Friday, November 21, 2025

(၃၆)နှစ်မြောက် ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် အခမ်းအနားသို့ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီး ခင်မောင်ထွေး တက်ရောက်ချီးမြှင့်

ဟားခါး နိုဝင်ဘာ ၂၁

(၃၆) နှစ်မြောက် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက  ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဟားခါးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေးက ၂၀၂၅ခုနှစ် (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် နှစ်ပတ်လည်နေ့တစ်နည်းအားဖြင့် ကမ္ဘာ့ကလေးများနေ့ ဆောင်ပုဒ်မှာ နေ့စဉ် အခွင့်အရေးများမြှင့်တင်ရေး၊ ကလေးများအသံနားထောင်ပေး။ “ Listen to Children : my day, my right” ဖြစ်ကြောင်း၊ စာချုပ်ကို ကမ္ဘာ့ကုလသမဂ္ဂက ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပြဌာန်းခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ပါဝင်လက်မှတ်ရေးထိုးသည့် နိုင်ငံ(၂၀)ပြည့်ခဲ့သည့်အတွက် စာချုပ်ဟာ အသက်ဝင်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၁ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် ပါဝင်အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း၊ ဤစာချုပ်တွင် ကလေးသူငယ်များ အသက်ရှင်ရပ်တည်မှုဆိုင်ရာအခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် လူမှုအဖွဲ့အစည်းအတွင်း ပါဝင်ဆက်ဆံခွင့်ရရှိစေရေးစသည့် အခြေခံအခွင့်အရေးများ ရေးဆွဲထားပါကြောင်း၊ ချင်းပြည်နယ်အနေဖြင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များနှင့် နှိုင်းယှဉ်လျှင် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုနှင့် ကလေးသူငယ်က ကျူးလွန်သည့်ပြစ်မှုများ အင်မတန်နည်းပါးပါကြောင်း၊ ယင်းသို့ နည်းပါးရခြင်းမှာ သက်ဆိုင်ရာယုံကြည်ကိုးကွယ်ရာ ဘာသာတရားအလိုက်သွန်သင်မှု၊ မိဘဆရာများ၏ လမ်းပြမှုများကြောင့်ဖြစ်ကြောင်း၊ ကလေးသူငယ်များ လူမှုအသိုက်အဝန်းအတွင်း အကျင့်စာရိတ္တကောင်းမွန်သည့် အားကိုးအားထားပြုရသည့် လူငယ်များဖြစ်လာစေရေးမျှော်မှန်းပြီး ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူတစ်ရပ်လုံးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများကို ပူးပေါင်းပါဝင်လုပ်ဆောင်ကြပါရန်  တိုက်တွန်းကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် Video Clip ပြသပြီး ဟားခါးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူများက ရှမ်းရိုးရာအကဖြင့်လည်းကောင်း၊  အလယ်တန်းကျောင်းသား၊ ကျောင်းသူများက အောက်ချင်းငှက်အကဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ကြပြီး ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မေင်ထွေးက ကပြဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုငွေပေးအပ်ချီးမြှင့်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူး ဦးနေဝါထွန်းက ကျောင်းသား၊ကျောင်းသူများအတွက် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး(Pfizer Comirnaty JN.1) ထိုးနှံခြင်းအခမ်းအနား ဆက်လက်ကျင်းပရာ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ချမ်းငြိမ်းမောင်က ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ( Pfizer Comirnaty JN.1 ) ထိုးနှံပေးခြင်း၏ ရည်ရွယ်ချက်၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ( Pfizer Comirnaty JN.1 ) ထိုးနှံပြီးစီးမှုအခြေအနေ၊ ချင်းပြည်နယ်၏ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်မှုအခြေအနေ၊ ယခုထိုးနှံမည့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ( Pfizer Comirnaty JN.1 ) အကြောင်း သိကောင်းစရာများနှင့် ကာကွယ်ဆေးထိုးနှံပေးရမည့်အစီအစဉ်များကို Power Point ဖြင့် ရှင်းလင်း တင်ပြသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ စီးပွားရေးရာဝန်ကြီး ဒေါက်တာ လျန်ဇခုပ်၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများကို ပြည်နယ်ကျန်းမာရေး/ ကုသရေးဦးစီးဌာနဝန်ထမ်းများက ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး( Pfizer Comirnaty JN.1 ) ထိုးနှံပေးခဲ့ကြောင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(ခရိုင်၊ပြန်/ဆက်)

No comments:

Post a Comment