မကွေး မေ ၃၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ Quick Win စီမံချက်ဖြင့်ဆောင်ရွက်သော မကွေးမြို့နယ်၊ မကြီးစမ်းကျေးရွာ မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို မေ ၂၉ ရက် နံနက် ၈ နာရီအချိန်က အဆိုပါကျေးရွာ ၁၁/၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာရှေ့၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အဆိုပါကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကြီးစမ်းကျေးရွာရှိ
လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲမုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့်
တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပါကျေးရွာရှိ
၁၁/၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာအား စက်ခလုပ်နှိပ်၍
မီးလင်းပေးခြင်းဆောင်ရွက်ကာ၊ မီးလင်းရေးဖွင့်ပွဲမှ အိုးစည်၊ ဒိုးပတ်
အကအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပြီး ကျေးရွာအတွင်း
လျှပ်စစ်မီးရရှိမှုနှင့် စတင်သုံးစွဲနေမှုအခြေအနေများကို
လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မကြီးစမ်းကျေးရွာ
မီးလင်းရေးဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဦးတင်ကိုကိုက
နိုင်ငံတော်အနေနဲ့ ဓာတ်အားစနစ်အတွင်း ဓာတ်အားပိုမိုရရှိနိုင်ရေး
နည်းလမ်းပေါင်းစုံနဲ့ဆောင်ရွက်ရာမှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့
တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားများ ပိုမိုထုတ်လုပ်ရရှိရေး၊
အိမ်ထောင်စုအလိုက် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု တိုးတက်မြင့်မားရေး၊
မီးမရရှိသေးတဲ့ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးတို့အတွက် နှစ်အလိုက်
ရန်ပုံငွေများ လျာထားခွင့်ပြုပေးကာ လိုအပ်တဲ့အကူအညီများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားများ
ပြည့်ဝစွာသုံးစွဲနိုင်ရေး လိုအပ်တဲ့ဓာတ်အားလိုင်းတွေ၊ ဓာတ်အားခွဲရုံတွေကို
တိုးချဲ့တည်ဆောက်နိုင်ဖို့ နှစ်စဉ် ရန်ပုံငွေခွင့်ပြုပေးလျက်ရှိရာမှာ ၂၀၂၁
ခုနှစ်မှ ယခုအချိန်ထိ (၅)နှစ်ကျော်ကာလအတွင်း ကျေးရွာပေါင်း
(၈၃၂) ရွာ၊ အိမ်ထောင်စုအနေနဲ့ (၁၀၂၆၉၀) (တစ်သိန်းနှစ်ထောင့်ခြောက်ရာ့ကိုးဆယ်)
စုခန့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုဆိုရင်
မကွေးတိုင်းဒေသကြီးမှာ စုစုပေါင်းအိမ်ထောင်စုရဲ့ (၅၆၉၄၆၉)
(ငါးသိန်းခြောက်သောင်းကိုးထောင်လေးရာ ခြောက်ဆယ့်ကိုး) စုကျော်၊
ရာခိုင်နှုန်းအားဖြင့် (၆၂.၈၇) ရာခိုင်နှုန်း
လျှပ်စစ်မီးရရှိသုံးစွဲနိုင်ပြီဖြစ်ပါကြောင်းနှင့် လျှပ်စစ်မီးရရှိခြင်းဖြင့်
လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဘဝနေထိုင်ရေးကဏ္ဍတို့မှာ ယခင်ထက်
အစစအရာရာ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ မကြီးစမ်းကျေးရွာ
လျှပ်စစ်ဓာတ်အားရရှိရေးတင်ပြတောင်းခံမှုအရ (၁၁)ကေဗွီဓာတ်အားလိုင်း
(ဝ.၂၈)မိုင်နှင့် (၁၁/ဝ.၄)ကေဗွီ (၁၀၀)ကေဗွီအေ ထရန်စဖော်မာ(၁)လုံး တည်ဆောက်ခြင်းကို
ပစ္စည်းတန်ဖိုးအပါအဝင် တိုင်းဒေသကြီးရန်ပုံငွေမှ သိန်း (၈၃၀)ခန့် အကုန်အကျခံပြီး
Quick Win စီမံချက်အနေနဲ့ ခွင့်ပြုဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ယခုလိုဆောင်ရွက်ခဲ့ခြင်းဖြင့်
မကြီးစမ်းကျေးရွာရှိ လူဦးရေ (၃၅၀)၊ အိမ်ထောင်စု (၆၉)စုမှာ လျှပ်စစ်မီးများ
စတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)

No comments:
Post a Comment