Wednesday, April 29, 2026

သင်္ဂါယနာသမိုင်း


မောင်ပုည

ဆဋ္ဌသင်္ဂါယနာသမိုင်း

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရခဲ့သည်။ မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝတွင် နှစ်ပေါင်း ၁၀၀ ခန့်နေရသဖြင့် ဗုဒ္ဓသာသနာတော် သန့်ရှင်းစင်ကြယ်ရေးသည်လည်း ညှိုးနွမ်းမှေးမှိန်ခဲ့ရသည်။ သာသနာ့ဦးသျှောင် ဆရာတော်ကြီးများနှင့် နိုင်ငံတော်အကြီးအကဲများသည် သာသနာတော်မြတ်ကြီး သန့်ရှင်းစင်ကြယ်ရေး၊ စည်ပင်တိုးတက်ရေးကို အလေးအနက်ထား၍ ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ သို့ဖြစ်၍ လွတ်လပ်သော ပြည်ထောင်စုမြန်မာ နိုင်ငံတော်အစိုးရ၏ ပါလီမန်လွှတ်တော်ကြီးမှ သာသနာရေးနှင့်ပတ်သက်သည့် အက်ဥပဒေ ၃ ရပ်တို့ကို ပြဋ္ဌာန်းခဲ့သည်။

နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ ဖွဲ့စည်းရန် ပထမဆုံးညီလာခံ

ဗုဒ္ဓသာသနာအဖွဲ့အက်ဥပဒေအတည်ဖြစ်ပြီး နောက်ပထမဆုံးအကြိမ် ညီလာခံကြီးကို ရန်ကုန်မြို့ တက္ကသိုလ်ဓမ္မာရုံကြီး၌ ကိုယ်စားလှယ်တော်ပေါင်း ၅၁ ဦးတို့၏အမည်များကိုကြေညာ၍ ဖွဲ့စည်းခဲ့သည်။ ထို့နောက် အမှုဆောင်အဖွဲ့ ဖွဲ့စည်းရန် ဒေသဆိုင်ရာကိုယ်စားလှယ် ၁၀ ဦး၊ နိုင်ငံတော်သြဝါဒါစရိယဆရာတော်များကရွေးချယ်သည့် ပုဂ္ဂိုလ်ကိုးဦး၊ နိုင်ငံတော်သမ္မတကြီးက ခန့်အပ်သည့် ပုဂ္ဂိုလ်ရှစ်ဦးအားဖြင့် သုံးရပ်ပေါင်း ၂၇ ဦးတို့ကို အမှုဆောင်များအဖြစ် ရွေးချယ်ခဲ့သည်။ အထက်ပါ အမှုဆောင်အဖွဲ့၏ ပထမအကြိမ်အစည်းအဝေးတွင် အက်ဥပဒေပုဒ်မ ၁၈ ပါး၊ သာသနာရေးကိစ္စအဝဝကို အသီးသီးတာဝန်ခွဲဝေ၍ ဆောင်ရွက်နိုင်ကြစေရန် အဖွဲ့ငယ်လေးဖွဲ့ ဖွဲ့စည်းကာ တာဝန်အသီးသီးကို ထမ်းဆောင်ခဲ့ကြသည်။

နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့၏ ဆဋ္ဌသင်္ဂါယနာ စီစဉ်ရေးအဖွဲ့ခွဲ

နိုင်ငံတော်အစိုးရသည် ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး အရှည်တည်တံ့စေရန်၊ ပိဋကပါဠိတော်များ ပိုမို၍သန့်ရှင်းကောင်းမွန်စေရန်၊ ပါဠိဘာသာ မတတ်မြောက်သောပုဂ္ဂိုလ်များ ပိဋကတ်တော်၏အရသာကို လွယ်လင့်တကူ ခံယူသုံးဆောင်နိုင်ကြစေရန်နှင့် နိုင်ငံခြားဒေသများ၌ သာသနာတော် ထွန်းကားပြန့်ပွားစေရန် ဟူသော ရည်ရွယ်ချက်လေးချက်ဖြင့် ဆဋ္ဌသင်္ဂါယနာတင် ဓမ္မသဘင်ကြီးဖြစ်မြောက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် တိုင်းသူတိုင်းသားတို့သည် ပစ္စယာနုဂ္ဂဟအားဖြင့် ထောက်ပံ့လှူဒါန်းရန် စည်းဝေးဆုံးဖြတ်ခဲ့သည်။

ထို့နောက် သက္ကရာဇ် ၁၃၁၃ ခု၊ သီတင်းကျွတ် လပြည့်ကျော် ၁၃ ရက် (၈-၁၁-၁၉၅၁) နေ့တွင် ကျင်းပခဲ့သော အစည်းအဝေးတွင် သာသနာရေးဝန်ကြီးက နိုင်ငံတော်အစိုးရကိုယ်စား ဆဋ္ဌသင်္ဂါ ယနာတင်ကိစ္စကို နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ကြီးအားလွှဲအပ်ခဲ့ရာအဖွဲ့ကြီးက ဝမ်းမြောက်စွာ လက်ခံပြီးလျှင် ဆဋ္ဌသင်္ဂါယနာစီစဉ်ရေးအဖွဲ့ခွဲနှင့်တကွ အဖွဲ့ငယ်များ ထပ်မံဖွဲ့စည်း၍ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သည်။ ဆဋ္ဌသင်္ဂါယနာသဘင် ဆင်ယင်ကျင်းပရေးအတွက် နိုင်ငံတော်တစ်ဝန်းလုံးရှိ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်ဝိနည်းဓိုရ် ဆရာတော်ကြီးများနှင့် အဂ္ဂမဟာပဏ္ဍိတဘွဲ့ရ ဆရာတော်ကြီးများ စုံညီစွာဖြင့် ဆွေးနွေးညွှန်ကြားတော်မူနိုင်ကြစေရန် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ကြီးက တာဝန်ယူ၍ ပင့်ဆောင်ခဲ့ကြရာ ၅၃ ပါး ကြွရောက်တော်မူခဲ့ကြသည်။

ဆဋ္ဌသင်္ဂါယနာတင်ရန် စည်းဝေးဆုံးဖြတ်တော်မူခြင်း

မြန်မာသက္ကရာဇ် ၁၃၁၃ ခု၊ တပို့တွဲလပြည့်ကျော် ၁ ရက် (ခရစ်နှစ် ၁၁-၂-၁၉၅၂) ရက်နေ့ မွန်းလွဲအချိန်၌ သြဝါဒါစရိယသံဃနာယက ဆရာတော်ကြီးများ၏ အစည်းအဝေးကို စတင်ကျင်းပတော်မူကြရာ အစည်းအဝေးတွင် ယခုကျင်းပမည့် သင်္ဂါယနာကို ဆဋ္ဌသင်္ဂါယနာ ဟု ခေါ်တွင်ရန် ဆုံးဖြတ်တော်မူ၍ ဆဋ္ဌသင်္ဂါယနာတင်ရခြင်း၏ အကြောင်းများကိုလည်း အတည်ပြုတော်မူခဲ့ကြသည်။

ဆဋ္ဌသင်္ဂါယနာတင်ရခြင်းအကြောင်း

(၁) မြတ်စွာဘုရား ဟောကြားတော်မူအပ်သော နိကာယ်ငါးရပ်ကို အထပ်ထပ်အဆင့်ဆင့်ရေးကူးကြရာ၌ သတိချွတ်ယွင်းရေးမှားမိခြင်းဟုဆိုအပ်သော ပမာဒ လေခ ပါဠိပျက်များကို အထူးသန့်ရှင်းစင်ကြယ်စေလိုခြင်း။

(၂) ထိုစင်ကြယ်သော ပိဋကတ်တော်များကို စက်တင်ပုံနှိပ်ပြီးလျှင် ဆဋ္ဌသင်္ဂါယနာတင်၍ ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့စေခြင်းအားဖြင့် သာသနာတော်အဓွန့်ရှည်စွာ တည်စေလိုခြင်း။

(၃) လွတ်လပ်သော မြန်မာနိုင်ငံတော်နှင့်တကွ ဗုဒ္ဓဘာသာနိုင်ငံအားလုံးတို့က သာသနာတော်ကို စုပေါင်းအားပေး ချီးမြှောက်လိုခြင်းဟူသော အကြောင်းသုံးချက်ဖြင့် ဆဋ္ဌသင်္ဂါယနာတင်ရန် သဘောတူညီ ဆုံးဖြတ်တော်မူကြသည်။

ထိုသို့ဆုံးဖြတ်တော်မူကြပြီးနောက် ရှေးဦးဆောင်ရွက်ဖွယ်များကို အဖွဲ့ငယ်များ အသီးသီး ဖွဲ့စည်း၍ စတင်ဆောင်ရွက်ခဲ့ကြသည်။

ဆဋ္ဌသင်္ဂါယနာတင်ရန် ကမ္ဘာအေးကုန်းမြေကို ရွေးချယ်ခြင်း

ဆဋ္ဌသင်္ဂါယနာတင်ရမည့်နေရာကို ရေကူးရပ်၊ သီရိမင်္ဂလာကုန်းမြေ၊ ကမ္ဘာအေးစေတီပတ်ဝန်းကျင်ဟုသတ်မှတ်ပြီး ထိုမြေနေရာ၌ အဆောက်အဦ ကိုးခု (နဝဌာန) ကို ဆောက်လုပ်ရန် ဆုံးဖြတ်ချက်ချပြီး ဆောက်လုပ်ခဲ့ကြသည်။

ပိဋကတ်တော်များ ပင့်ဆောင်ခြင်း

နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့အနေဖြင့် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီး ကျင်းပနိုင်ရေးအတွက် လုပ်ဆောင်ရမည့် ရှေးဦးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးဖြင့် ဖွဲ့စည်းဆောင်ရွက်သကဲ့သို့ မြန်မာနိုင်ငံအပါအဝင် ဗုဒ္ဓဘာသာနိုင်ငံများဖြစ်သော သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့ရှိ ပိဋကတ်တော်များကို စိစစ်သုတ်သင် တည်းဖြတ်ရေးအဖွဲ့များဖွဲ့စည်းကာ သန့်ရှင်းစင်ကြယ်သော ပိဋကတ်တော်များရရှိရေးကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ နိုင်ငံအစုံမှ ပိဋကတ်တော်မူများကို ရရှိထားသည့်အတွက် ဆဋ္ဌသင်္ဂါယနာတင်နိုင်ရန် ပါဠိတော်များကို သုတ်သင်တည်းဖြတ်တော်မူကြရာတွင် မူအမျိုးမျိုးကို နှိုင်းယှဉ်လေ့လာနိုင်ကာ သုံးသပ်ဆုံးဖြတ်နိုင်ကြသည်။ ထို့ကြောင့်ပင် ဆဋ္ဌသင်္ဂါယနာတင်မူ ပါဠိတော်ကျမ်းစာအုပ်များ၏ အောက်ခြေတွင် “နာနာပါဌ” ကို ထည့်သွင်းထားနိုင်ခြင်းဖြစ်သည်။

ဆဋ္ဌသင်္ဂါယနာ တင်တော်မူကြခြင်း

ဆဋ္ဌသင်္ဂါယနာတင် မဟာဓမ္မသဘင်ကို သာသနာတော်နှစ်၂၄၉၈ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၁၆ ခုနှစ်၊ ကဆုန်လပြည့် (၁၇-၅-၁၉၅၄) နေ့တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ခုနစ်နှစ်အကြာတွင် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးတွင် မြန်မာနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံဟူသော ထေရဝါဒဗုဒ္ဓဘာသာ ငါးနိုင်ငံတို့မှ သံဃာတော်အပါး ၂၅၀၀ တို့ ပါဝင်တက်ရောက်တော်မူခဲ့ကြသည်။

ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကို ထေရဝါဒဗုဒ္ဓဘာသာ ငါးနိုင်ငံမှ သံဃာ့မထေရ်မြတ်ကြီးများက ဦးစီး၍ ဗုဒ္ဓဒေသနာတော် ပိဋကတ်ကျမ်းစာအုပ်ရေ ၄၀ ကို သန္နိပါတ ငါးကြိမ်ဖွဲ့၍ စိစစ်ရွတ်ဆို သင်္ဂါယနာတင်တော်မူကြခြင်းဖြစ်သည်။

ညောင်ရမ်းဆရာတော်ဘုရားကြီးသည် ဆဋ္ဌသင်္ဂါယနာတင် မဟာဓမ္မသဘင်တွင် ဥက္ကဋ္ဌတာဝန်ဖြင့် ပထမသန္နိပါတ ၄၄ ရက်၊ ဒုတိယသန္နိပါတ ၆၅ ရက်၊ ပေါင်း ၁၀၉ ရက်တိုင်တိုင် အားကြိုးမာန်တက် ဆောင်ရွက်တော်မူခဲ့သည်။ ထိုသို့ဆောင်ရွက်တော်မူစဉ် ၁၃၁၆ ခုနှစ် တပို့တွဲလပြည့် (၇-၂-၁၉၅၅) တနင်္လာနေ့၊ နေ့ ၂ နာရီ ၁၃ မိနစ်အချိန်၌ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ အဘိဓဇမဟာ ဝိဟာရကျောင်းတွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။ ညောင်ရမ်းဆရာတော်ကြီး ပျံလွန်တော်မူပြီး နောက်တွင် ဆဋ္ဌသင်္ဂါယနာဝန်ဆောင်သံဃာ့အဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကို မစိုးရိမ်ဆရာတော်ကြီးက ဆက်လက်ထမ်းဆောင်လျက် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကို အရှိန်မပျက် ဆက်လက်ဆောင်ရွက်တော်မူခဲ့ကြသည်။

ဗုဒ္ဓဒေသနာ ပါဠိတော်အုပ်ရေ ၄၀ ကို သန္နိပါတ ငါးကြိမ်ခွဲ၍ သင်္ဂါယနာတင်ခဲ့ရာ၌ သံဃာ့ဥက္ကဋ္ဌ ဆရာတော်ကြီးများအပြင် အကျိုးတော်ဆောင် ဗားကရာဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာဂဝံသ၊ ပုစ္ဆကမဟာစည်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောဘန၊ ဝိသဇ္ဇက တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝိစိတ္တသာရာ ဘိဝံသ၊ သန္နိပါတအလိုက် ဘာဏကအဖွဲ့ဆရာ တော်များ၊ သြဝါဒါစရိယဆရာတော်များ၊ ဦးဆောင်ဆရာတော်များ၊ မူလဝိသောဓက ပဋိဝိသောဓက ဆရာတော်များအပါအဝင် ပြည်တွင်းပြည်ပ သင်္ဂီတိကာရက ဆရာတော် ၂၅၀၀ တို့ ပါဝင်ဆောင်ရွက်တော်မူခဲ့ကြသည်။

ဤသို့ဖြင့် နှစ်နှစ်တိုင်တိုင် ကျင်းပတော်မူခဲ့သော ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးသည် မြန်မာသက္ကရာဇ် ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ သာသနာနှစ် ၂၅၀၀ ပြည့်နှစ် (၂၄-၅-၁၉၅၆) တွင် ပြီးမြောက်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် အောင်ပွဲကြီး ဆင်နွှဲနိုင်ခဲ့ကြသည်။

အဋ္ဌကထာနှင့် ဋီကာကျမ်းများကို သင်္ဂါယနာတင်တော်မူခြင်း

မြန်မာသက္ကရာဇ် ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ သာသနာနှစ် ၂၅၀၀ ပြည့်အမီ ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီး ပြီးမြောက်အောင်မြင်ခြင်း အထိမ်းအမှတ်အောင်ပွဲကြီး ဆင်နွှဲနိုင်ခဲ့ကြပြီးနောက် ဆဋ္ဌသင်္ဂါယနာတင် ဆရာတော်ကြီးများသည် အဋ္ဌကထာသင်္ဂါယနာနှင့် ဋီကာသင်္ဂါယနာတို့ကိုပါ ဆက်လက်ဆောင်ရွက်တော်မူခဲ့ကြရာ ၁၉၆၂ ခုနှစ်တွင် အလုံးစုံပြီးမြောက်ခဲ့ပါသည်။

ဆဋ္ဌသင်္ဂါယနာအမွေ

ဆဋ္ဌသင်္ဂါယနာတင်တော်မူရာတွင် ယခင်သင်္ဂါယနာများနည်းတူ ဗုဒ္ဓဒေသနာတော်များကို နှုတ်ဖြင့်ရွတ်ဆို သင်္ဂါယနာတင်ခဲ့ရုံသာမက ထေရဝါဒ ဗုဒ္ဓဘာသာ ငါးနိုင်ငံ၏ ကျမ်းစာများနှင့်ပါ တိုက်ဆိုင်စစ်ဆေး၍ ပိဋကသုံးပုံ ပါဠိတော်အုပ်ရေ ၄၀ ကို စနစ်တကျ တည်းဖြတ်ပုံနှိပ်ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီး၏ ထူးခြားချက်ဖြစ်ပါသည်။

မူလဆဋ္ဌသင်္ဂါယနာတင်စဉ်ကပင် ပရိယတ္တိသာသနာအကျိုးပြု ပိဋကတ်ကျမ်းစာများကို စာအထားအသို၊ ပုဒ်ပါဌ်အက္ခရာ အစဉ်တကျ ပြင်ဆင်တည်းဖြတ်၍ ဆဋ္ဌသင်္ဂါယနာမူ တစ်မူတည်း ထားရှိရန် ရည်ရွယ်ခဲ့သည့်အတိုင်း ဆဋ္ဌသင်္ဂါယနာတင်ပွဲမစမီ ၁၉၅၃ ခုနှစ် သြဂုတ်လကပင် ဗုဒ္ဓဘာသာအဖွဲ့ ပုံနှိပ်တိုက်ကြီးကို ကြိုတင်စီစဉ်ထားရှိခဲ့သည်ဖြစ်ရာ ထိုပုံနှိပ်တိုက်ကြီးက ဆဋ္ဌသင်္ဂါယနာတင် တစ်လျှောက်လုံး ဆဋ္ဌသင်္ဂါယနာတင်ပြီးသည့် ကျမ်းစာများကို ဓမ္မာစရိယဘွဲ့ရပါဠိပညာရှင်များ အထူးကြီးကြပ်၍ ဆဋ္ဌသင်္ဂါယနာ ပုံနှိပ်မူကျကျ ပုံနှိပ်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆဋ္ဌသင်္ဂါယနာတင် သံဃာ့မထေရ်မြတ်ကြီးတို့ အကြိမ်ကြိမ် တည်းဖြတ်ပြီးသည့် ပါဠိတော်ပိဋကတ် ကျမ်းစာများသည် ထေရဝါဒဗုဒ္ဓသာသနာဝင် သင်္ဂါယနာ ခြောက်တန်စလုံးက လိုက်နာကျင့်သုံးခဲ့သော “လိုသည်ဟု ဖြည့်စွက်မှုမပြုခြင်း၊ ပိုသည်ဟု နုတ်ပယ်မှုမပြုခြင်းနှင့် မူလအတိုင်းထားရှိခြင်း” ဟူသော ထေရဝါဒမူသုံးရပ်နှင့် ညီညွတ်သဖြင့် ဆဋ္ဌသင်္ဂါယနာမူကျမ်းစာများဟူ၍ ခေါ်ဆိုသတ်မှတ်ခံရသည့်အပြင် ပိဋကတ်တော်များ ယနေ့တိုင်မူကွဲမရှိ ညီညွတ်၍ သန့်ရှင်းစင်ကြယ်စွာ တည်ရှိနေခြင်းသည် ဆဋ္ဌသင်္ဂါယနာ၏ အမွေအနှစ်များပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး အလွန်ပင်ထွန်းလင်းသည်မှာ ကမ္ဘာကပင် အသိအမှတ်ပြုရပေသည်။ ထိုသို့လျှင် မြတ်စွာဘုရားရှင်၏ သာသနာတော်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက်ကိုလည်း သံဃာတော်အရှင်သူမြတ်ကြီးများက အထူးကြောင့်ကြစိုက်ကြသကဲ့သို့ပင် အဆက်ဆက်သော မင်းအစိုးရများ၊ ပြည်သူ ပြည်သား သူတော်ကောင်းအပေါင်းတို့ကလည်း ဝိုင်းဝန်းစောင့်ရှောက်၍ ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင် သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်စဉ်ကပင် မြန်မာတွင်သာမက ကမ္ဘာပေါ်တွင်ပင် ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူ စကျင်ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူ ဦးဆောင်ဘုရားဒကာအဖြစ် တည်ထားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်း သာယာမှုဖြစ်စေရန်ဟူသော ကောင်းမြတ်သော သမ္မာဆန္ဒတို့ဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် မာရဝိဇယ ဘွဲ့အမည်တော်ဖြင့် ကြည်ညိုသပ္ပာယ်ဖွယ်ရာ ထိုင်တော်မူ စကျင်ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်ကြီးကို ခေတ်မီစက်ကိရိယာများအသုံးပြု၍ တည်ထားနိုင်ခဲ့ပြီး ယခုအခါ၌ ကမ္ဘာတစ်ဝန်းလုံးမှ ဘုရားဖူးလာ သူတော်ကောင်းအပေါင်းတို့ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ကြပြီ ဖြစ်ပါသည်။

ထို့ပြင် သာသနာတော်အတွက် မရှိမဖြစ်ဖြစ်သော ပိဋကတ်ကျမ်းစာများ ခိုင်ခိုင်မာမာဖြင့် အရှည်တည်တံ့ရေးအတွက် ရည်သန်၍ ပိဋကသုံးပုံ ပါဠိတော်ကျမ်းစာအုပ်ရေ ၄၀ တို့ကို ပါဠိ-ရိုမန် နှစ်ဘာသာဖြင့် ကျောက်ထက်အက္ခရာတင်၍ ကျောက်စာမျက်နှာအားဖြင့် ၂၈၈၀ ရှိသော ကျောက်စာချပ်ရေ ၁၄၄၀ ချပ်တို့အား စေတီတော် ၇၂၀ တို့အတွင်း ထည့်သွင်းစိုက်ထူ၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်အတွင်း တည်ထားပူဇော်ထားသည်ကိုလည်း လေ့လာပူဇော်နိုင်ပါသည်။ တစ်ချိန်တည်းတွင်ပင် ကွန်ပျူတာစာစီ ပါဠိ-ရိုမန် ပိဋကသုံးပုံ ကျမ်းစာအုပ်များကိုလည်း ပြုစုနိုင်ခဲ့ပြီး အကောင်းစားစက္ကူများအသုံးပြု၍ သပ်ရပ်စွာ ချုပ်လုပ်ပြီး ပြည်တွင်း ပြည်ပရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များသို့ ပေးပို့လှူဒါန်း နိုင်ခဲ့ပါသည်။

ထို့ပြင် နိုင်ငံတော်သမ္မတကြီးသည် ဆဋ္ဌသင်္ဂါယနာမူ အဋ္ဌကထာကျမ်းစာအုပ်တို့ကိုလည်း ပိုမိုသန့်ရှင်းသော မူကောင်းမူသန့်များဖြစ်စေရန်၊ စာချစာသင် သံဃာတော်များ ပိုမိုတွင်ကျယ်စွာဖြင့် လေ့လာသင်ယူနိုင်စေရန်နှင့် အရှည်တည်တံ့စေရန်ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအား မူလခဲစာလုံးမူမှ ကွန်ပျူတာစာစီမူသို့ ခေတ်နှင့်အညီ ပြောင်းလဲဆောင်ရွက်နိုင်ရေး လမ်းညွှန်ခဲ့ရာ အဋ္ဌကထာ ကျမ်းစာ ၅၁ အုပ်ကို ကွန်ပျူတာစာစီမူဖြင့် အောင်မြင်စွာ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပြီး ဋီကာကျမ်းစာ ၂၆ အုပ်တို့ကိုလည်း ဆက်လက်ဆောက်ရွက်လျက်ရှိပါသည်။

ဤသို့လျှင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော် မူပြီးနောက်မှစ၍ပင် ရဟန္တာမထေရ်မြတ်ကြီးများ အမှူးထားသော သံဃာတော်အရှင်သူမြတ်ကြီးများ၊ ဦးဆောင်သူ မင်းအစိုးရများနှင့် ရှေးသူတော်ကောင်း အပေါင်းတို့သည် မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားတော်မူရေးအတွက် ကြိုးစားတော်မူခဲ့ကြသည်မှာ ဆဋ္ဌသင်္ဂါယနာအထိပင်ဖြစ်ပါသည်။ ဆဋ္ဌသင်္ဂါယနာတင်ခြင်းသည်လည်း သာသနာနှစ် ၂၅၀၀ အချိန်တွင်တင်ခဲ့ရာ နှစ်ပေါင်း ၇၀ ကြာမြင့်လေပြီ။ ယခုအခါ ဆဋ္ဌသင်္ဂါယနာ နှစ် ၇၀ ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားအောင်ပွဲကြီးကို မူလကျင်းပခဲ့ရာ ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးတွင် ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ သာသနာနှစ် ၂၅၇၀ ပြည့်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့၌ ကြီးကျယ်ခမ်းနား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါသဖြင့် မုဒိတာပွားဝမ်းမြောက်ကြစေရန် ရေးသားတင်ပြ လိုက်ပါသည်။ ။

No comments:

Post a Comment