Monday, December 1, 2025

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂ဝ၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

နေပြည်တော် ဒီဇင်ဘာ ၃၀

၂ဝ၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ အစည်းအဝေးသို့ ၂ဝ၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဆပ်ကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားများအား ယခင်နှစ်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုနေ့အခမ်းအနား အစီအစဉ်များအတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံတော်အလေးပြုပွဲအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားများကို စနစ်တကျကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရန်နှင့် ပြည်ထောင်စုနေ့ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအသီးသီးမှ ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ လုံခြုံရေးဆပ်‌‌ကော်မတီများအနေဖြင့် လုံခြုံရေးအား ရာနှုန်းပြည့်ဆောင်ရွက်ရန်လိုအပ်ပြီး လုံခြုံရေးတာဝန်ထမ်းဆောင်ရသူများ အနေဖြင့်လည်း မိမိဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား တိတိကျကျဆောင်ရွက်ရန်နှင့် လုံခြုံရေး ကျိုးပေါက်မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ လာရောက်တည်းခိုနေထိုင်ကြမည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များကို ချက်ပြုတ်ဧည့်ခံကျွေးမွေးရာတွင်အသုံးပြုမည့် အစားအစာနှင့်ရေများအား ကျန်းမာရေးနှင့်ညီညွတ်စွာအသုံးပြုနိုင်ရန် သက်ဆိုင်ရာဆပ်ကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ပြီး အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအစီအမံများကိုလည်း စနစ်တကျစီမံထားရန်လိုအပ်ကြောင်း၊ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းများအား အပိုင်းလိုက်ခွဲ၍ဆောင်ရွက်သွားရန်၊ အခမ်းအနားကျင်းပမည့်နေရာများ၏ သန့်ရှင်းရေးအပြင်၊ လမ်းညွှန်ဆိုင်းဘုတ်များတပ်ဆင်ထားရန်နှင့် သန့်ရှင်းရေးအစီအမံများကိုလည်း အလေးထားဆောင်ရွက်ထားရန်ဖြစ်ကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားများအတွက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ယခင်နှစ်ဆောင်ရွက်ခဲ့သည့်အားနည်းချက်၊ အားသာချက်များအပြင် ဗဟိုကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ်အခြေခံ၍ဆောင်ရွက်သွားရန် လိုအပ်မှာဖြစ်ပါကြောင်း ပြောကြားသည်။

ထို့‌နောက် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အတွင်းရေးမှူးနှင့် တက်ရောက်လာကြသည့် ပြည်ထောင်စုနေ့ကျင်းပရေး ဆပ်ကော်မတီများမှ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုန်းချုပ်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည့် နေပြည်တော်အတွင်းသန့်ရှင်းသာယာလှပစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင်  နေပြည်တော်အတွင်း စိမ်းလန်းစိုပြေစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်များတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ လမ်းဘေးဝဲယာများတွင် အရိပ်ရလေကာပင်များစိုက်ပျိုးရေးနှင့် လမ်းပခုံးများစနစ်တကျဆောင်ရွက်ရေး၊ မြို့၊ ရွာများအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် အမြဲမပြတ်ဆောင်ရွက်ရေး၊ အမှိုက်အမျိုးအစားလိုက်ခွဲခြားစွန့်ပစ်သည့် အလေ့အထဖြစ်အောင်ဆောင်ရွက်ရေး၊ နေပြည်တော်အား Clean City၊ Green City၊ Smart City ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေးတို့ကို ပြောကြား သည်။

ထို့နောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‌ပေးခဲ့‌သည်။

ယင်းနောက် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်အားကစားရုံ(ရွှေကြာပင်)၌ကျင်းပသည့် ၂၀၂၅ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၃)နှစ်အောက် အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ဖြစ်သည့် ပျဥ်းမနားမြို့နယ်အသင်းနှင့် တပ်ကုန်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို  ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီး(၃)ဦးတွဲပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသူအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်ကလည်းကောင်း၊ အမျိုးသား(၃)ဦးတွဲပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆုရရှိသူအား နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်ကလည်း‌ကောင်း၊ အမျိုးသမီး(၃)ဦးတွဲပြိုင်ပွဲတွင် တတိယဆုရရှိ‌သော ပုဗ္ဗသီရိမြို့နယ်အသင်းအား နေပြည်တော်ကောင်စီဝင် ဦးဟန်သူကလည်းကောင်း၊ အမျိုးသား(၃)ဦးတွဲပြိုင်ပွဲတွင် တတိယဆုရရှိ‌သော ပုဗ္ဗသီရိမြို့နယ်အသင်းအား နေပြည်တော်ကောင်စီဝင် ဦးမင်းဦးကလည်းကောင်း၊ အမျိုးသမီး(၃)ဦးတွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဇေယျာသီရိမြို့နယ်အသင်းအား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးကလည်းကောင်း၊ အမျိုးသား(၃)ဦးတွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက လည်းကောင်း၊ အမျိုးသမီး(၃)ဦးတွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းအား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးကလည်းကောင်း၊ အမျိုးသား(၃)ဦးတွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့် တံခွန်စိုက်ဖလားတို့အားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး  အားကစားသမားများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌက ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်အားကစားကွင်းအတွင်း တည်ဆောက်လျက်ရှိသည့် မီတာ(၄၀၀)ပြေးလမ်းပါ ဘောလုံးကွင်း Synthetic ပြေးလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရေရှည်ခိုင်ခန့်မှုစေရန်နှင့် ငလျင်အပါအဝင်သဘာဝဘေးအန္တရာယ်ခံနိုင်ပြီး ကြံ့ခိုင်မှုရှိစေရန်အတွက် အဓိကထားဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်/စံညွှန်းများ၊ အရည်အသွေးပြည့်မီသည့်ပစ္စည်းများကိုသာ အသုံးပြုတည်ဆောက်ပေးသွားရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီတည်ဆောက်ပြီးစီးနိုင်စေရေးအတွက် အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ) 

No comments:

Post a Comment