Wednesday, March 4, 2026

ရွှေတိဂုံစေတီတော် (၂၆၁၄) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ




ရန်ကုန် မတ် ၄

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော် (၂၆၁၄) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို မတ်လ (၁) ရက်နေ့ ညနေပိုင်းက အဆိုပါစေတီတော်ရင်ပြင် ဗုဒ္ဓဟူးထောင့် ဗဟိုမဏ္ဍပ်ရှေ့၌ ကျင်းပသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၌ ဗုဒ္ဓမြတ်စွာဘုရားအမှူးပြုသည့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတာ်ကြီးများ၊ စေတိယင်္ဂဏသြဝါဒါစရိယ ဆရာတော်ကြီးများ၊ ပင့်သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များက စေတီတော်တစ်ပတ် လှည်လည့်ပူဇော်ခံရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် ရုံးဌာနများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များ၊ စေတနာရှင်ဘုရားဖူးပြည်သူများက သံဃဒါနဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။

ယနေ့ရွှေတိဂုံစေတီတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဩဝါဒါစရိယဆရာတာ်ကြီးများ၊ စေတိယင်္ဂဏသြဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော် (၁၂၁)ပါး၊ သာသနာ့နွယ်ဝင် သီလရှင် (၂၇)ပါး စုစုပေါင်း (၁၄၈)ပါးတို့အား  ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြောင်း သတင်းရရှိသည်။

ဇွဲထက်ကို (ပြန်/ဆက်)

No comments:

Post a Comment