မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေးသမိုင်းကို မှန်မှန်ကန်ကန် သိမြင်နိုင်ရန်ဆိုလျှင် လွတ်လပ်ရေးကြိုးပမ်းမှုကာလ မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်လည်လေ့လာကြည့်ရန်လိုသည်။ ခေတ်သမိုင်းသည် အတိတ်သမိုင်းကို အမွေဆက်ခံမြဲဖြစ်ရာ ဤသို့လေ့လာခြင်းဖြင့် မျက်မှောက်ခေတ်၏ နိုင်ငံရေးဖြစ်စဉ်များသည် အတိတ်ဖြစ်စဉ်ဖြစ်ရပ်များနှင့် ဆက်နွှယ်၍ ဖြစ်ပေါ်နေခြင်းဖြစ်သည်ကို နားလည်နိုင်သည်။
နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ကြသူများမှာ
စစ်ကြိုခေတ် မြန်မာ့နိုင်ငံရေးမျိုးဆက်သစ် ခေတ်ပညာတတ်လူငယ်များဖြစ်ကြပြီး
၎င်းတို့က နိုင်ငံရေးသမားများအဖြစ် ခံယူခဲ့ကြကာ မြန်မာ့တပ်မတော်ကို စတင်တည်ထောင်
သူများလည်းဖြစ်လာသည်။ သို့ဖြစ်ရာ မြန်မာ့တပ်မတော်သည်
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာပြီး စကတည်းကပင် မြန်မာ့နိုင်ငံရေးနှင့်
ခွဲမရအောင် ထဲထဲဝင်ဝင်ပတ်သက်နေခဲ့ခြင်းဖြစ်သည်။ မြန်မာ့နိုင်ငံရေးခေါင်းဆောင်သည်
တစ်ဖက်တွင်လည်း တပ်မတော်၏ ခေါင်းဆောင်ပင် ဖြစ်နေခဲ့သည်။ လွတ်လပ်ရေးရအံ့ဆဲဆဲအချိန်ကပင်
အက်ကြောင်းထင်နေခဲ့သည့် မြန်မာ့နိုင်ငံရေးတွင် ထိုစဉ်ကတည်းကပင်
အခိုင်အမာတည်ရှိနေခဲ့သည့် အင်အားစုမှာ မြန်မာ့တပ်မတော်ဖြစ်သည်။
နယ်ချဲ့လက်အောက်တွင် ငြိမ်သက်ခဲ့သမျှ အချုပ်အခြာအာဏာပိုင်လွတ်လပ်သောနိုင်ငံအဖြစ်သို့
ရောက်ရှိလာချိန်တွင် ကွန်မြူနစ်များ၊ ပဒေသရာဇ်လက်ကျန်များ၊ နယ်ချဲ့တို့မွေးမြူ
သိမ်းသွင်းမှုခံခဲ့ရသူများအပါအဝင် ၎င်းတို့၏ အုပ်စုကွဲ၊ ဂိုဏ်းဂဏကွဲများက
နိုင်ငံတစ်ဝန်း မြေပေါ်မြေအောက် ဆူပူထကြွပုန်ကန် သောင်းကျန်းခဲ့ကြသည်။ ထိုအခါ
နိုင်ငံလွတ်လပ်လာသော်လည်း လွတ်လပ်မှု၏ အရသာကို ပြည်သူတို့မခံစားကြရ။ ထို့အပြင်
မြေပေါ်ရှိ နိုင်ငံရေးအင်အားစုများမှာလည်း အပိုင်းပိုင်းအစိတ်စိတ် ပြိုကွဲလျက်ရှိရာ
နိုင်ငံကိုပြိုကွဲမသွားအောင် စည်းနှောင်ထားနိုင်သည့် တစ်ခုတည်းသော အင်စတီကျူးရှင်းမှာ
မြန်မာ့တပ်မတော်သာ ဖြစ်လာသည်။ သို့ဖြစ်ရာ မြန်မာ့တပ်မတော်သည် မြေပေါ်မြေအောက်
ကွန်မြူနစ်များ၊ ပဒေသရာဇ်လက်ကျန်များနှင့် ၎င်းတို့ကို ဆက်ခံသူများ၊
နယ်ချဲ့သစ္စာခံများနှင့် ၎င်းတို့၏မျိုးဆက်များ၊ နိုင်ငံရေးသူငယ်နာမစင်သူများ
စသည့် နိုင်ငံတော်ကိုဆန့်ကျင်ကြသည့် အုပ်စုများ၏ အစဉ်အလာရန်သူကြီးသဖွယ်ဖြစ်လာသည်။
နိုင်ငံရေးဆိုသည်မှာလည်း အစိုးရနှင့် တပ်မတော်ကို ဆန့်ကျင်ခြင်း၊
ထောင်ကျခံရဖူးခြင်း စသည်တို့နှင့် စံသတ်မှတ်ကာ လွဲချော်လာသည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင်
အဓိကအကျဆုံးသော နယ်ပယ်မှာ နိုင်ငံရေးနယ်ပယ်ဖြစ်သည်ဟု ပညာရှင်တို့ကဆိုသည်။
နိုင်ငံအတွင်းရှိနေသည့် ငွေကြေး၊ ရုပ်ဝတ္ထု၊ လူသားဟူသော အရင်းအမြစ်များကို
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာအသုံး ချရေးသည်
နိုင်ငံရေးနယ်ပယ်အတွင်းရှိနေခြင်းဖြစ်ရာ နိုင်ငံရေးနယ်ပယ်မှာ အားကောင်းရန်လိုသည်။ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုရှိမှသာ
နိုင်ငံရေးနယ်ပယ်တွင် အားကောင်းလာမည်ဖြစ်ရာ နိုင်ငံတည်ဆောက်ရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်သော နိုင်ငံရေးအယူအဆများနှင့်
နိုင်ငံရေးအဆောက်အအုံများ ခိုင်မာစွာဖွဲ့စည်း ဖြစ်ပေါ်လာအောင်
ဆောင်ရွက်ကြရမည်ဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံ၏ ပကတိအခြေအနေများအရ နိုင်ငံကို
ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးနှင့် အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်နိမိတ်တို့
တည်တံ့ခိုင်မြဲအောင် ကာကွယ်စောင့်ရှောက်ရေးတို့မှာ
လွန်စွာအရေးကြီးလျက်ရှိသည့်အလျောက် နိုင်ငံ့အရေးတွင် နိုင်ငံရေးအင်အားစုများနှင့် တပ်မတော်တို့
ဦးထမ်းပဲ့ထမ်း အတူတကွ ကြိုးပမ်းဆောင်ရွက်နိုင်ကြရန်လိုသည်။ အပရိဟာနိယ တရား (၇) ပါးနှင့်အညီ
အတူတကွဆွေးနွေး၊ တညီတညာဆုံးဖြတ်ကာ တညီတညွတ်စုပေါင်းအကောင်အထည်ဖော်ကြရန်လိုသည်။
အခြေအနေအရပ်ရပ်တို့အရ မြန်မာ့နိုင်ငံရေးမှာ တစ်သွေးတည်း တစ်သားတည်းသော
စည်းလုံးညီညွတ်မှုကို ပြင်းပြင်းထန်ထန် တောင်းဆိုနေပြီဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရတည်တံ့ခိုင်မြဲရေးအတွက်
နိုင်ငံ့အရေးကို လေးလေးနက်နက်ဆောင်ရွက်လိုသည့် နိုင်ငံရေးသမားများ၊ နိုင်ငံတော်၏
တစ်ခုတည်းသော အခိုင်အမာအင်စတီကျူးရှင်းဖြစ်သည့် တပ်မတော်နှင့် လက်တွဲ၍
ဆောင်ရွက်နိုင်မည့်သူများ လွှတ်တော်များသို့ရောက်ရှိလာရေး မဲဆန္ဒရှင်ပြည်သူများက မှန်ကန်စွာရွေးချယ်မဲပေးကြရန်
နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:
Post a Comment