Thursday, April 16, 2026

မြန်မာ့ရိုးရာမဟာသင်္ကြန်အကြတ်နေ့ ရေကစားကြသူများဖြင့်စည်ကား ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများပါဝင်ဆင်နွှဲ


ဘားအံ ဧပြီ ၁၅

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ ဧပြီလ ၁၅ ရက်နေ့ မဟာသင်္ကြန်အကြတ်နေ့တွင် နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်၊ ကမ်းနားလမ်းတစ်လျှောက်ရှိမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်များတွင် ရေကစားကြသူများ၊ စတုဒိသာဖြင့်တည်ခင်းဧည့်ခံ ကျွေးမွေးကြသူများဖြင့် အထူးစည်ကားများပြားလျက်ရှိပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရေကစားမဏ္ဍပ်များသို့လှည့်လည်၍ ဒေသခံများနှင့်အတူ သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

 

 

မဟာသင်္ကြန်အကြတ်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ သီရိကွင်းရှိ ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှု၊ နိုင်ငံကျော်တေးသံရှင် အစ္စဏီ၊ D ဖြိုးတို့၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး အောင်သပြေခက်ဖြင့် အတာရေအေးပက်ဖြန်း၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကနှင့် အဖွဲ့ဝင်များက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုသနပ်ခါးမဏ္ဍပ်တွင် အပြန်အလှန်သနပ်ခါးများ လိမ်းချယ်ပေး၍ မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ဒုံရင်းတိုက်နယ်၊ သဘာဝစမ်းရေတံခွန်အဝင်လမ်း လမ်းလျှောက်သင်္ကြန်သို့ရောက်ရှိလာရာ ဒေသခံများနှင့် သင်္ကြန်သမီးပျိုလေးများက ပန်းကုံးစွပ်၍ သနပ်ခါးများ လမ်းခြယ်ကြိုဆိုခဲ့ကြပြီး ပေ ၈၀၀ ခန့် အရှည်ရှိသော လမ်းလျှောက်သင်္ကြန်ကိုပါဝင်ဆင်နွှဲ၍ ဒုံရင်းသဘာဝစမ်းရေတံခွန်အတွင်း ငါးမြစ်ချင်းကောင်ရေနှစ်သောင်း၊ ငါးခုံးမကြီးကောင်ရေနှစ်သောင်း စုစုပေါင်းကောင်ရေ လေးသောင်းကို ဇီဝိတဒါန ငါးမျိုးစိုက်ထည့်ပေး၍ တည်ခင်းဧည့်ခံသော စတုဒိသာမဏ္ဍပ်တွင် တိုင်းရင်းသား ပြည်သူများနှင့်အတူ သင်္ကြန်ထမင်းကို အတူတကွသုံးဆောင်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒုံရင်းတိုက်နယ် အေးအေးချမ်းချမ်း ဒုံရင်းပန်းရေကစားမဏ္ဍပ်၊ ပိတောက်ဖူးသစ်အမှတ် (၈) ရေကစားမဏ္ဍပ်၊ ကြိုဆိုနှစ်သစ်အမှတ် (၇) ဖျော်ဖြေရေးမဏ္ဍပ်၊ ငုဝါပိတောက်အမှတ် (၆) ဖျော်ဖြေရေးမဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ကန်သာယာပတ်လမ်းဖြစ်သော ချစ်သူလမ်းကြားလမ်းလျှောက်သင်္ကြန်၊ အမှတ် (၄) ရပ်ကွက်ရှိ ဇွဲကပင်ပန်းခြံနှင့် ကရင်ပြည်နယ် လွှတ်တော်ရုံးရှေ့လမ်းလျှောက်သင်္ကြန်တို့တွင် လျှောက်လမ်းရေပန်းများ၊ လောင်းလှေများ၊ ထီးအလှများ၊ ပန်းအလှများဖြင့် ဝေဝေဆာဆာအလှဆင်ထားသော လမ်းလျှောက်သင်္ကြန်ကို ပါဝင်ဆင်နွှဲခဲ့ကြပြီး ကပြဖျော်ဖြေကြသော သင်္ကြန်ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ စတုဒိသာမဏ္ဍပ်များမှတည်ခင်းဧည့်ခံသော မုန့်လက်ဆောင်း၊ ရွှေရင်အေး အစရှိသော သင်္ကြန်စာများကို သုံးဆောင်ဝေငှပေးကာ ဇွဲကပင်ပန်းခြံလမ်းလျှောက်သင်္ကြန်ရေကစားမဏ္ဍပ်၌ ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အလားတူ မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ယိမ်းအကနှင့် တပင်တိုင်အက ပြိုင်ပွဲ တတိယညယှဉ်ပြိုင်မှုကို ဧပြီလ ၁၄ ရက်နေ့ ညဉီးပိုင်းက ဘားအံမြို့၊ သီရိကွင်းဗဟိုမဏ္ဍပ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသနေပြည်သူ များက ကိုယ်ပိုင်သံစဉ်ယိမ်း ၁၂ ဖွဲ့၊ တပင်တိုင် ၇ ဦးတို့၏ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများအသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment