Sunday, November 30, 2025

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မဲစာရင်းများ ဒုတိယအကြိမ်ကပ်ထား‌ကြေညာထားရှိမှုအား ကြည့်ရှုစစ်ဆေး၊ လယ်ဝေးမြို့နယ်၌ ကျင်းပသည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၃၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ ခုတင်(၅၀) ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး ဆေးရုံဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများမှ ချုံနွယ်များရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများအတွင်း အမှိုက်များရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ဆေးရုံဝန်းအတွင်း/အပြင်သန့်ရှင်းသာယာလှပရေး၊ ဆေးရုံဥပဓိရုပ်ကောင်းမွန်‌စေရန်အတွက် ချုံနွယ်များစဉ်ဆက်မပြက်ရှင်းလင်းဆောင်ရွက်ရေး၊ လမ်းဘေးရေမြောင်းများ အမှိုက်ပိတ်ဆို့မှုမရှိစေရေးအတွက် အမှိုက်များစနစ်တကျစွန့်ပစ်ရေး၊ ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်ရေး၊ လမ်းပုခုံးသားများညီညာမှုရှိစေရေးနှင့် လမ်းဘေးဝဲ/ယာ ပန်းအလှပင်များ စိုက်ပျိုးရေးတို့ကိုမှာကြားပြီး ဆန်နှင့်စားသုံးဆီများ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအား‌ပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ် ခုတင်(၁၀၀)ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကိုလှည့်လည်ကြည့်ရှုစစ်‌‌ဆေးပြီး  လိုအပ်သည်များ မှာကြားသည်။

အလားတူ နေပြည်တော်တစ်ဝန်း ပတ်ဝန်းကျင်သန့်ရှင်းရေးသာယာလှပ‌စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ကျန်ရှိသည့်မြို့နယ်များတွင်လည်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ်အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ကွင်းအမှတ် ၁၈၁၁၊ တောင်သူ ဦးမင်းမင်း၏ မိုးစပါးစိုက်ခင်း၌ကျင်းပသည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကိုတက်ရာက်ပြီး တာဝန်ရှိသူများအား စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်နေကြရာတွင် စိုက်ပျိုးရေးလုပ်ငန်းများကို ပြည့်ပြည့်ဝဝဆောင်ရွက်မည်ဆိုပါက လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်နိုင်မှာဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းများရရှိစေရေးအတွက်(မျိုး၊ မြေ၊ ရေ၊ နည်း) ဟူသည့် နည်းလမ်းလေးရပ်ကို လစ်ဟာမှုမရှိအောင် စီမံဆောင်ရွက်ရန်၊ ဆောင်းသီးနှံနှင့် နွေသီးနှံများကို အချိန်မီစိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းအမှတ် ၁၈၁၁၊ တောင်သူ ဦးမင်းမင်း၏ ဆင်းသုခစပါးမျိုး မိုးစပါးစိုက်ခင်းတွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း၊ စပါးချိန်တွယ်ခြင်းများကို ကြည့်ရှုအားပေးကြရာ တစ်ဧကလျှင် စပါးအစိုထွက် ၁၁၀ တင်းထွက်ရှိကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ်၊ ကြို့ပင်ကျေးရွာအနီး H-1 လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်  လုပ်ငန်းများအမြန်ပြီးစီး‌အောင် လူအင်အား၊ စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးကျောက်များအား သတ်မှတ်အရွယ်အစားလိုက် အသုံးပြုရေး၊ ငလျင်‌ဘေးအပါအဝင် သဘာဝဘေးအန္တရာယ်‌ခံနိုင်ရ‌ည်ရှိ‌အောင် သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ‌ဆောင်ရွက်ရေးမှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့နယ်၊ ကံဦးကျေးရွာအုပ်စု၊ ကံဦးကျေးရွာသို့သွားရောက်ပြီး ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အခြေခံမဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာထားရှိမှု၊ ဒေသခံပြည်သူများမှ မဲစာရင်းများလာရောက်ကြည့်ရှုရာတွင် လွယ်ကူအဆင်ပြေစေရေးကူညီဆောင်ရွက်ပေးနေမှု၊ မဲစာရင်းလာရောက်ကြည့်ရှုရာတွင် မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းတောင်းဆိုနိုင်ရေး၊ မဲစာရင်းတွင် မပါဝင်သင့်သူများတွေ့ရှိပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ရေး၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-၈)ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင်ရေးတို့အတွက် သက်ဆိုင်ရာကော်မရှင်အဖွဲ့ ခွဲရုံးများမှလိုအပ်သောပုံစံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲစာရင်းလာရောက်ကြည့်ရှုနိုင်ရေး တိုက်တွန်းနှိုးဆော်ပေးကြရန်၊ မဲစာရင်းလာရောက်ကြည့်ရှုသူများ အနှောင့်အယှက်ကင်းစွာဖြင့် စိတ်အေးချမ်းသာစွာကြည့်ရှုနိုင်ရေး တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးကြရန်၊ အိမ်ထောင်စုတစ်စုလျှင်အနည်းဆုံးလူတစ်ဦး မဲစာရင်းလာရောက်ကြည့်ရှုနိုင်ရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့‌ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)

No comments:

Post a Comment