Wednesday, January 14, 2026

ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား


နေပြည်တော် ဇန်နဝါရီ ၁၄

ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌ ရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဒုတိယဝန်ကြီးများတက်ရောက်ကြသည်။

မိမိတို့နိုင်ငံ၌ အခြေခံပညာနှင့်ပတ်သက်၍ သင်ကြားရေး ဆရာ၊ ဆရာမများ များစွာလိုအပ်

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရည် မြှင့်တင်ရေးနှင့်ပတ်သက်၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသည့် ဆရာ၊ ဆရာမ များ၏ ပညာအရည်အချင်းများ ပိုမိုတိုးတက်မြင့်မားစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆွေးနွေးခဲ့ကြောင်း၊ ထိုသို့ဆွေးနွေးဆောင်ရွက်စဉ် မိမိတို့နိုင်ငံ၌ အခြေခံပညာနှင့်ပတ်သက်၍ သင်ကြားရေး ဆရာ၊ ဆရာမများ များစွာလိုအပ်သည်ကို သိရှိခဲ့ရကြောင်း၊ သင်ကြားရေး ဆရာ၊ ဆရာမများအား ဘွဲ့လွန်ဘွဲ့များပေးအပ်နိုင်ရန်အတွက် ဆရာ အတတ်သင်ကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်များအား တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန်လိုအပ်သည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထိုသို့အဆင့်မြှင်တင် ဆောင်ရွက်နိုင်ရန်အတွက် မိမိအနေဖြင့်တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ခရီးစဉ်များ ရောက်ရှိချိန်တွင်ပညာရေးဒီဂရီကောလိပ်များကိုလိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်နိုင်မည့်အခြေအနေများကို လေ့လာခဲ့ကြောင်း၊ သတ်မှတ်ထားသည့် အရည်အချင်းသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အလယ်တန်းပြ ဆရာ၊ ဆရာမများကိုလည်း အထက်တန်းပြဆရာ၊ဆရာမများအဖြစ် မြှင့်တင်နိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဆရာအတတ်သင်တက္ကသိုလ်အဖြစ် သုံးနှုံးမည်ဆိုပါက ကောင်းမွန်မှုရှိ/မရှိဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း။

မူကြိုကျောင်းတက်သည့် ကလေးတိုင်းသည်မူလတန်းသို့ တက်ရောက်ကြသော်လည်း မူလတန်းတက်ရောက်သည့် ကလေးတိုင်းသည် မူကြိုကျောင်းတက်ရောက်ခဲ့ရ မှုမရှိကြောင်း၊ KG+2၊ KG+ 3 တို့တွင်ပညာသင်ကြားသည့်ကလေးများ၏ ပညာသင်ကြားမှုစနစ်နှင့် KG နှင့် KG+1 တို့တွင်သင်ကြားကြသည့် ကလေးငယ်များကို ပညာသင်ကြား ပေးရမှုတူညီမှုမရှိကြကြောင်း၊ ထို့ကြောင့်မူကြိုတက်ရောက်မှုမရှိခဲ့ဘဲ KG နှင့် KG+1 တို့တွင် တက်ရောက်သည့် ကလေးငယ်များအား ပညာသင်ကြားရေးကို အထောက်အကူပြုစေမည့် အသက်အရွယ်နှင့်ကိုက်ညီသည့် သင်ကြားမှုစနစ်ကို ဆောင်ရွက်ပေးရန် လိုကြောင်း၊ ထို့ကြောင့် အခြေခံပညာမူလတန်းအဆင့်မှ ဆရာ၊ ဆရာမများအား ပညာရေး ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာသင်တန်းများ သင်ကြားပေးခြင်းဖြင့် KG နှင့် KG+1 တို့တွင် ပညာသင်ကြားလျက်ရှိသည့် ကလေးငယ်များ၏ သင်ကြားသင်ယူမှုများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း။

အခြေခံပညာကျောင်းများ စံကိုက်ဖြစ်စေရေးနှင့် ကျောင်းအင်္ဂါရပ်များနှင့် ပြည့်စုံမှုရှိစေရေးဆောင်ရွက်ရန်လို

အခြေခံပညာကျောင်းများနှင့်ပတ်သက်၍ အချို့ကျောင်းများမှာ စံကိုက်ဖြစ်သော်လည်း အချို့ကျောင်းများမှာ ကျောင်းအင်္ဂါရပ်များနှင့်ပြည့်စုံမှုမရှိသည်ကိုတွေ့ရကြောင်း၊ မူလတန်းကျောင်းအဆင့်၏ မြေအကျယ်အဝန်းမှာ ၃ ဧကမှ ၅ ဧကအတွင်းရှိရမည်၊ အလယ်တန်းကျောင်းအဆင့်၏ မြေအကျယ်အဝန်းမှာ ၅ ဧက မှ ၇ ဧကအတွင်းရှိရမည်၊ အထက်တန်းကျောင်းအဆင့်၏ မြေအကျယ်အဝန်းမှာ ၇ ဧကမှ ၁၀ ဧကအတွင်း ရှိရမည်ဖြစ်ကြောင်း၊ အချို့ကျောင်းများမှာ ထိုသို့စံကိုက်ညီမှုမရှိခြင်းကြောင့် စာသင်ဆောင်များ ဆက်လက်တိုးချဲ့ဆောက်လုပ်ရန်အတွက် အခက်အခဲများရှိကြောင်း၊ တိုးတက်လာသည့် သင်ကြားမှုစနစ်နှင့် ကျောင်းသား၊ ကျောင်းသူ ဦးရေများအရ စံကိုက်ညီမှုရှိသည့် အခြေခံပညာကျောင်းများအား သတ်မှတ်ထားသည့် သတ်မှတ်ချက်များနှင့်အညီ သပ်ရပ်စွာဖြင့် စနစ်တကျဖြစ်အောင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။

အခြေခံပညာကျောင်းများတွင် တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘပြည်သူများအနေဖြင့် ၎င်းတို့၏ သားသမီးများအား ပုဂ္ဂလိကကျောင်းတွင် ထားနိုင်သည့်သူများမဟုတ်ဘဲ နိုင်ငံတော်မှဖွင့်လှစ်သည့် အခြေခံပညာကျောင်းများကို အဓိကအားကိုးရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် သာမန်ဝင်ငွေရှိသူများ အများစုသည် အစိုးရကျောင်းများတွင် ၎င်းတို့၏သားသမီးများကို ပညာသင်ကြားစေကြကြောင်း၊ ထို့ကြောင့် အစိုးရကျောင်းများကို မဖြစ်မနေအဆင့်မြှင့်တင်ပေးသွားရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ စံချိန်မီသည့်ကျောင်းများဖြစ်စေရေးနှင့် အရည်အချင်းရှိသည့် ဆရာ၊ ဆရာမ များဖြစ်စေရေး အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များ ပေါကြွယ်ဝစေရေး စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးအခြေခံကျောင်းများကိုဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကို အဓိကထားဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုနည်းပညာများကို ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ မဖြစ်မနေလိုအပ်လျက်ရှိခြင်းကြောင့် မိမိတို့အစိုးရတာဝန်ယူချိန်တွင် ခရိုင်မြို့များ၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံကျောင်း များကိုဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ ယခုအခါ အထိုက်အလျောက်အောင်မြင်မှုများ ရှိလာပြီဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်းအဆင့်တွင် အသက်မွေးဝမ်းကျောင်းနှင့် ပတ်သက်သည့် ပညာရပ်သင်ကြားပေးရုံသာမက အလယ်တန်းအဆင့်၌လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံ ဗဟုသုတများသင်ကြားပေးရန် စီစဉ်နေကြောင်း၊ ထိုသို့ သင်ကြားပေးခြင်းဖြင့် နိုင်ငံတော်အတွက်လိုအပ်သည့် လူသားအရင်းအမြစ်များ များစွာရရှိလာမည်ဖြစ်ကြောင်း။

ဆရာ၊ ဆရာမများအား ရာထူးခန့်ထားရေးနှင့်ပတ်သက်၍ ပညာရေးကောလိပ်များမှ သင်တန်းဆင်း ဆရာ၊ ဆရာမ များအားဆွဲဆောင်မှုရှိသည့် Incentive များပေးရန်လိုကြောင်း၊ ဆရာ၊ ဆရာမများ၏ ဘွဲ့အရည်အချင်းများအလိုက် ခံစားခွင့်များကိုလည်း နိုင်ငံတော်မှချီးမြှင့်ပေးအပ်ထားကြောင်း၊ အလားတူဝန်ထမ်းများကိုလည်း ရရှိသည့်ဘွဲ့များအလိုက် ခံစားခွင့်များပေးရန်လိုကြောင်း၊ ဆရာ၊ ဆရာမများအား ထိုက်တန်သည့်အဆင့်များ တိုးမြှင့်ပေးအပ်နိုင်ရေးအတွက်လည်း စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း။

ကျန်းမာရေးကဏ္ဍမြှင့်တင်ရေး

ကျန်းမာရေးဝန်ထမ်းများနှင့်ပတ်သက်၍ ကုသရေးပါရဂူများနှင့် ဆရာဝန်များ၊ သူနာပြုများ၊ သက်ဆိုင်ရာပညာရပ်များအလိုက် ကျွမ်းကျင်သူနာပြုများရှိကြောင်း၊ ကျန်းမာရေးကဏ္ဍမြှင့်တင်မှုကို အထောက်အကူပြုနိုင်ရန်အတွက် သူနာပြုကျောင်းများအား တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် အဆင့်မြှင့်တင်ဖွင့်လှစ်သွားရန်လိုအပ်ကြောင်း၊ ဆေးရုံများတွင် သူနာပြုများအား အဆင့်အလိုက် တာဝန်ပေးအပ်ထားပြီး ဆေးရုံများရှိ ကုတင်အရေအတွက် အနည်း၊ အများအလိုက် တာဝန်ပေးအပ်မှုများကွာခြား သွားသည်ကိုသိရှိရကြောင်း၊ ထို့ကြောင့် ထမ်းဆောင်ရသည့်တာဝန်များအလိုက် Grade များခွဲ၍ Grade များအလိုက် ခံစားခွင့်များကိုတိုးမြှင့်ပေးသွားရန်လိုကြောင်း၊ ထိုသို့ဆောင် ရွက်နိုင်မည်ဆိုပါက ပြည်သူ့ကျန်းမာရေးကဏ္ဍမြှင့်တင်မှုအတွက် များစွာအထောက်အကူ ပြုစေမည်ဖြစ်ကြောင်း။

ဆရာအတတ်သင်တက္ကသိုလ်ဖွင့်လှစ်ရေးနှင့်ပတ်သက်၍ သင့်လျော်သည့် အသုံးအနှုန်းများရှိပါကလည်း တင်ပြပေးစေလိုကြောင်း၊ ဆရာအတတ်သင်တက္ကသိုလ် ဖွင့်လှစ်ရန်အတွက် နေရာများရွေးချယ်နိုင်ရန်အတွက် ဆောင်ရွက်ခဲ့ရာ မိမိအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခရီးစဉ်များသွားရောက်စဉ်အတွင်း ပညာရေးဒီဂရီ ကောလိပ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ ယင်းဒီဂရီကောလိပ်များအနက် ဆရာအတတ်သင်တက္ကသိုလ်များအဖြစ် ဖွင့်လှစ်ရန်ကောင်းမွန်သင့်လျော်မှုရှိသည့်မြို့များကို အကြံပြုဆွေးနွေးပေးကြစေလိုကြောင်းဖြင့်ပြောကြားသည်။

တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြ

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာကျောင်းများကို အောင်မြင်စွာဖြင့်ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်မှုမရှိခဲ့သည့် လူငယ်များအတွက်လည်း အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်သင်တန်းများအား ဒေသအလိုက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု၊ ယခုနှစ်ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိမှုနှင့် ဆရာ၊ ဆရာမများအား Grade အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်မှု၊ ဆရာအတတ်သင် တက္ကသိုလ်များဖွင့်လှစ်သင်ကြားခြင်းဖြင့် နိုင်ငံတော်၏ ပညာရေးသင်ကြားရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်နိုင်မှု၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များ အတွက်သင်ရိုးများအား သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဝိုင်းဝန်းဆောင်သွားမည်ဆိုပါက သင်ရိုများပိုမိုကောင်းမွန်လာနိုင်မှု၊ မူကြို ဆရာ၊ ဆရာမများနှင့်ပတ်သက်၍ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးသင်တန်းများကို ပညာရေးဝန်ကြီးဌာနအောက်ရှိ သင်တန်းကျောင်းများတွင် သင်ကြားပေးနိုင်သကဲ့သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ သင်တန်းကျောင်းများတွင်လည်းသင်ကြားနိုင်မှု၊ ပညာရေးဒီဂရီကောလိပ်များအား ဆရာအတတ်သင် တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်၍ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ ပညာရည်မြှင့်တင်ရေးကဏ္ဍအတွက် များစွာအထောက်အကူပြုမှု၊ အခြေခံပညာကျောင်းများအား ဘဏ္ဍရေးနှစ်အလိုက် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဘက်ဂျက်များကိုစည်းမျဉ်း စည်းကမ်းများနှင့်အညီ လျားထားဆောင်ရွက်လျက်ရှိမှု၊ ကျန်းမာရေးကဏ္ဍမြှင့်တင်နိုင်ရေးအတွက် သူနာပြုသင်တန်းကျောင်းများနှင့် သာဖွားသင်တန်းကျောင်းများမှ သူနာပြုများမွေးထုတ်ပေးလျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

တင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အခြေခံကျောင်းများအတွက် ကာယနည်းပြများလိုအပ် သောကြောင့်ကာယပညာများလေ့ကျင့်ခန့်အပ်သွားရန်လိုကြောင်း၊ အခြေခံပညာကျောင်းများ၏ ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အေခြခံပညာကျောင်းများရှိ မုန့်ဈေးတန်းများတွင် မုန့်များရောင်းချရာ၌ သန့်ရှင်းပြီး အာဟာရပြည့်ဝသည့် မုန့်ပဲသရေစာများကိုသာ ရောင်းချစေရေးတာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တက္ကသိုလ်များကိုလည်း အဆင့်နှင့်လျော်ညီစေရေးလိုအပ်သည် များဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ဝေးလံခေါင်ပါးသည့် တိုင်းရင်းသားဒေသများရှိ လူငယ်များ၏ ပညာရည်မြင့်မားရေးကိုလည်းအားပေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာတတ်လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။

No comments:

Post a Comment