အောင်ဇေယျဟိန်း
နိုင်ငံတော်တွင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရေးအတွက် EV ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးရည်ရွယ်၍ နိုင်ငံတော်က အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီကို ၂၀၂၂ ခုနှစ်မှစတင်၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၃ ခုနှစ်၌ EV ကဏ္ဍဖွံ့ဖြိုးရေးလမ်းပြမြေပုံကို ၂၀၅၀ ပြည့်နှစ်အထိ စနစ်တကျရေးဆွဲချမှတ်ခဲ့ပြီး ဦးဆောင်ကော်မတီ၏ မူဝါဒနှင့် လမ်းညွှန်ချက်များအတိုင်း နိုင်ငံတော်တွင် EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းကော်မတီငါးခုတို့က ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တက်ညီလက်ညီ ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
EV တိုးတက်မှု အနာဂတ်အလားအလာများ
ယခုဆောင်းပါး၌ နိုင်ငံတကာရှိ EV ကဏ္ဍဖွံ့ဖြိုးရေးမူဝါဒများနှင့်
ဆောင်ရွက်မှုအခြေအနေများ၊ ကမ္ဘာ့ EV ဈေးကွက်သိသာစွာတိုးတက်လာမှုကြောင့်
လောင်စာဆီသုံး ကားဈေးကွက်ကျဆင်းလာမှုနှင့် အကျိုးဆက်အနေဖြင့် ကမ္ဘာ့စွမ်းအင်ရင်းနှီးမြှုပ်နှံမှုပြောင်းလဲလာမှုများနှင့်
EV တိုးတက်မှုအနာဂတ်အလားအလာများကို ရေးသားတင်ပြသွားပါမည်။
EV ခေတ် ပြန်လည်ရှင်သန်မှု
လျှပ်စစ်သုံးယာဉ် (EV) များ၏ သမိုင်းကြောင်းကို ၁၉ ရာစုအထိ ပြန်လည်ခြေရာကောက်ပါက
၁၈၃၀ ပြည့်နှစ်ဝန်းကျင်တွင် ရိုးရှင်းသော လျှပ်စစ်သုံးလှည်းများ
ပေါ်ပေါက်လာခြင်းမှစ၍ ၁၈၈၄ ခုနှစ်တွင် ပထမဆုံးစီးပွားဖြစ် လျှပ်စစ်ကားကို တီထွင်နိုင်ခဲ့ကြောင်း
တွေ့ရှိရပါသည်။ ၁၉၀၀ ပြည့်လွန် အစောပိုင်းနှစ်များတွင် EV များသည်
ဆူညံသံနည်းပါးခြင်းနှင့် မောင်းနှင်ရလွယ်ကူခြင်းတို့ကြောင့်
လူကြိုက်များလာခဲ့သော်လည်း ၁၉၀၈ ခုနှစ်တွင် ဈေးချိုသောဓာတ်ဆီကားများကို
အမြောက်အမြားထုတ်လုပ်လာနိုင်ခြင်း၊ ဓာတ်ဆီဆိုင်များ ကျယ်ပြန့်စွာပေါ်ပေါက်လာခြင်းနှင့်
နည်းပညာလိုအပ်ချက်များကြောင့် EV အပေါ် ရေပန်းစားမှု
ကျဆင်းသွားခဲ့ရပြန်ပါသည်။ ၁၉၇၀ ပြည့်လွန်၌ ရေနံအကျပ်အတည်းကာလနှင့် ပိုမိုကောင်းမွန်သော
EV ဘက်ထရီနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ကြောင့် EV
သုံးစွဲမှုကို စိတ်ဝင်စားမှုပြန်လည်မြင့်တက်စေခဲ့ပြီး ၁၉၈၀
ပြည့်လွန်နှင့် ၁၉၉၀ ပြည့် လွန်နှစ်များအတွင်း လီသီယံ-အိုင်းယွန်း ဘက်ထရီများ
ပေါ်ပေါက်လာခြင်းနှင့်အတူ နာမည်ကြီး EV ကုမ္ပဏီများဦးဆောင်သည့်
EV ခေတ်ကို ပြန်လည်နိုးထရှင်သန်လာစေခဲ့ပါသည်။
ယင်းအပြင် စာရေးသူ၏အမြင်အရ EV ရှင်သန်မှုများကို ပိုမိုအားကောင်းလာစေသည်များမှာ
ရာသီဥတုပြောင်းလဲမှုဒဏ်၊ သဘာဝဘေးဒဏ်စသည်တို့ကြောင့် ယိုယွင်းလာသည့် ကမ္ဘာကြီးကို
အချိန်မီပြန်လည်ကုစားနိုင်ရေးအတွက် Global Climate Governance ယန္တရားကို အားကောင်းဖွံ့ဖြိုးလာစေရေးနှင့် ကမ္ဘာ့ပန်းတိုင်အဖြစ် ၂၀၅၀
ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှုကို သုညအထိ ကင်းစင်ရေးတို့ကို နိုင်ငံတကာတွင်
တွန်းအားပေးဆောင်ရွက်လာကြပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့်
သယ်ယူပို့ဆောင်ရေးကဏ္ဍတို့တွင် ကာဗွန်ထုတ်လွှတ်မှုလျှော့ချဖြတ်တောက်နိုင်ရေး
လမ်းပြမြေပုံများ၊ မဟာဗျူဟာများနှင့် ကာဗွန်အခွန်စည်းကြပ်မှုများနှင့်အတူ EV
သုံးစွဲမှုကို အားပေး ပံ့ပိုးသည့်မူဝါဒများနှင့် လုပ်ငန်းစဉ်များ ချမှတ်ကာ
ကြိုးပမ်းဆောင်ရွက်လာကြခြင်းများကြောင့် ဖြစ်ပါသည်။
EV ဖွံ့ဖြိုးရေး မူဝါဒများ
အချို့သောနိုင်ငံများတွင် ချမှတ်ဆောင်ရွက်လျက်ရှိသော EV မူဝါဒများကို
အကျဉ်းမျှတင်ပြပါမည်။ အရှေ့တောင်အာရှဒေသသည် EV ထုတ်လုပ်မှု
ဗဟိုချက်မဖြစ်လာလိမ့်မည်ဟု ပညာရှင်အချို့၏ ခန့်မှန်းချက်များလည်းရှိနေရာ အာဆီယံနိုင်ငံများ၏
EV မူဝါဒများကို ဦးစွာတင်ပြပါမည်။ အိမ်နီးချင်း
ထိုင်းနိုင်ငံ၌ EV 3.5 မူဝါဒနှင့် ၂၀၃၀ ပြည့်နှစ်တွင် Zero
Emission Vehicles (ZEV) ၃၀ ရာခိုင်နှုန်း
ထုတ်လုပ်ရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အရှေ့တောင်အာရှ၏ EV
ကူးပြောင်းရေးကို ဦးဆောင်လျက်ရှိပါသည်။ အလားတူ
ဘရူနိုင်းနိုင်ငံတွင်လည်း အမျိုးသားရာသီဥတုပြောင်းလဲမှုလျှော့ချရေးမူဝါဒအရ ၂၀၃၅
ခုနှစ်တွင် ယာဉ်များအားလုံး ရောင်းရမှု၏ ၆၅ ရာခိုင်နှုန်းကို EV များသာ ဖြစ်စေရေးအတွက် ဈေးနှုန်း ထိန်းချုပ်ကွပ်ကဲမှုနှင့်
အားသွင်းရုံများ တိုးချဲ့မှုတို့အပြင် အခြားမက်လုံးပေးသည့် အားပေးပံ့ပိုးမှုဆိုင်ရာမူဝါဒများ
ချမှတ်ကာ ဆောင်ရွက်လျက်ရှိပါသည်။
ထို့အတူ အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၃၀ ပြည့်နှစ် ၌ EV နှစ်သန်းအထိရှိလာရေးဆောင်ရွက်နေပြီး
၂၀၄၀ ပြည့်နှစ်တွင် EV သည် ယာဉ်များအားလုံးထုတ်လုပ်မှု၏ ၂၀
ရာခိုင်နှုန်း ဖြစ်စေရေးမှသည် ၂၀၆၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လုပ်မှုသုညအဆင့်
ရောက်ရှိရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ အရှေ့တောင်အာရှဒေသ၏ ပထမဆုံးနှင့် အကြီးဆုံး
EV ဘက်ထရီစက်ရုံကို အနောက်ဂျားဗားပြည်နယ် ကာယာဝမ်မြို့တွင်
၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ အလားတူ ဖိလစ်ပိုင်နိုင်ငံတွင်လည်း
သန့်ရှင်းစွမ်းအင်စီမံကိန်းအရ ၂၀၄၀ ပြည့်နှစ်တွင် EV သုံးစွဲမှု
၁၀ ရာခိုင်နှုန်းသို့ရောက်ရှိရေး ရည်မှန်းချက် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း
လေ့လာသိရှိရပါသည်။
ဆက်လက်၍ အာရှနိုင်ငံများရှိ EV ဖွံ့ဖြိုးမှုများ ကို
လေ့လာကြည့်ပါမည်။ တရုတ်နိုင်ငံသည် ၂၀၄၀ ပြည့်နှစ်တွင် ယာဉ်များမှ ကာဗွန် ၆၀ ရာခိုင်နှုန်း
ကျော် လျှော့ချနိုင်ရေးလမ်းပြမြေပုံအရ ကားလုပ်ငန်းတွင် EV ၈၀
ရာခိုင်နှုန်းကျော် ချဲ့ထွင်ရန်နှင့် Level 4 (အဆင့်မြင့်အလိုအလျောက်စနစ်)
မောင်းသူ မဲ့ကား စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက်ရှိပြီး
တရုတ်မော်တော်ကားလုပ်ငန်း အင်ဂျင်နီယာအသင်း (CASE) သည်
ယခုနှစ် အောက်တိုဘာ လ ၂၂ ရက်နေ့တွင် စွမ်းအင်ချွေတာရေးနှင့် စွမ်းအင်အသစ်မော်တော်ကား
နည်းပညာလမ်းပြမြေပုံ ၃.၀ (Energy-Saving and New Energy Vehicle Technology
Roadmap 3.0) ကို ထုတ်ပြန်ကြေညာကာ ယင်းနှင့်အတူ နိုင်ငံ၏
မော်တော်ကားလုပ်ငန်းကို ရည်မှန်းချက်ကြီးမားသော အနာဂတ်ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားရန်
ဦးတည်လျက်ရှိပါသည်။
ထို့အပြင် ဆော်ဒီအာရေဗျနိုင်ငံတွင် ရေနံ (လောင်စာဆီ)
ပေါကြွယ်ဝသော်လည်း EV များ ရေပန်းစားလာပြီး ၂၀၂၅ ခုနှစ်မှစတင်၍ နှစ်စဉ် EV အစီးရေ သုံးသိန်းခန့်ကို ထုတ်လုပ်ရန်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၃၀
ပြည့်နှစ်ခန့်တွင် EV အားသွင်းရုံ (Charging Station)
၅၀၀၀ ခန့်ကို တစ်နိုင်ငံလုံး၌ တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိပါသည်။
အလားတူ ပါကစ္စတန်နိုင်ငံတွင်လည်း ၂၀၃၀ ပြည့်နှစ်အရောက်တွင် နိုင်ငံအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို
၅၀ ရာခိုင်နှုန်းအထိ လျှော့ချရန် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိရာ
ယင်းနှစ်အရောက်တွင် နိုင်ငံအတွင်း လက်ရှိသုံးစွဲနေသည့်
ရုပ်ကြွင်းလောင်စာသုံးယာဉ်များ၏ ၃၀ ရာခိုင်နှုန်းကို EV များအဖြစ်
ပြောင်းလဲသုံးစွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။
ထို့အတူ ဗြိတိန်နိုင်ငံတွင်လည်း ၂၀၃၀ ပြည့် နှစ်၌
ကားအသစ် ၈၀ ရာခိုင်နှုန်းနှင့် Van အသစ် ၇၀ ရာခိုင်နှုန်းတို့ကို
မီးခိုးထုတ်လွှတ်မှုကင်းမဲ့သော ယာဉ်များဖြစ်စေရန် ဥပဒေပြဋ္ဌာန်းထားပြီး ၂၀၃၅
ခုနှစ်အရောက်တွင် ၁၀၀ ရာခိုင်နှုန်းပြည့်မီရန် သတ်မှတ်ထားကြောင်း သိရှိရပါသည်။
ထို့အပြင် ဩစတြေးလျနိုင်ငံရှိ စုစုပေါင်း မီးခိုးထုတ်လွှတ်မှု ၏ ၂၂
ရာခိုင်နှုန်းမှာ သယ်ယူပို့ဆောင်ရေးကဏ္ဍမှ ဖြစ်ရာ ပန်းတိုင်သစ်အရ ၂၀၃၅ ခုနှစ်တွင် ယာဉ်များမှ
မီးခိုးထုတ်လွှတ်မှုကို ၆၂ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းပမာဏအထိ လျှော့ချရန်အတွက်
လောင်စာဆီသုံးယာဉ်များမှ EV များသို့ အမြန်အသွင်ကူးပြောင်းရန်လိုအပ်ရာ
EV ကောင်စီသည် ၂၀၃၅ ခုနှစ်တွင် ဓာတ်ဆီနှင့် ဒီဇယ်ကားအသစ်များ
ရောင်းချခြင်းကို အဆုံးသတ်ရန် ၂၀၂၅ ခုနှစ် စတုတ္ထပတ်အတွင်းကပင် တောင်းဆိုခဲ့ကြောင်း
သိရပါသည်။
ကမ္ဘာ့ EV ဈေးကွက်တိုးတက်လာမှုအရွေ့များ
အထက်ဖော်ပြပါ EV ဖွံ့ဖြိုးရေးမူဝါဒများကို
ချမှတ်ဆောင်ရွက်မှုများအပြင် ကမ္ဘာ့ရုပ်ကြွင်း လောင်စာများ လျော့နည်းရှားပါးလာမှု၊
စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာမှု၊ EV သုံးစွဲမှုမှ ရရှိသည့်
အကျိုးကျေးဇူးများကို ကမ္ဘာ့လူထုကသိရှိလာမှုများကြောင့် ခေတ်ပြောင်းလဲမှုအစပျိုးကာလတွင်
တွေ့ကြုံလေ့ရှိသော အခက်အခဲများ၊ နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ
ယှဉ်ပြိုင်မှုဖိအားများ ပြင်းထန်စွာ ဖြစ်ပေါ်နေသည့်ကြားမှ EV သုံးစွဲမှုများသည် တစ်ရှိန်ထိုးမြင့်တက်လာသည်ကို အရိပ်အယောင်
သဘောမျှမဟုတ်ဘဲ EV ကုမ္ပဏီကြီးများ၏ ထင်ရှားသောသတင်းများ၊
ကြီးမားသော ကိန်းဂဏန်းများနှင့် သိသာသော အချက်အလက်များဖြင့် တွေ့ရှိလာရပြီး
ကမ္ဘာ့ကားဈေးကွက်သည် ၂၁ ရာစုနှစ်အတွင်း အလျင်မြန်ဆုံးပြောင်းလဲမှုကို ကြုံတွေ့နေရပါ
သည်။
ယခင်က လောင်စာဆီသုံးကားများသာ လုံးဝဥဿုံကြီးစိုးခဲ့သည့် ကမ္ဘာ့ကားဈေးကွက်ချိန်ခွင်
လျှာသည် ယခုအခါ EV များ ဘက်သို့လျင်မြန်စွာ ယိမ်းညွတ်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်အတွင်း
ကမ္ဘာ့ကားဈေးကွက်တွင် EV ၁၇ ဒသမ ၁ သန်း အထိ
စံချိန်တင်ရောင်းချနိုင်ခဲ့ပြီး တရုတ်တစ်နိုင်ငံ တည်းမှ ကားအစီးရေ ၁၁ သန်းအထိ
ရောင်းချနိုင်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့ကားလောကရှိ
နာမည်ကြီးလောင်စာဆီသုံးကား ထုတ်လုပ်သည့် ကုမ္ပဏီများသည်လည်း အချိန်ကာလတစ်ခုအထိ
လောင်စာဆီသုံးကား ထုတ်လုပ်ရေးကိုသာ တစိုက်မတ်မတ်ဖက်တွယ်လျက်
အင်ဂျင်စွမ်းရည်မြှင့်တင် နိုင်ရေးနှင့် ဆူညံသံနှင့် တုန်ခါမှုလျှော့ချနိုင်ရေး ဆန်းသစ်တီထွင်မှုများအပေါ်
အားပြုလျက်ရပ်တည်နိုင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် EV ထုတ်လုပ်မှုများကိုပါ
တွဲဖက်ဆောင်ရွက်လာကြပြီဖြစ်သည်။
ကမ္ဘာတစ်ဝန်းရှိ ကားသုံးစွဲသူများသည် EV သုံးစွဲမှုအရွေ့များဆီသို့
မည်မျှမြန်မြန်ဆန်ဆန် ပြောင်းလဲလျက်ရှိကြောင်းကို ပုံ ၁ တွင် သိသာစွာ
တွေ့မြင်နိုင်ပါသည်။ ၂၀၁၉ ခုနှစ်၌ ကမ္ဘာ့ကားဈေးကွက်တွင် EV ရောင်းချရမှုမှာ
၉ ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ် ပထမသုံးလပတ်၌ EV များ (ဘက်ထရီလျှပ်စစ်ကား BEV၊ ပလပ်ထိုးအားသွင်းနိုင်ပြီး
လောင်စာဆီနှင့် လျှပ်စစ်တွဲဖက် သုံးဟိုက်ဘရစ်ကားဖြစ်သော Plug-in Hybrid
Electric Vehicle - PHEV နှင့် ရိုးရိုးဟိုက်ဘရစ် HEV) စုစုပေါင်းရောင်းချမှုသည် ကမ္ဘာ့ကားဈေးကွက်အတွင်း ၄၃ ရာခိုင်နှုန်းအထိ
ရောက်ရှိလာခဲ့ပါသည်။
လောင်စာဆီသုံး ကားခေတ်ကုန်တော့မလား
ပုံ ၁ တွင် တွေ့မြင်ရသည့်အတိုင်း ၂၀၁၉ ခုနှစ်၌
လောင်စာဆီသုံးကားများသည် ကမ္ဘာ့ကားအသစ်ရောင်းချမှုဈေးကွက်ရှယ်ယာ၏ ၉၀ ရာခိုင်နှုန်း
ကျော်ကို ကိုယ်စားပြုခဲ့သော်လည်း ၂၀၂၅ ခုနှစ်၌ ယင်းရှယ်ယာမှ ၅၆ ဒသမ ၇
ရာခိုင်နှုန်းသို့ ထိုးဆင်း သွားခဲ့ရသည်။ ဤမျှပြင်းထန်သော လောင်စာဆီသုံး ကားများ၏
ရှယ်ယာကျဆင်းရခြင်းသည် ကားသုံးစွဲသူများအကြား နည်းပညာမြင့် EV များ သုံးစွဲရန်
စိတ်ဝင်စားလာပြီး EV သုံးစွဲသည့်အလေ့အထ ရေပန်းစားလာမှုများ၊
ကားအိပ်ဇောများမှ ထုတ်လွှတ်သည့် ကာဗွန်များကို လျှော့ချနိုင်ရေးအတွက်
စည်းကမ်းချက်များ တင်းကျပ်လာခြင်း၊ သက်ဆိုင်ရာ နိုင်ငံအလိုက် EV လမ်းပြမြေပုံများအတိုင်း လောင်စာဆီသုံးကားများသုံးစွဲမှုကို မဟာဗျူဟာကျကျလျှော့ချနိုင်ရေးအတွက်
မူဝါဒ၊ ညွှန်ကြားချက်များ၊ လုပ်ငန်းစဉ်များဖြင့် တွန်းအားပေးလျက်
လိုက်နာဆောင်ရွက်စေခြင်းနှင့် ကမ္ဘာ့အနာဂတ်ကောင်းများကို ဖန်တီးနိုင်ရေးအတွက်
ရုပ်ကြွင်းလောင်စာများအစား ပိုမိုသန့်ရှင်းသော လောင်စာများကို နှစ်ခြိုက်စွာ အစားထိုးရွေးချယ်လာမှုများကို
သိသာစွာ ရောင်ပြန်ဟပ်နေသည်။
HEV များ၏ ကြားခံ အလယ်အလတ်အခန်းကဏ္ဍ
စာရေးသူတွေ့ရှိရသလောက် တင်ပြရပါလျှင် လက်ရှိကမ္ဘာ့ EV ခေါင်းကြီးပိုင်းသတင်းများတွင်
လျှပ်စစ်စွမ်းအင်ကို ရာနှုန်းပြည့်အသုံးပြုသည့် ဘက်ထရီလျှပ်စစ်ကား BEV များက အဓိကနေရာယူထားသော်လည်း HEV များသည်
လောင်စာဆီသုံးယာဉ် (Internal Combustion Engine - ICE) ခေတ်မှ
EV ခေတ်သို့ ကူးပြောင်းမှုအခင်းအကျင်းတွင် ကဏ္ဍတစ်ခုအနေဖြင့်
ပါဝင်နေကြောင်း တွေ့ရှိရသည်။ ၂၀၁၉ ခုနှစ်က ကမ္ဘာတစ်ဝန်းကားရောင်းချရမှု၏ ၆
ရာခိုင်နှုန်းသာရှိခဲ့သော HEV များသည် ၂၀၂၅ ခုနှစ်တွင် ၂၁
ရာခိုင်နှုန်းသို့ သိသိသာသာ မြင့်တက်လာကြောင်း ပုံ ၁ ရှိ အချက်အလက်များ အရ
တွက်ချက်တွေ့ရှိရပါသည်။ ခရီးဝေးများကို သွားလာသူများအတွက် လျှပ်စစ်အားသွင်းရန်
အခက်အခဲရှိပါက HEV များသည် စွမ်းအင်ကုန်ခန်းမှုကို
ပူပန်စရာမလိုသည့်အတွက် အလယ်အလတ်ရွေးချယ်မှုတစ်ခုဖြစ်စေကာ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော
လောင်စာဆီသုံးမောင်းနှင်နိုင်သည့် အကွာအဝေးနှင့် တစ်စိတ်တစ်ပိုင်း
လျှပ်စစ်စွမ်းအင်သုံးစွဲမှုမှ ရရှိသည့်အကျိုးကျေးဇူးများကို ပေါင်းစပ်သုံးစွဲနိုင်ပါသည်။
ရုပ်ကြွင်းလောင်စာများအပေါ် ရင်းနှီးမြှုပ်နှံမှု လျော့ကျလာခြင်း
ကမ္ဘာ့ကားဈေးကွက်တွင် EV ရောင်းချရမှု
ရာခိုင်နှုန်းတစ်ရှိန်ထိုး မြင့်တက်လာမှုသည် ကမ္ဘာ့စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကိုပါ
ပြောင်းလဲသက်ရောက်စေပြီး အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် လွန်ခဲ့သည့်
ဆယ်စုနှစ်အတွင်း ကြီးမားစွာပြောင်းလဲခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
ကမ္ဘာ့ရေရှည်ဖွံ့ဖြိုးမှုများအတွက် နိုင်ငံတကာတွင် ပိုမိုသန့်ရှင်းသောစွမ်းအင်သစ်များကို
သုံးစွဲမှုခေတ်ဆီ ကူးပြောင်းနေချိန်၌ စွမ်းအင်ရင်းနှီးမြှုပ်နှုံမှု ရေစီးကြောင်းများသည်
မကုန်ခန်းနိုင်ဘဲ သဘာဝအလျောက် စဉ်ဆက်မပြတ် ပြန်လည်ပြည့်ဖြိုးမြဲဖြစ်သော
စွမ်းအင်ရင်းမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲခြင်း၊ လျှပ်စစ်စွမ်းအင်ဆိုင်ရာစွမ်းရည်များ
မြှင့်တင်ခြင်းနှင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းတို့ကို ပံ့ပိုးပေးနိုင်သည့် နည်းပညာသစ်များဆီသို့
ကူးပြောင်းစီးဆင်း လျက်ရှိသည်။ ဤအလေ့အထကို နေရောင်ခြည်သုံး စွမ်းအင်နှင့် လေစွမ်းအင်ဆိုင်ရာနည်းပညာများအတွက်
စီမံကိန်းကုန်ကျစရိတ်များ အရှိန်အဟုန်ဖြင့် ကျဆင်းလာမှုက
ပိုမိုအားဖြည့်ပေးလျက်ရှိနေ ကြောင်း လေ့လာတွေ့ရှိရပါသည်။
ဖော်ပြပါ ပုံ ၂ တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊
ရေနံနှင့် နျူကလီးယားစသော စွမ်းအင်အမျိုးအစား အလိုက် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၅
ခုနှစ်တို့အတွက် ရင်းနှီးမြှုပ်နှံမှုပမာဏများ ၁၀ နှစ်တာအတွင်း ပြောင်းလဲလာပုံကို
နှိုင်းယှဉ်တင်ပြထားပါသည်။ (မှတ်ချက်။ ငွေကြေးပမာဏများကို ၂၀၂၄ ခုနှစ်
အမေရိကန်ဒေါ်လာဖြင့် ထည့်သွင်းတွက်ချက် ထားခြင်းဖြစ်ပါသည်။)
၂၀၁၅ ခုနှစ်က ရေနံသည် ကမ္ဘာ့စွမ်းအင်
ရင်းနှီးမြှုပ်နှံမှုတွင် ဒေါ်လာ ၈၁၈ ဘီလီယံရှိကာ ပုံ ၂ တွင် အမြင့်ဆုံးအဖြစ်
တွေ့မြင်ရမည်ဖြစ်ပါသည်။ သို့သော် ၂၀၂၅ ခုနှစ်တွင် ထိုပမာဏမှ ဒေါ်လာ ၅၄၃ ဘီလီယံသို့
သိသာစွာကျဆင်းသွားရပြီး ကျန်စွမ်းအင်များနှင့် မတိမ်းမယိမ်းအနေအထားသို့
ရောက်ရှိသွားပါသည်။ ထိုသို့ ၁၀ နှစ်အတွင်း ရေနံကဏ္ဍရင်းနှီးမြှုပ်နှံမှု ၂၇၅
ဘီလီယံ ကျဆင်းနေသည့် အချိန်အတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် ဒေါ်လာ ၃၇၄
ဘီလီယံမှ ဒေါ်လာ ၇၈၀ ဘီလီယံသို့ ခုန်ပျံမြင့်တက်လာကာ ၄၀၆ ဘီလီယံဖြင့် ပြောင်းလဲ
မှု ၁၀၉ ရာခိုင်နှုန်းဖြင့် ၂၀၂၅ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးစွမ်းအင်ဖြစ်လာပါသည်။
ယင်းမြင့်တက်မှုသည် ရုပ်ကြွင်းလောင်စာများမှ စဉ်ဆက်မပြတ်
ပြန်လည်ပြည့်ဖြိုးမြဲဖြစ်သော စွမ်းအင်များဆီသို့ ကမ္ဘာ့နိုင်ငံများ၏ ကူးပြောင်းသုံးစွဲလာမှု
အရှိန်မြင့်တက်လာခြင်းကို ထင်ဟပ်ပြလျက်ရှိသည်။ ဆန့်ကျင်ဘက်အနေဖြင့်
ရုပ်ကြွင်းလောင်စာများဖြစ်ကြသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့တို့သည်
သိသိသာသာကျဆင်းမှုများ ကြုံတွေ့နေရပြီး ဆယ်စုနှစ်အတွင်း ၃၄ ရာခိုင်နှုန်းနှင့် ၁၉
ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ရသည်။ သို့ရာတွင် ကျောက်မီးသွေးစွမ်းအင်ရင်းနှီးမြှုပ်နှံမှုသည်
၁၃ ရာခိုင်နှုန်း မြင့်တက်လာပါသည်။ အလားတူပင် နျူကလီးယားရင်းနှီးမြှုပ်နှံမှုသည်
၆၄ ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့မြင်ရပါသည်။ အဆိုပါမြင့်တက်လာမှုများမှာ
စဉ်ဆက်မပြတ်တည်ငြိမ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလိုအပ်ချက် မြင့်မားလာမှုများကို
ထင်ဟပ်ဖော်ညွှန်းနေပြီး AI
သုံး ဒေတာစင်တာများနှင့် EV များအတွက်
လျှပ်စစ်ဓာတ်အား သွယ်တန်းစနစ်များ ၂၀၂၅ ခုနှစ်တွင် ဒေါ်လာ ၃၄၄ ဘီလီယံအထိ ၁၃၁
ရာခိုင်နှုန်းသိသာစွာ မြင့်တက်လာမှုနှင့်လည်း သက်ဆိုင်နေပါသည်။
ကာဗွန်ထုတ်လွှတ်မှုနည်းသော လောင်စာဆီသုံးကားများ၏
ရင်းနှီးမြှုပ်နှံမှု ခုန်တက်မှုသည်လည်း ထင်ရှားကာ ၂၀၁၅ ခုနှစ်က ဒေါ်လာ ၆ ဘီလီယံမှ
၂၀၂၅ ခုနှစ်တွင် ဒေါ်လာ ၂၈ ဘီလီယံသို့ ရောက်ရှိလာပါသည်။ ဤအမျိုးအစားများသည် ပမာဏအားဖြင့်
သေးငယ်သော်လည်း ကမ္ဘာ့အနာဂတ်စွမ်းအင်စနစ်များ၏ ကာဗွန်လျှော့ချရေး ဦးတည်ရာလားရာကို
ဖော်ညွှန်းနေပါသည်။
လောင်စာဆီသုံးကားရောင်းအားနှင့် လောင်စာဆီဝယ်လိုအားတို့သည်
၎င်းတို့၏ အထွတ်အထိပ်သို့ လွန်ခဲ့သောနှစ်များအတွင်း ရောက်ရှိခဲ့ပြီးဖြစ်ကာ ၂၀၃၀
ပြည့်နှစ်မတိုင်မီကာလ၌ လွန်စွာကျဆင်းသွားနိုင်မည်ဟု ခန့်မှန်းတွက်ချက်မှုများအရ
လေ့လာသိရှိရပါသည်။ ကမ္ဘာတစ်ဝန်း EV သုံးစွဲမှုများ သိသာစွာဖွံ့ဖြိုးလာမှုများကြောင့် လျှပ်စစ်စွမ်းအင်များကိုသာ
အားပြုသုံးစွဲလာမှုများ မြင့်တက်လာခြင်းသည် လောင်စာဆီသုံးကားများ ခေတ်စားမှု
အဆုံးသတ်ခါနီးပြီဖြစ်ပြီး ရုပ်ကြွင်းလောင်စာ ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာ
အကျိုးအမြတ်များမှာ စိုးရိမ်ဖွယ်ရာအခြေအနေနှင့် ရင်ဆိုင်နေရကြောင်း
သုံးသပ်တွေ့ရှိရပါသည်။ ။
(ဆက်လက်ဖော်ပြပါမည်)


No comments:
Post a Comment