ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်
၁။ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ခွင့်ဖြင့် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ပြီး သက်ဆိုင်ရာနိုင်ငံများရှိ လုပ်ငန်းခွင်များသို့ ပြန်လည်ထွက်ခွာခွင့်ပြုပါရန် တရားဝင်ရုံးပိတ်ရက်မပါ ၅ ရက်ကြိုတင်၍ သတ်မှတ်ပုံစံ၊ စာရွက်စာတမ်းအထောက်အထားများနှင့်တကွ လျှောက်ထားလာမှုများအားစိစစ်ပြီး ပြည်ပထွက်ခွာခွင့်များအား Safe Migration Telegram Channel တွင် နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် အချို့အလုပ်သမားအသစ်များသည် ဝန်ကြီးဌာနမှ သတ်မှတ်ထားသော စနစ်တကျစုဆောင်းခြင်း၊ ပြည်ပသို့မထွက်ခွာမီ သင်တန်းတက်ရောက်ခြင်းနှင့် ဆေးစစ်ခံခြင်းလုပ်ငန်းစဉ်များကို ကျော်လွှားနိုင်ရန်အတွက် “ခွင့်ပြန်အလုပ်သမား” အဖြစ် အသွင်ဆောင်ကာ ခွင့်စာအတုများပြုလုပ်၍ ခွင့်ပြန်အလုပ်သမားများအတွက် သတ်မှတ်ထားသောလမ်းကြောင်းကို အလွဲသုံးစားပြု၍ တရားမဝင်ထွက်ခွာရန်ကြိုးစားခြင်းများ တွေ့ရှိရသဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနအနေဖြင့် လုံခြုံစိတ်ချရသောရွှေ့ပြောင်းသွားလာမှု ဖြစ်ပေါ်စေရေးနှင့် လူကုန်ကူးခံရမှုအပါအဝင် မလိုလားအပ်သည့် အန္တရာယ်များမဖြစ်ပွားစေရေး စနစ်တကျ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
၃။ ထိုသို့စိစစ်ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများမရှိစေရေးအတွက် ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှစတင်၍ ပြည်ပနိုင်ငံများမှ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံသို့ မလာရောက်မီ အလုပ်ရှင်၏ခွင့်စာ (Letter of Permission for Leave) ရယူ၍ အောက်ပါအတိုင်း ဆောင်ရွက်သွားရန် အသိပေးကြေညာအပ်ပါသည်-
(က) သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်၍ ခွင့်စာပြသပြီး ထောက်ခံစာ ယူဆောင်ရန်၊
(ခ) မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ထားခြင်းမရှိသည့် နိုင်ငံများအနေဖြင့် အနီးဆုံးနိုင်ငံ သို့မဟုတ် အနီးဆုံးမြို့ရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့သွားရောက်၍ ခွင့်စာပြသပြီး ထောက်ခံစာယူဆောင်ရန်။
၄။ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ထွက်ခွာမည့် အလုပ်သမားများအနေဖြင့် Work Permit ၊ ဗီဇာနှင့် ခွင့်စာပါလုပ်ငန်းခွင်နှင့် OWIC ကတ်တွင်ပါရှိသည့် လုပ်ငန်းခွင်မတူညီပါက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် OWIC ကတ်အား အသစ်ပြန်လည်လျှောက်ထားရမည် ဖြစ်ပါသည်။
၅။ သို့ဖြစ်ပါ၍ ပြည်ပနိုင်ငံများမှ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ထွက်ခွာမည့် အလုပ်သမားများအနေဖြင့် သက်ဆိုင်ရာအလုပ်ရှင်များထံမှ ခွင့်စာရယူပြီး အပိုဒ် ၃ ပါအတိုင်း ဆောင်ရွက်၍ သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၏ ထောက်ခံစာနှင့်အတူ ပြည်ပထွက်ခွာခွင့် တင်ပြနိုင်ရေးနှင့် ခွင့်စာအား လိမ်လည်တင်ပြလာပါက ကာလသတ်မှတ်ချက်တစ်ခုဖြင့် ပြည်ပ ထွက်ခွာခွင့်ပိတ်ပင်ခြင်းနှင့် အမည်မည်းစာရင်း ရေးသွင်းသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
No comments:
Post a Comment