နေပြည်တော် ဧပြီ ၁၇
နိုင်ငံတော်သမ္မတရုံး နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတရုံးတော် ငုရွှေဝါခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနေမိန္ဒနှင့် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အောင်စည်သာကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိစက္ခဏ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားမစတင်မီ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ငုရွှေဝါခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သောက်တော်ရေချမ်းနှင့် သစ်သီးပန်းမန်များ ကပ်လှူပူဇော်သည်။
ထို့နောက် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အောင်စည်သာကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တဝိစက္ခဏထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို နာယူကြည်ညိုကြပြီး နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မာရဝိဇယကျောင်းဆရာတော် ဘဒ္ဒန္တနေမိန္ဒထံမှ အနုမောဒနာတရားနာယူ ကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment