နေပြည်တော် ဒီဇင်ဘာ ၉
လယ်ဝေးမြို့ ဖောင်တော်ချက်မစေတီတော် ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲနှင့် ပန္နက်တော်တင်မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဖောင်တော်ချက်မစေတီတော် ပရိဝုဏ်နဂါးစောင်းတန်း၌ကျင်းပရာ လယ်ဝေးမြို့ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒအမှူးပြုသော ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ လယ်ဝေးမြို့ ပေါက်မြိုင် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော်ထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ကျောက်များကို ဆရာတော်သံဃာတော်များထံ ဆက်ကပ်၍ ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုကာ ဥပါသကာများက ဆရာတော် သံဃာတော်များထံမှ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ကျောက်များကို ယူဆောင်၍ စေတီတော်ဝတ္ထုကံအတွင်း ပက်ဖျန်းကြဲဖြန့်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဘုရားဒါယကာ၊ ဒါယိကာမများနှင့်အတူ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ရတနာပန္နက်တော်များကို ဆရာတော် သံဃာတော်များထံ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး လယ်ဝေးမြို့ ဧလာသရက်တောကျောင်း မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တကုမာရထံမှ အနုမောဒနာတရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။
ထို့နောက် ဒေဝါဝင်း၊ ရာဇာဝင်းများက သတ်မှတ်နေရာများတွင် ကြိုတင်နေရာယူပြီး ဥပါသကာများက ရတနာပန္နက်တော်များကို ပင့်ဆောင်၍ စေတီတော်ဝတ္ထုကံအတွင်း လက်ယာရစ်လှည့်လည်ပူဇော်ကာ ရတနာပန္နက်တော်တင်လှူကြမည့် ဘုရားဒါယကာများက မင်္ဂလာအချိန်တွင် ရတနာပန္နက်တော် (၉)ချက်တင်၍ တစ်ပြိုင်တည်းတွင်းတော်ဝန်းပြီး ပရိတ်နံ့သာရည်ဖြင့် ပက်ဖျန်းပူဇော်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment