ၏ အခြေခံစည်းမျဉ်းများနှင့်အညီ တန်းတူညီမျှမှုရှိသည့်
ပွင့်လင်းမြင်သာသော ဘက်စုံကုန်သွယ်ရေးစနစ်ကို ဆက်လက်အားပေးထောက်ခံပါကြောင်း၊
ယခုကဲ့သို့ မသေချာမရေရာမှုများ မြင့်တက်နေသောကာလများတွင် ဒေသတွင်းတည်ငြိမ်မှုနှင့်
ခံနိုင်ရည်ရှိမှုကို ထောက်ပံ့ပေးရာတွင် အာဆီယံ +၃
နိုင်ငံများပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို အလေးထားပါကြောင်း၊ ထို့ပြင်
အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် ဇင်းမယ်အစီအစဉ်တွင်
နိုင်ငံစုံပါဝင်လာရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဒေသတွင်းငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍများကို
ဆက်လက်အတည်ပြုပါကြောင်း ဆွေးနွေးကြသည်။
ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက
အာဆီယံ+၃ ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်း သည် ၂၀၂၆ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း
လျော့နည်းလာမှုနှင့်အတူ တည်ငြိမ်သော စီးပွားရေးတိုးတက်မှုနှုန်းဖြင့်
စတင်နိုင်ခဲ့သော်လည်း လက်ရှိတွင် ကမ္ဘာ့နိုင်ငံရေးတင်းမာမှုများနှင့် စွမ်းအင်စျေးနှုန်းမတည်ငြိမ်မှုများကြောင့်
စီးပွားရေးတိုးတက်မှုတွင် မသေချာမရေရာမှုများတိုးလာနိုင်ပါကြောင်း။
ထို့ကြောင့် စွမ်းအင်လုံခြုံရေးသည် မေခရိုစီးပွားရေးဆိုင်ရာ
တည်ငြိမ်မှုအတွက် အရေးပါသော အချက်တစ်ခုဖြစ်လာပြီး ဒေသတွင်း စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုများနှင့်
ရေရှည်တည်တံ့သောဘဏ္ဍာငွေဖြည့်ဆည်းမှုများကို တိုးမြှင့်ရန်လိုအပ်ပါကြောင်း၊
ဗဟိုဘဏ်များအနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် အမြဲသတိထားရှိ၍ လိုက်လျောညီထွေဖြစ်စေမည့်
နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒများ ချမှတ်နိုင်ရန်နှင့် အရင်းအနှီးစီးဆင်းမှုကို
ထိန်းချုပ်ရန် အရေးကြီးပါကြောင်း၊ နိုင်ငံခြားငွေကြေးဈေးကွက်
အားကောင်းခိုင်မာမှုရှိစေရေးနှင့် နိုင်ငံခြားသုံးသီးသန့်ငွေကို
မြှင့်တင်ထိန်းသိမ်းခြင်းသည်လည်း အရေးပါပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်
ဒေသတွင်းစီးပွားရေးခိုင်မာတည်ငြိမ်စေရေးအတွက် အာဆီယံ+၃ အဖွဲ့ဝင်နိုင်ငံများနှင့်
အတူတကွ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ထို့နောက် ဇင်းမယ်အစီအစဉ်တွင် နိုင်ငံစုံပါဝင်လာရေးအစီအစဉ်နှင့်
စပ်လျဉ်း၍ တိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြင်ပမှ ရိုက်ခတ်မှုများကြောင့်
ပြည်ပငွေပေးငွေယူစာရင်း (Balance
of Payments - BOP) တွင် ကာလတိုအခက်အခဲများ ဖြစ်ပေါ်လာပါက
အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်ရန်နှင့် အရေးပေါ်ဘဏ္ဍာငွေဖြည့်တင်းရေးအစီအစဉ်
(Rapid Financing Facility) ကို အကောင်အထည်ဖော်နိုင်ရန်အတွက်
စတုတ္ထအကြိမ်မြောက် ထပ်မံပြင်ဆင်ခဲ့သည့် ဇင်းမယ်အစီအစဉ်တွင် နိုင်ငံစုံပါဝင်လာရေးဆိုင်ရာ
သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ရေးအပေါ် မိမိတို့နိုင်ငံအလိုက် ပြည်တွင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ
အမြန်ဆုံးအပြီးသတ် ဆောင်ရွက်ရန် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့်
ဗဟိုဘဏ်ဥက္ကဋ္ဌများက သဘောတူခဲ့ကြသည်။
ဆက်လက်၍ အာဆီယံ+၃ ဘဏ္ဍာရေးဆိုင်ရာ
ပူးပေါင်းဆောင်ရွက်မှု၏ တိုးမြှင့်ဆောင်ရွက်မှုအဆင့်တစ်ခုအဖြစ် အာရှငွေချေးစာချုပ်စျေးကွက်အစီအစဉ်အား
အာရှငွေချေးစာချုပ်နှင့် ငွေရေးကြေးရေးစျေးကွက်အစီအစဉ်သို့ အဆင့်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊
သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေများအတွက် ဘဏ္ဍာငွေဖြည့်တင်းရေးအစီအစဉ်ဆိုင်ရာ
လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊
နိုင်ငံဖြတ်ကျော်ဒီဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ အခွင့်အလမ်းများ၊ စိန်ခေါ်မှုများနှင့်
ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ စသည်တို့အပေါ် အာဆီယံ+၃
ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး
အတည်ပြုချက်ရယူသည့်ကိစ္စရပ်များအပေါ် အတည်ပြုပေးခဲ့ကြသည်။
ထို့နောက် (၂၉) ကြိမ်မြောက် အာဆီယံ+၃
ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၏ ပူးတွဲကြေညာချက်ကို
အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အတည်ပြုခဲ့ကြကာ (၃၀)
ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို
၂၀၂၇ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment