မန္တလေး မေ ၃
၂၀၂၆ ခုနှစ် မေ ၅ ရက်တွင် ကျရောက်မည့် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး (ဗဟိုမီးသတ်) စခန်း၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က သွေးလှူဒါန်းသည့်
သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များကို လိုက်လံကြည့်ရှုအားပေးပြီး
အမှတ်တရပစ္စည်းများ၊ အာဟာရဖြည့်အစားအစာများနှင့် ရေသန့်များ ပေးအပ်သည်။
ထို့နောက် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊
မိသားစုဝင်များလှူဒါန်းသည့် သွေးအိတ် ၁၅၅ အိတ်ကို တာဝန်ရှိသူများက
မန္တလေးပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီးနှင့် ရောဂါဗေဒဌာန ပါမောက္ခတို့ထံ
ပေးအပ်ရာ သွေးလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
ယမန်နေ့ကလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးဝန်ကြီးများ၊
တာဝန်ရှိသူများနှင့်အတူ တံတားဦးမြို့နယ် စကားအင်းကျေးရွာရှိ မြန်မာစီပီ လိုက် (ဖ်)
စတော့ (ခ်) (မန္တလေး) တိရစ္ဆာန်အစာစပ်စက်ရုံသို့ သွားရောက်ကြည့်ရှုသည်။
ဦးစွာ စက်ရုံမှတာဝန်ရှိသူက ကုန်ကြမ်းများကို ပြည်တွင်းမှ
ပြောင်း၊ ဂျုံဖွဲ၊ ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်၊ မုန်ညင်းဖတ်၊ နေကြာ၊ ကျောက်နု၊
ကျောက်ကြမ်း၊ စားအုန်းဆီ၊ စပါးနှင့် ပြည်ပမှ ပဲပုပ်အမှုန့်၊ အရိုးမှုန့်၊
နေကြာမှုန့်၊ ကဇော်ဖတ်၊ ဗီတာမင်မှုန့်၊ သတ္ထုဓာတ်အမှုန့်၊ အင်ဇိုင်းအရည်များကို
အသုံးပြုပြီး ခေတ်မီနည်းစနစ်များဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်
ပြောင်းလဲထုတ်လုပ်နေမှု၊ ကုန်ချောတစ်လလျှင် တန် ၂၀၀၀၀ ထွက်ရှိမှု၊ ဈေးကွက်အတွင်း
လိုအပ်ချက်အား ပိုမိုတိုးမြှင့်ထုတ်လုပ်သွားနိုင်ရန် ကြိုးစားဆောင်ရွက်နေမှုနှင့်
ဈေးကွက်အတွင်း ဖြန့်ချိပေးနေမှု၊ ကုန်ကြမ်းမှကုန်ချောအဆင့်ဆင့်ထုတ်လုပ်နေမှုတို့ကို
ရှင်းလင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံကာ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်
ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ
လိုအပ်သည်များကို ကူညီပံ့ပိုးပေးနေကြောင်း၊ တိရစ္ဆာန်အစာထုတ်လုပ်ရာတွင် လိုအပ်သောကုန်ကြမ်းများကို
ပြည်တွင်းမှ အများစုရရှိပြီး ကျန်ပစ္စည်းများကို ပြည်ပမှတင်သွင်းထုတ်လုပ်လျက်ရှိသည်ကို
သိရှိရကြောင်း၊ အသားစားသုံးမှုပမာဏ တိုးတက်လာသည်နှင့်အမျှ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန်၊
ပြည်တွင်း၌ ဖူလုံပိုလျှံလာရန်နှင့် ပြည်ပသို့တင်ပို့နိုင်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း
ပြောကြားပြီး ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်နေမှုအဆင့်ဆင့်ကို ကြည့်ရှုအားပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment