နေပြည်တော် ဒီဇင်ဘာ ၉
ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ (မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ) ဦးဆောင်၍ လုပ်ငန်းအဖွဲ့ဝင်များဖြင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေ ၃ နာရီတွင် Video Conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များနှင့် တိုးတက်မှုအစီရင်ခံစာမူကြမ်း စိစစ်ရေးသားရေးအဖွဲ့ဝင်များဖြစ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကော်မရှင်အဖွဲ့ရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (ဥပဒေရေးရာနှင့် မှုခင်းဌာနကြီး၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး)၊ မှုခင်းရဲတပ်ဖွဲ့၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ လုပ်ငန်းအဖွဲ့၏ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ (၁၆)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ် အာရှပစိဖိတ်ဒေသပူးတွဲအဖွဲ့(APJG)မှ အကဲဖြတ်သူများ၏ ထပ်မံမေးမြန်းအကြံပြုချက်များကို ထိရောက်မှန်ကန်စွာ ပြန်လည်ရှင်းလင်းဖြေကြားနိုင်ရေးအတွက် လိုအပ်သည့်အချက်အလက်များနှင့် ထပ်မံဖြည့်စွက်ဖြေကြားရမည့် အချက်အလက်များကိုလည်းကောင်း၊ APJG မျက်နှာချင်းဆိုင် အစည်းအဝေးတက်ရောက်ရာတွင် ကြိုတင်ပြင်ဆင်ရန်လိုအပ်သည့်အချက်များကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။
ထို့ပြင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ထိုင်းနိုင်ငံ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးမှ သင်တန်းနှင့်နည်းပညာအကူ အညီပေးအပ်မည့်ကိစ္စနှင့်စပ်လျဉ်း၍ စီစဉ်ထားရှိရမည့်အချက်များကို မှာကြားသည်။
ယင်းနောက် လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက APJG မှ အကဲဖြတ်သူများက ထောက်ပြမေးမြန်းချက်များအပေါ် မိမိတို့အနေဖြင့် ဆုံးရှုံးနိုင်ခြေများကို ကောင်းမွန်စွာသိရှိနားလည်ကြောင်းပြသပြီး သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ပြည့်ပြည့်စုံစုံဖြင့် ရှင်းလင်းတင်ပြဖြေဆိုသွားမည်ဖြစ်ပါကြောင်းနှင့် ထည့်သွင်းစဉ်းစားရမည့်အချက်များကိုလည်း အကြံပြုဆွေးနွေးသည်။
ဆက်လက်၍ လုပ်ငန်းအဖွဲ့အတွင်းရေးမှူး (ကိုယ်စား) ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် ရဲမှူးကြီး မြင့်စိုးက (၁၆)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ် ထပ်မံမေးမြန်းလာသည့် မေးခွန်းများကို အသေးစိတ်ရှင်းလင်းတင်ပြပြီး ပြန်လည်ဖြေဆိုနိုင်ရေးအတွက် တိုးတက်မှုအစီရင်ခံစာမူကြမ်း စိစစ်ရေးသားရေးအဖွဲ့မှ ပြင်ဆင်ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြရာ အစည်းအဝေးတက်ရောက်လာသူများက ပံ့ပိုးပေးမည့်အချက်အလက်များ၊ ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment