Wednesday, December 10, 2025

လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး ကော်မရှင်မှစောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်များ ဆောင်ရွက်သွားမည်

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

သတင်းထုတ်ပြန်ချက်အမှတ် (၁၇/၂၀၂၅)

၁။ လူသားအားလုံး၏ အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်၊ လုံခြုံခွင့်စသည့် အခြေခံအခွင့်အရေးများပါဝင်သော ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအား ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ယင်းနေ့ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ရာ ယနေ့တွင် (၇၇) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

၂။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းမှ မြစ်ဖျားခံလာခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် လူသားအားလုံးအတွက် အဓိကအကျဆုံး ကြေညာစာတမ်းဖြစ်ပါသည်။ လူသားများ၏ မွေးရာပါဂုဏ်သိက္ခာနှင့် တန်းတူညီမျှရှိမှုကို အသိအမှတ်ပြုထားသော ယင်းကြေညာစာတမ်းကို ကုလသမဂ္ဂအထွေထွေညီလာခံ၌ မဲခွဲရာတွင် မြန်မာနိုင်ငံက ပါဝင်ထောက်ခံမဲပေးခဲ့ရုံသာမက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း ကြေညာစာတမ်းပါ အခွင့်အရေးများကို ထင်ဟပ်ပြဋ္ဌာန်းထားပါသည်။

၃။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အခြေပြု၍ ပေါ်ပေါက်လာသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများကို အလေးထားသည့်အနေဖြင့် မြန်မာနိုင်ငံကလည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ် (၄) ခုနှင့် နောက်ဆက်တွဲစာချုပ် (၂)ခုတွင် ပါဝင်ချုပ်ဆိုထားပါသည်။ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (UPR)တွင်လည်း မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

၄။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ချက်အနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ၏ နှစ်ပတ်လည်အစည်းအဝေးသို့ ကိုယ်တိုင်တက်ရောက်ခဲ့ပါသည်။ ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်းတွင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းနှင့် စပ်လျဉ်းသော (၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့်လက်တွေ့အသုံးချညီလာခံသို့လည်း ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့အကြား လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးကဏ္ဍများတွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (Memorandum of Cooperation) ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ထို့ပြင် အခြားနိုင်ငံတကာအစည်းအဝေးများသို့ Online platform မှ (၁၂) ကြိမ် တက်ရောက်ခဲ့ပါသည်။

၅။ မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၂၅ ခုနှစ်အတွင်း လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေး ဆောင်ရွက်ချက်များအနေဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူ့အခွင့်အရေးအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲများ၊ သင်ခန်းစာပို့ချခြင်းများပြုလုပ်ခဲ့ပြီး သင်တန်းသားပေါင်း(၇၂၉၀)ဦးကို အသိပညာမျှဝေပေးခဲ့ပါသည်။ ကော်မရှင်၏ဥပဒေဆိုင်ရာ ဆောင်ရွက်ချက်အနေဖြင့် အဆိုပြုဥပဒေကြမ်း (၅) ခု အပေါ် လူ့အခွင့်အရေးဆိုင်ရာ အကြံပြုချက်များ ပေးပို့ခဲ့ပါသည်။ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (CRPD) နှင့် နောက်ဆက်တွဲ စာချုပ် (CRPD – OP)၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၏ နောက်ဆက်တွဲ စာချုပ်(CEDAW- OP) တို့ကို ဘာသာပြန်ဆို ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ထို့ပြင် “မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်” အကြောင်း သရုပ်ဖော်ပုံစာအုပ်အား မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနှင့် ရုရှားဘာသာတို့ဖြင့် ဘာသာပြန်ဆိုပုံနှိပ်၍ ပြည်တွင်းသာမက နိုင်ငံတကာ အစည်းအဝေးများတွင်လည်း ဖြန့်ဝေခဲ့ပါသည်။

၆။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် တိုင်တန်းချက်များ ကိုင်တွယ်ဆောင်ရွက်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ စောင့်ကြည့်လေ့လာခြင်း၊ အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်း၊ ရဲစခန်းအချုပ်ခန်း၊ တရားရုံးအချုပ်ခန်း၊ ဘိုးဘွားရိပ်သာနှင့် သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၊ လူငယ်သင်တန်းကျောင်းများသို့ သွားရောက်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ကြည့်ရှုစစ်ဆေးရာတွင် ခွဲခြားဆက်ဆံမှုမရှိစေရေး၊ ဘာသာအလိုက် ကိုးကွယ်ခွင့်၊ သင့်တင့်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိခွင့်၊ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာရရှိခွင့်၊ နိုင်ငံတော်မှ တရားဝင်ခွင့်ပြုထားသော အခွင့်အရေးနှင့်အထောက်အပံ့များကို သတ်မှတ်ချက်နှင့်အညီရရှိခွင့် စသည့်အခြေခံအခွင့်အရေးများရရှိခြင်း ရှိ၊ မရှိ စစ်ဆေးပြီး လိုအပ်သည့်အကြံပြုချက်များကို သက်ဆိုင်ရာဌာနများသို့ ပေးပို့လျက်ရှိပါသည်။ ကော်မရှင်၏ အကြံပြုချက်များကို သက်ဆိုင်ရာဌာနအသီးသီးကလည်း ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

၇။ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဥပဒေက ပေးအပ်ထားသော နိုင်ငံသားတစ်ဦး၏ အခွင့်အရေးရရှိစေရေးနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေးတို့အတွက် ကော်မရှင်မှစောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်များကို သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၈။ (၇၇)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက် ကုလသမဂ္ဂမှ ချမှတ်ထားသည့် ဆောင်ပုဒ်မှာ “Our EverydayEssentials” ဖြစ်ပါသည်။ သို့ဖြစ်ရာ ပြည်သူလူထုတစ်ရပ်လုံးကလည်း နေ့စဉ်ဘဝတွင် မရှိမဖြစ်လိုအပ်သည့် လူ့အခွင့်အရေးများကို လေးစားလိုက်နာကြပါရန် ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခါသမယတွင် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်

No comments:

Post a Comment