ဘားအံ မတ် ၁၄
(၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သော လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသ ရေပေးဝေရေးနှင့် သစ္စာအေးမြိုင်ကျေးရွာမှ ကျောက်စာကွင်းမုဒ်ဝထိ ကွန်ကရစ်လမ်း (၂၀၃၃)ပေဖွင့်ပွဲကို မတ်လ ၁၂ ရက်နေ့နံနက်ပိုင်းက ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ
မြိုင်ကြီးငူနန်းဦးဘေးမဲ့တောရကျောင်းတိုက် ဦးစီးပဓာနနာယက ဒုတိယမြိုင်ကြီးငူဆရာတော်
သီရိပျံချီ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘဒ္ဒန္တဉာဏိက၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက
ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၂၈၀ဒဿမ၄၉၃)သန်းဖြင့် အရှည် ၂၀၃၃ ပေ၊ အကျယ်
၁၈ ပေ၊ ကွန်ကရစ်ထု ၇ လက်မနှင့် လမ်းပုခုံးတစ်ဖက်လျှင် (၃)ပေစီပါရှိသော ကွန်ကရစ်လမ်းသစ်အား
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊
ပန်းပွားအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍
ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြကာ ကွန်ကရစ်လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက်
ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့
ကွန်ကရစ်လမ်းသစ်ကို ဆောင်ရွက်ပြီးစီးသွားသည့်အတွက် သစ္စာအေးမြိုင် ကျေးရွာအပြင်အနီး
ပတ်ဝန်းကျင်တွင်ရှိသည့် ကျေးရွာများအတွက်ပါ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသောလူမှုရေးလုပ်ငန်းများလည်း
ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ ရေရှည်တည်တံ့ခိုင်မြဲအောင် ဒေသခံတိုင်းရင်းသားပြည်သူများက
ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက်
ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ကွန်ကရစ်လမ်းခင်းခြင်းနှင့်ပတ်သက်၍
ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများသည် လမ်းဖွင့်ပွဲသို့တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍
အားပေးစကားများပြောကြားခဲ့သည်။
ဆက်လက်၍
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြိုင်ကြီးငူဒေသရှိ ရေရရှိရေးလုပ်ငန်းမှ
ဥယျာဉ်ခြံကျောင်းသို့ ရေပိုက်သွယ်တန်းခြင်း အရှည်(၁၄၅၂၀)ပေ၊ ဂါလံ(၅၀၀၀)ဆံ့ ရေစုကန်တစ်ကန်နှင့်
အေးလင်းသာယာကွင်း ယာယီနေရပ်စွန့်ခွာစခန်းသို့ ရေပိုက်သွယ်တန်းခြင်း အရှည် (၆၆၀၀)ပေ၊
ဂါလံ (၁၀၀၀၀)ဆံ့ ရေစုကန်တစ်ကန် တည်ဆောက်ပြီးစီးခြင်းတို့ကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး
ညွှန်ကြားရေးမှူးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ်
(၁၃၂ ဒသမ ၆၇၀)သန်းဖြင့် ဒေသလိုအပ်ချက်အရ နေရာ(၅)နေရာတွင် ရေခပ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို
ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြိုင်ကြီးငူဒေသရှိ ရပ်ကွက်များသို့ တိုးချဲ့ရေပေးဝေနိုင်ရေး
မြေပြင်ကွင်းဆင်း တွက်ချက်တိုင်းတာဆောင်ရွက်ပေးရန် တာဝန်ရှိသူများအားမှာကြားကာ ဂါလံ
(၁၀၀၀၀)ဆံ့ ရေစုကန်တွင် ဒေသခံပြည်သူများက ရေလာရောက်ခပ်ယူသုံးစွဲနေမှုအခြေအနေများကို
ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြိုင်ကြီးငူ အေးလင်းသာယာကျောက်စာကွင်းဓမ္မာရုံတွင်
ယာယီနေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ယာယီနေထိုင်သည့်ကာလအတွင်း
တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဖြစ်ပွားခြင်းမရှိဘဲ စည်းစည်းလုံးလုံးနေထိုင်ကြရန်၊ ရာသီအလိုက်ဖြစ်ပွားတတ်သည့်
ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေး ဂရုစိုက်နေထိုင်ကြရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊
ပတ်ဝန်းကျင်သန့်ရှင်းရေး၊ သန့်ရှင်းသောသောက်သုံးရေ ရရှိရေး အထူးဂရုစိုက်နေထိုင်ကြရန်၊
စည်းကမ်းနှင့်အညီနေထိုင်ကြရန် မှာကြား၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်
တာဝန်ရှိသူများက အဆိုပါ ယာယီနေရပ်စွန့်ခွာစခန်းရှိ အိမ်ထောင်စု ၁၃၆၇ စုအတွက် ဆန် ၂၄
ပြည်အိတ် ၂၂၈ အိတ်၊ ဆီ ၆၈၃ ဒသမ ၅ လီတာတို့ကို ပေးအပ်ချီးမြှင့်ရာ ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးက
ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယာယီနေရပ်စွန့်ခွာပြည်သူများအား
ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း
(ပြန်/ဆက်)

No comments:
Post a Comment