Wednesday, April 29, 2026

အိုဘယ့် မိခင် ဧရာဝတီ (၂)

တယော(ရေသယံဇာတ)

၁၉ ရာစု အစောပိုင်းကာလများ၏ တမံတည်ဆောက်မှုသမိုင်းကို အမေရိကန်ပြည်ထောင်စုက စတင် ဦးဆောင်ခဲ့ပြီး ၁၉၃၀ ပြည့်နှစ် အမေရိကန်စီးပွားရေး ပျက်ကပ်ကာလတွင် ကော်လိုရာဒိုမြစ်ဝှမ်း စီမံကိန်းများကို အကောင်အထည်ဖော်ကာ ဘိုးလ်ဒါးကင်နွန် တမံတည်ဆောက်ခဲ့ကြသည်။ ထို့နောက် ကိုလံဘီယာမြစ်ဝှမ်းပေါ်တွင် ဂရန်ကူလီတမံကို ၁၉၃၃ ခုနှစ်က ထပ်မံတည်ဆောက်ခဲ့ကြသည်။ ရှေ့ဆင့်နောက်ဆင့်တည်ဆောက်ပြီးစီးသွားသော အဆို ပါစီမံကိန်း နှစ်ခုမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၅၆၀ ရရှိခဲ့ပြီး အရီဇိုးနား၊ နီဗားဒါး၊ ဝါရှင်တန်၊ အော်ရီဂွန်၊ အီဒါဟိုပြည်နယ်တို့ကို အဓိကဖြန့်ဖြူးပေးကာ အလူမီနီယံစက်ရုံများ၊ ဘိုရင်းစက်ရုံများ၊ ဖို့တလန်ရှိ စစ်သင်္ဘောများ ထုတ်လုပ်ရာ သင်္ဘောကျင်းများသို့လည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့သည်။

ခေတ်ကာလသည် အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလာခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးခဲ့ပြီး စစ်အေးခေတ်၏ အစ (၁၉) ရာစုအလယ်ပိုင်းခေတ်တွင် စီးပွားရေးအားပြိုင်မှုများ စတင်ခဲ့သလို နည်းပညာယှဉ်ပြိုင်ခြင်း၏ အစပျိုးကာလများ ဖြစ်ခဲ့လေသည်။ အနောက်ဥရောပ၊ အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါ၊ ဆိုဗီယက်ယူနီယံ (ယခုရုရှားဖက်ဒရေးရှင်းနိုင်ငံ)နှင့် ဂျပန်နိုင်ငံတို့သည် အကြီးစားတမံတည်ဆောက်မှုကို အင်တိုက်အားတိုက် လုပ်ဆောင်လာခဲ့ကြသည်။ သာဓက တစ်ခု ဆောင်ရလျှင် အမေရိကန်သမ္မတ ဖရန့်ကန့်ဒီရုစဗဲ့ လက်ထက်ဖွဲ့စည်းခဲ့သော “တက်နက်စီ မြစ်ဝှမ်းအာဏာပိုင်အဖွဲ့”၏ တက်နက်စီ မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် ရေအား လျှပ်စစ်ထုတ်လုပ်ရရှိမှု၊ ရေကြီးရေလျှံ ထိန်းချုပ်နိုင်မှု၊ စိုက်ပျိုးရေပိုမို သုံးစွဲနိုင်မှု၊ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းနိုင်မှု၊ စီးပွားရေးဖွံ့ဖြိုးလာမှုတို့သည် ကမ္ဘာ့ပထမဦးဆုံး ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးပုံစံတစ်ခုအဖြစ် ပြောစမှတ်တွင်ခဲ့သည်။ ထိုမြစ်ဝှမ်းဒေသဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်း ပင်မစီမံချက်ကို ပုံတူကူးချပြီး နိုင်ငံအများအပြားက လက်ခံကျင့်သုံး၍ စီမံကိန်းရေးဆွဲလျက်ရှိကြသည်။

နည်းပညာဖွံ့ဖြိုးလာမှုနှင့်အတူ ၁၉၈၀ ပြည့်နှစ်ကာလများတွင် လျှပ်စစ်လိုအပ်ချက်သည်လည်း မြင့်တက်လာခဲ့သည်။ ထို့အပြင် ရေကြီးရေလျှံမှု ထိန်းချုပ်ရေး၊ ရေသိုလှောင်ရေးနှင့် ရေအရင်းအမြစ် ခွဲဝေသုံးစွဲရေးတို့သည်လည်း အရေးပါလာခြင်း၊ အင်ဂျင်နီယာပညာ၊ IT ပညာနှင့် ကွန်ပျူတာ နည်းပညာ တိုးတက်လာခြင်းတို့ကြောင့် တမံတည်ဆောက်မှုနည်းပညာများက အလွန်လျင်မြန် စွာ ဖွံ့ဖြိုးလာခဲ့သည်။ အဓိကနည်းပညာဖွံ့ဖြိုးမှုသည် Roller Compacted Concrete (RCC) တမံ နည်းပညာဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်များတွင် RCC Dam Technology ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချ လာခဲ့ကြသည်။ ကွန်ကရစ်ကို လမ်းခင်းသလို တစ်လွှာချင်းတင်ပြီး လမ်းကြိတ်စက်ဖြင့် ဖိသိပ် ခြင်းကြောင့် တည်ဆောက်ချိန် လျှော့ချနိုင်သည့်အပြင် ကုန်ကျစရိတ်လည်း သက်သာကြောင်း သိရှိခဲ့ကြသည်။

နည်းပညာတိုးတက်လာမှုကြောင့် ယခင် Gravity Dam များထက် တည်ဆောက်ချိန် ပိုမိုမြန်ဆန်၍ ပိုမိုသက်သာပြီဖြစ်ကာ ကွန်ပျူတာ အခြေပြု၍ ဒီဇိုင်းရေဆွဲခြင်းနှင့် ခွဲခြမ်းစိတ်ဖြာမှု Computer-Aided Design (CAD) စတင်အသုံး များလာခဲ့ကြသည်။ ထို့အပြင် Finite Element Method (FEM) ဖြင့် ဖိအား၊ အင်အား၊ ငလျင်အကျိုးသက်ရောက်မှုကို တိတိကျကျ ခန့်မှန်းနိုင်လာသဖြင့် တမံအန္တရာယ်လျော့နည်းပြီး တာတမံများ၏ ဘေးကင်းလုံခြုံရေးအခြေအနေသည်လည်း မြင့်တက် ခဲ့သည်။

ငလျင်ဒဏ်ခံနိုင်မှု တိုးတက်လာသည်မှာ (၁၉၇၀–၈၀) နောက်ပိုင်းကာလများတွင် ငလျင် အန္တရာယ်ကို အထူးအလေးထား၍ Dynamic analysis၊ Response spectrum analysis အသုံးပြု တွက်ချက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ အကျိုးကျေးဇူးအနေဖြင့် ငလျင်ဒဏ်ခံနိုင်သော Arch Dam၊ Rockfill Dam များကို ပိုမိုလုံခြုံစွာ ဒီဇိုင်းလုပ်နိုင်လာခဲ့ကြသည်။ ထိုသို့ Rockfill နှင့် Earthfill Dam နည်းပညာတိုးတက်မှုသည် Impervious core အဖြစ် Clay core၊ Asphalt core၊ Concrete face rockfill dam (CFRD) အသုံးများလာ၍ မြေ၊ကျောက် များ အလွယ်တကူရရှိသည့် ဒေသများတွင် ကုန်ကျ စရိတ်သက်သာစွာ တည်ဆောက်နိုင်ခဲ့ကြသည်။ တည်ဆောက်ရေးလုပ်ငန်းသုံး စက်ယာဉ်၊ ယန္တရားများ တိုးတက်လာ၍ မြေတူးစက်များ၊ ကရိန်းများ၊ ဝန်တင်ယာဉ်များ၊ တုန်ခါစေနိုင်သော လမ်းကြိတ်စက်များ အသုံးပြုလာခြင်းကြောင့် တမံတည်ဆောက်မှု ပိုမိုတိကျ မြန်ဆန်လာခဲ့ရသည်။

Instrumentation နှင့် Monitoring System ကို လေ့လာလျှင် Piezometer၊ Strain gauge၊ Settlement marker၊ Seepage measuringdevice စနစ်များ တပ်ဆင်လာ၍ တမံ၏ရေယိုစိမ့်မှု၊ မြေနေရာရွှေ့ခြင်း၊ ဖိအားပြောင်းလဲမှုကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်ခဲ့ကြသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စဉ်းစားမှုကို အလေးထားလာကြသဖြင့် ၁၉၈၀ ပြည့်နှစ် နောက်ပိုင်း EnvironmentalImpact Assessment (EIA) ကို မဖြစ်မနေပြုလုပ်ခဲ့ကြရသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို အလေးထားသည့်အပြင် လူနေဒေသရွှေ့ပြောင်းမှုကို စဉ်းစားလာသဖြင့် တမံစီမံကိန်းများ ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်ပေါင်းတစ်စည်းဖြစ်စေကာ သဟဇာတဖြစ်မှုနှင့် လူမှုစီးပွားဘဝ အတူတကွတိုးတက်လာခဲ့ကြသည်။

၁၉၈၀ ပြည့်နှစ်များ၏ နည်းပညာဖွံ့ဖြိုးမှုကြောင့် တမံများ ပိုမိုမြင့်မားစွာ တည်ဆောက်နိုင်သလို ပိုမိုလုံခြုံပြီး ပိုမိုသက်သာသော တည်ဆောက်မှုကို ဖြစ်ပေါ်စေခဲ့ပြီး ယနေ့ခေတ် မဟာတမံကြီးများ၏ အခြေခံအုတ်မြစ်လည်း ဖြစ်လာခဲ့သည်။ ထိုကာလသည် RCC နည်းပညာ၊ ကွန်ပျူတာအခြေပြု ဒီဇိုင်းတွက်ထုတ်မှု၊ ငလျင်ဒဏ်ခံနိုင်မှု၊ Monitoringsystem တို့ကြောင့် တမံတည်ဆောက်မှု နည်းပညာသည် အလွန်အရေးပါစွာ တိုးတက်လာသော ခေတ်ကာလ ဖြစ်သည်။ ထိုခေတ်မှတစ်ဆင့် ယနေ့ခေတ်ကာလအထိ တည်ဆောက်မှုနည်းစနစ်၊ တမံဘေးအန္တရာယ် ကင်းစေရေးစီမံချက်၊ ဒီဇိုင်းတွက်ချက်မှု နည်းပညာများ၊ တမံအပါအဝင် ဆက်စပ်အဆောက်အအုံများကို ပိုမိုခိုင်ခံ့စေသည့် ဒီဇိုင်းထုတ်တည်ဆောက်နိုင်မှုများ၊ ငလျင်ပြင်းအားကို ကြိုတင်တွက်ဆ၍ ဒီဇိုင်းထုတ်လုပ်လာနိုင်မှုနှင့် သဘာဝဘေးများ၏ နှစ် ၁၀၀၀၀ လျှင် တစ်ကြိမ်ကြုံရနိုင်သော အမြင့်ဆုံးသော ရေလွှမ်းမိုးနိုင်သည့် အမှတ်(အမြင့်)ကိုခန့်မှန်း တွက်ဆလာနိုင်ကြသည်အထိ ဆင့်ကဲတိုးတက် ပြောင်းလဲလာခဲ့သည်။

ထို့အပြင် နိုင်ငံတကာတမံကြီးများကော်မရှင် (ICOLD) ၏ လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့် လမ်းညွှန်ချက်များကို အလေးထားလိုက်နာ ဆောင်ရွက်လာကြသလို Dam Break Analysis ကဲ့သို့ သိပ္ပံနည်းကျ လက်တွေ့တွက်ချက်မှုများကြောင့် တမံကြီးများ၏ ကျိုးပျက်လာနိုင်မှုများကို ကြိုတင် တွက်ဆလာနိုင်သဖြင့် တမံကြံ့ခိုင်ရေးကို မတည်ဆောက်မီကာလများကပင် ကြိုတင်တွက်ချက် ရေးဆွဲလာနိုင်ကြသည်။

CFRD တမံဆိုသည်မှာ

တမံတည်ဆောက်ခြင်း အမျိုးအစားများကို ယေဘုယျအားဖြင့် တည်ဆောက်ပုံအရ သုံးမျိုး၊ ပစ္စည်းအမျိုးအစားများအရ သုံးမျိုး၊ ရည်ရွယ်ချက်အရ သုံးမျိုးနှင့် တည်နေရာအရ နှစ်မျိုး စုစုပေါင်း ၁၁ မျိုးခန့်အမျိုးအစား ခွဲခြားခေါ်ဝေါ်ကြပါသည်။ တည်ဆောက်ပုံအရဆိုလျှင် အလေးချိန်တမံ (Gravity Dam)၊ အကွေးတမံ (Arch Dam) နှင့် ထောက်ခံတမံ (Buttress Dam) ဟူ၍ ရှိပါသည်။ ပစ္စည်းအမျိုးအစားအရ မြေသားတမံ၊ ကွန်ကရစ်တမံနှင့် ကျောက်ဖြည့်တမံဟူ၍ သုံးမျိုးရှိသည်။

ရည်ရွယ်ချက်အရ ရေလှောင်တမံ၊ ရေလွှဲရေတားတမံနှင့် ရေကြီးရေလျှံမှုထိန်းချုပ်သည့် တမံ ဟူ၍ သုံးမျိုးရှိသည်။ တည်နေရာအရဆိုရလျှင် မြစ်တမံနှင့် တောင်ကြားလျှိုပိတ်တမံဟူ၍ နှစ်မျိုး ရှိပါသည်။ ထိုထက်ပိုမိုကျစ်လျစ်စွာ ပြောဆိုရလျှင် တမံကို Concrete Dam နှင့် Fill Dam ဟူ၍ နှစ်မျိုး ခွဲခြားနိုင်သည်။ ကွန်ကရစ်တမံတွင် Roller Compacted Concrete (R.C.C) တမံနှင့် Conventional Vibrated Concrete (C.V.C) တမံဟူ၍ ခွဲခြားနိုင်ပြီး ကွန်ကရစ်တမံများသည် Gravity Dam၊ Hollow Gravity Dam ၊ Buttress Dam ၊ Thin Arch Dam နှင့် Arch Gravity Dam ဟူ၍ရှိပါသည်။ Fill Dam များကို Homogeneous Dam ၊ Zone Fill Dam နှင့် Fill Dam with Facing Membrane ဟူ၍ အမျိုးအစားများခွဲခြားနိုင်သည်။ Fill Dam with Facing Membrane အမျိုးအစားကို Concrete Face Rockfill Dam (CFRD)၊ Geomembrane Face Rockfill Dam (GFRD)၊ Asphalt Face Rockfill Dam (AFRD) နှင့် Bituminous Face RockfillDam (BFRD)ဟူ၍ ပင်မတမံ၏ ရေတိုက်ရိုက်ထိစပ်မည့် မျက်နှာပြင်ကို ဖုံးအုပ်သည့် ပစ္စည်းအမျိုးအစားပေါ် မူတည်၍ ခွဲခြားခေါ်ဝေါ်ကြသည်။

ယနေ့ကာလတွင် မြစ်ဆုံဆည်တည်ဆောက်မှုနှင့်ပတ်သက်၍ အမျိုးမျိုးအဖုံဖုံ ပြောဆိုနေကြချိန် တွင် Concrete Face Rockfill Dam (CFRD) သည်လည်း မဖြစ်မနေအပြစ်ဆိုခံနေရသော တည်ဆောက် မှုစနစ်တစ်ခုဖြစ်နေသည်ကို တွေ့မြင်နေရသည်။ တကယ်ပင် Concrete Face Rockfill Dam (CFRD) များက ဝေဖန်ရေးသမားများ၊ လူမှုကွန်ရက်ပေါ်တွင် Follower နှင့် ကြည့်ရှုသူများရှာ၍ ဝင်ငွေရှာဖွေနေသူများ၊ တစ်ဖက်ပိတ်မီဒီယာများ၊ နိုင်ငံတကာ အလှူရှင်အကူအညီ မျှော်ကိုးသူများနှင့် သဘာဝပတ်ဝန်းကျင်ကို စီးပွားဖြစ် ချစ်ပြနေသူများ ပြောဆို ချဲ့ကားရေးသားနေသလို မလုပ်သင့်၊ မလုပ်အပ်သော တမံအမျိုးအစားဟုတ်၏၊ မဟုတ်၏ အချက်အလက်များဖြင့်သာ လေ့လာထောက်ရှု ဝေဖန်သင့်ပါသည်။

CFRD (Concrete Face Rockfill Dam) ဆိုသည်မှာ ကျောက်တုံးများကို အဓိက ကျောရိုးအင်အား အဖြစ် အသုံးပြုပြီး ရေတားဆီးရန်အတွက် အရှေ့ဘက်မျက်နှာပြင်တွင် ကွန်ကရစ်ကို အကာအကွယ် (Concrete Impermeable Face) အဖြစ် ထည့်သွင်းတည်ဆောက်ထားသော Fill-type Dam အမျိုးအစားဖြစ်သည်။ CFRD တမံ၏ ဖွဲ့စည်းပုံအဖြစ် ကျောက်ဖြည့်တမံ၏ အဓိကအလေးချိန်နှင့် အင်အားကို ထမ်းဆောင်ရန် ကျောက်ကြီးများကို အလွှာလိုက်တင်၍ သိပ်သည်းမှုရရှိအောင် ပြုလုပ်ကြပြီး ပင်မတမံ၏ ထုထည်ဖြင့် ရေဖိအားကို ခံနိုင်ရန် ဒီဇိုင်းထုတ် တည်ဆောက်ကြသည်။

တမံ၏ Upstream ဘက်တွင် Concrete Impermeable Face အဖြစ် တည်ဆောက်ထားသော ကွန်ကရစ်နှင့် တမံကိုယ်ထည်ကြားတွင် Transition နှင့် Filter Zones များ ထည့်သွင်း၍ Rockfill ရွေ့လျားမှုကြောင့် ကွန်ကရစ်မျက်နှာပြင် မကွဲအက်စေရန် ကာကွယ်ရန် တည်ဆောက်ကြပါသည်။ ကတ္တရာအလွှာသုံး ရေပိတ်လွှာကို ထည့်သွင်း၍ Modulus of Elasticity (e) တန်ဖိုးလျော့နည်းစေရန် ရည်ရွယ်တည်ဆောက်ကြပါသည်။ တမံအောက်ခြေတွင်လည်း ရေစိမ့်တိုးဝင်မှုမရှိစေရန် ရေစိမ့်တားနံရံများကို ကွန်ကရစ်ဖြင့် တည်ဆောက်ကြသည်။

CFRD တမံ၏ လုပ်ဆောင်ပုံကို ရှင်းပြရလျှင် ရေလှောင်ကန်မှ ရေဖိအားသည် ကွန်ကရစ်မျက်နှာ ပြင်ကို သက်ရောက်ကာ ထိုကွန်ကရစ်မျက်နှာပြင်မှ ရေယိုစိမ့်မှုကို ကာကွယ်ပြီး ရေဖိအားကို ကျောက်ဖြည့်တမံ ကိုယ်ထည်သို့ လွှဲပြောင်းပေးပါသည်။ပင်မကျောက်ဖြည့်တမံကိုယ်ထည်၏ အလေးချိန်နှင့် အထူကြောင့် ရေထုဖိအားကို ခံနိုင်စေပါသည်။ ထို့ကြောင့် CFRD သည် Impermeability (စိမ့်ဝင်နိုင်မှု) အတွက် Concrete Slab ကို အသုံးပြုပြီး Stability (တည်ငြိမ်မှု) ကို Rockfill ဖြင့် ရရှိစေပါသည်။ CFRD တမံ၏ အားသာချက်များကို ရှင်းပြရမည်ဆိုလျှင် မြင့်မားသောတမံများ တည်ဆောက်နိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ တည်ဆောက်ရေးကာလ မြန်ဆန်ခြင်း၊ ငလျင်ဒဏ်ခံနိုင်မှုကောင်းမွန်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရလွယ်ကူခြင်းတို့ ဖြစ်ပါသည်။

နိုင်ငံတကာတွင် မီတာ ၂၀၀ ကျော် အမြင့်ရှိသော တမံအချို့ကို CFRD တမံအမျိုးအစားဖြင့် တည်ဆောက်ထားသည်။ CFRD တမံအမျိုးအစား၏ ကျောက်ဖြည့်ကိုယ်ထည်အတွက် လိုအပ်သော ကျောက်များကို အရည်အသွေးကောင်းမွန်သော ဒေသခံကျောက်များ အသုံးပြုနိုင်ပါသည်။ ထို့အပြင် CFRD ကျောက်ဖြည့်တမံသည် Flexible ဖြစ်သောကြောင့် ငလျင်လှုပ်ခတ်မှုကို ခံနိုင်ရည်ရှိပါသည်။ CFRD တမံ၏ အားနည်းချက်များမှာ Settlement ကြောင့် Slab ကွဲနိုင်ပါသည်၊ အောက်ခံဘူမိ ကျောက်သားကောင်းမွန်ရန် လိုအပ်ပါသည်။ ဒီဇိုင်းနှင့် တည်ဆောက်မှုလုပ်ငန်းစဉ် တိကျရန် လိုအပ် ပါသည်။ တမံတည်ဆောက်မှု နည်းပညာတိုးတက်လာသည့် ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းကာလများ တွင် RCC နည်းပညာနှင့်အတူ CFRD တည်ဆောက် မှုနည်းစနစ်ပါ ကမ္ဘာတစ်ဝန်း အလွန်အသုံးများလာပါသည်။

ကမ္ဘာပေါ်ရှိ နာမည်ကြီး တည်ဆောက်ရေးသင်ခန်းစာများရရှိသော CFRD တမံများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -



အထက်ဖော်ပြပါ ကမ္ဘာပေါ်ရှိ နာမည်ကြီး CFRD တမံ သုံးခုဖြစ်သော Shuibuya Dam(တရုတ်)၊ Bakun Dam (မလေးရှား)၊ Campos Novos Dam (ဘရာဇီး) တို့၏ တည်ဆောက်ရခြင်းရည်ရွယ်ချက်၊ အသုံးဝင်ပုံ၊ သဘာဝဘေးဒဏ်ခံစားခဲ့ရမှုနှင့် လက်ရှိ အခြေအနေတို့ကို တစ်ခုချင်းစီ ရှင်းပြပါမည်။

ပထမဆုံးအနေဖြင့် Shuibuya Dam အကြောင်း ရှင်းပြပါမည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ Qingjiang River(Yangtze River၏ မြစ်လက်တက်)ပေါ်တွင် အမြင့် ၂၃၃ မီတာရှိ CFRD အမျိုးအစား တမံတစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်သည် ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ တရုတ်နိုင်ငံအလယ်ပိုင်းဒေသ လျှပ်စစ်လိုအပ်ချက် ဖြည့်ဆည်းရေး၊ ရေကြီးရေလျှံမှုထိန်းချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ဖြစ်ပါသည်။ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းသည် မဂ္ဂါဝပ် ၁၈၄၀ ရှိပြီး ဟူဘေး (Hubei) ပြည်နယ်နှင့် အနီးအနားစက်မှုဇုန်များသို့ လျှပ်စစ်ပေးဝေနိုင်ကာ CFRD နည်းပညာကို အလွန်မြင့်မား သောတမံတွင် အောင်မြင်စွာ အသုံးချနိုင်ကြောင်း ပြသခဲ့သည့် မော်ဒယ်တစ်ခုလည်းဖြစ်ပါသည်။

သဘာဝဘေးဒဏ်များ ခံစားခဲ့ရပြီး ငလျင်ဖြစ်ပွားမှုနှုန်းများသောဒေသဖြစ်သော်လည်း အရေး ကြီးသော ဖွဲ့စည်းပုံပျက်စီးမှုမရှိခဲ့ခြင်းမှာ Rockfill Flexibility ကြောင့် ငလျင်ဒဏ်ကို ကောင်းစွာခံနိုင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအခြေအနေတွင် အဆိုပါ တမံကြီးသည် ပုံမှန်လည်ပတ်နေဆဲဖြစ်ပြီး CFRD တမံများ၏ အမြင့်ဆုံးနမူနာတစ်ခုအဖြစ် ကမ္ဘာ့တမံ အင်ဂျင်နီယာများ၏ စာတမ်းများတွင် မကြာခဏ ကိုးကားခံရသည့် ရုပ်ဝတ္ထုမှတ်ကျောက်ဖြစ်သည်။

ဒုတိယတစ်ခုအနေဖြင့် Bakun Damအကြောင်း ဖြစ်ပါသည်။ ဘူကန်း(Bakun) တမံသည် မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်(ဘိုနီရိုကျွန်း) ဘာလူအီမြစ် (Balui)ပေါ်မှာ တည်‌ဆောက်ထားသော အမြင့် ၂၀၅ မီတာရှိ CFRD အမျိုးအစား တမံတစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။ တည်ဆောက်ရခြင်းရည်ရွယ်ချက်မှာ အကြီးစား ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ Sarawak Corridor of Renewable Energy (SCORE) စီမံကိန်းနှင့်စက်မှု ဇုန် ဖွံ့ဖြိုးရေးတို့အတွက် ရည်ရွယ်ပါသည်။ လျှပ်စစ် ထုတ်လုပ်နိုင်စွမ်းမှာ မဂ္ဂါဝပ် ၂၄၀၀ ဖြစ်ပြီး Alu-minum Smelter နှင့် စက်မှုလုပ်ငန်းကြီးများအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးလျက်ရှိပါသည်။

မလေးရှားနိုင်ငံတွင် အကြီးဆုံးသော ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပါသည်။ Bakun တမံ တည်ရှိ ရာ ဒေသသည် မိုးရွာသွန်းမှုများသော ဒေသဖြစ်ပြီး ငလျင်ဒဏ်ခံစားရမှု အနည်းငယ်သာ ရှိခဲ့ပါသည်။ သို့သော် လူမှုရေးဘက်တွင် ဒေသခံတိုင်းရင်းသား များ ရွှေ့ပြောင်းရမှု၊ သဘာဝပတ်ဝန်းကျင် အကျိုး သက်ရောက်မှုများကြောင့် ဝေဖန်မှုများရှိခဲ့သော စီမံကိန်းတစ်ခုဖြစ်ခဲ့သည်။ ယခုအခါကောင်းစွာ လည်ပတ်နေသော စက်ရုံတစ်ခုဖြစ်ပြီး Sarawak ဒေသ၏ အဓိကလျှပ်စစ်အင်အားရင်းမြစ်တစ်ခု လည်း ဖြစ်ပါသည်။ ထို့အပြင် CFRD အမျိုးအစား အကြီးစားတမံ၏ အောင်မြင်မှု ဥပမာတစ်ခုအဖြစ် လည်း ပြောစမှတ်တွင်နေပါသည်။

တတိယတစ်ခုမှာ ၂၀၀၆ ခုနှစ်က တည်ဆောက် ပြီးစီးခဲ့သော ဘရာဇီးနိုင်ငံ ကနိုးအက်မြစ်(Canoas) ပေါ်တွင်တည်ဆောက်ထားသည့် အမြင့် ၂၀၂ မီတာ ရှိ CFRD အမျိုးအစား ကမ်ပို့စ်နိုဗို့စ်တမံ (Campos Novos Dam) ဖြစ်ပြီး တည်ဆောက်ရခြင်း ရည်ရွယ်ချက်မှာ ရေအားလျှပ်စစ်ထုတ်လုပ်ရေးနှင့် ဘရာဇီးတောင်ပိုင်း၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ ဖြည့်ဆည်းရေးတို့ဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းမှာ မဂ္ဂါဝပ် ၈၈၀ ဖြစ်ကာ အဓိက အားဖြင့် စန်တာကတားရီနပြည်နယ်နှင့် အနီးအနားဒေသများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးဝေနေပြီး အခြားသော ပြည်နယ်များကိုလည်း ခွဲဝေဖြန့်ဖြူးပေးနေပါသည်။

၂၀၀၆ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် Diversion Tunnel Collapse ဖြစ်ပွားပြီး Concrete face slab တွင် အက်ကြောင်းဖြစ်ပေါ်လာကာ ရေယိုစိမ့်မှုဖြစ်ပေါ်ခဲ့၍ ရေလှောင်ကန်မှ ရေကို အရေးပေါ် လျှော့ချခဲ့ရပါသည်။ အကြောင်းရင်းမှာ Rockfill Settlement ကို မှန်ကန်စွာ မခန့်မှန်းနိုင်ခြင်း၊ Slab–plinth Joint Design အားနည်းမှုရှိခဲ့ခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုကြသည်။ ထို့နောက် ပြုပြင်မှုများ ပြန်လည်ပြုလုပ်ခဲ့ပြီး တမံဘေးကင်းလုံခြုံရေးကို အဆင့်မြှင့်ကာ ပြန်လည်လည်ပတ်မောင်းနှင်လျက်ရှိပါသည်။ အဆိုပါတမံကြီးမှ CFRD ဒီဇိုင်း တွင် Settlement Control နှင့် Joint Design အရေးကြီးကြောင်း ကမ္ဘာ့တမံတည်ဆောက်ရေးလောကကို သင်ခန်းစာကြီး ပေးခဲ့ပါသည်။

မူလအကြောင်းရင်းကို ပြန်ဆက်ရလျှင် ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်မည့် မြစ်ဆုံတမံ သည် ကွန်ကရစ်မျက်နှာပြင်ကျောက်ဖြည့်တမံ (CFRD)အမျိုးအစားဖြစ်ပြီး တမံအမြင့် ၄၅၈ ပေ (တစ်နည်း မီတာ ၁၄၀)၊ အလျား ပေ ၄၃၀၀၊ တမံထုထည် ကျင်းပေါင်း ၆ ဒသမ ၅၄ သန်းဖြစ်ပါသည်။ ရေလှောင်ကန်ဧရိယာသည် ၁၇၃ စတုရန်းမိုင် ကျယ်ဝန်းမည်ဖြစ်ပြီး ကန့််ကွက်ဝေဖန်ရေးသားနေကြသူတွေ ပြောဆိုရေးသားနေသကဲ့သို့မဟုတ်ဘဲ စင်ကာပူနိုင်ငံ၏ အကျယ်အဝန်း ၂၈၃ စတုရန်းမိုင်ထက် နည်းပါးပါသည်။

တမံနှင့် အနီးဆုံးရှိသော ရေပြင်အကျယ်ဧရိယာ မှာ ၆ ဒသမ ၇၅ စတုရန်းမိုင်ဖြစ်ပါသည်။ နောက် တစ်ချက်မှာ တမံကို နိုင်ငံရေးလက်နက်အဖြစ် ဖောက်ခွဲ၍ မြစ်အောက်ပိုင်းဒေသကို ရေလွှမ်းစေနိုင် မည်ဟု ရေးသားပြောဆိုနေခြင်းက ပြည်သူလူထုကို စိုးရိမ်စိတ်မြင့်တက်စေပြီး တမံတည်ဆောက်ရေးကို ကန့်ကွက်စေရန် သွယ်ဝိုက်၍ လှုံ့ဆော်ခြင်းတစ်မျိုးသာဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကွန်ကရစ်မျက်နှာပြင် ကျောက်ဖြည့်တမံများသည် ဖောက်ခွဲဖျက်ဆီးရန် အလွန်ခဲယဉ်းပါသည်။ဖောက်ခွဲ ဖျက်ဆီးရန်အတွက် ယမ်းတန်ချိန် ရာထောင်ချီ အသုံးပြုရမည်ဖြစ်သည့်အပြင် ပြင်ဆင်ချိန် အတော်ယူရမည်ဖြစ်သည့်အတွက် လုံခြုံရေးအရ ကြိုတင် ကာကွယ်တားဆီးနိုင်စွမ်းရှိပါသည်။ ကွန်ကရစ်မျက်နှာပြင်ကျောက်ဖြည့်တမံအမျိုးအစား ဖြစ်သည့် အတွက် ကျောက်ဖြည့်တမံများက Flexibleဖြစ်သောကြောင့် ငလျင်လှုပ်ခတ်မှုကို ခံနိုင်ရည်ရှိပါသည်။ ထို့အပြင် ပြုပြင်ထိန်းသိမ်းရလွယ်ကူပါသည်။ တည်ဆောက်ရေးပစ္စည်းများလည်း အလွယ်တကူ ရရှိနိုင်ပါသည်။ ။

No comments:

Post a Comment