နေပြည်တော် အောက်တိုဘာ ၂၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စူးကျိုးမြို့၌ ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ယမန်နေ့က တရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုဌာနနှင့် International Renewable Energy Agency (IERNA)တို့က ကြီးမှူးကျင်းပသော စွမ်းအင်အသွင်ကူးပြောင်းမှု အပြည်ပြည်ဆိုင်ရာ ဖိုရမ် -၂၀၂၅ သို့ တက်ရောက်သည်။
စွမ်းအင်အသွင်ကူးပြောင်းမှု
အပြည်ပြည်ဆိုင်ရာဖိုရမ်-၂၀၂၅ တွင် တရုတ်အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှု ဌာနမှ ဥက္ကဋ္ဌဖြစ်သူ
မစ္စတာဝမ်ဟုန်ကျွင့်၊ International Renewable Energy Agency (IERNA) မှ ညွှန်ကြားရေးမှူးချုပ်
မစ္စတာဖရန်ဆက်စကို လာကမ်မီလာ၊ ကျန်းစူး ပြည်နယ်အုပ်ချုပ်ရေးမှူး လျူရှောက်ထိုတို့ တက်ရောက်၍
အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး
ဦးဉာဏ်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယနေ့ ခေတ်တွင် ပတ်ဝန်းကျင်ဆိုင်ရာ
စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေပြီး ကမ္ဘာ့ပတ်ဝန်းကျင်အပေါ် သက်ရောက် မှုရှိသော စွမ်းအင်လုံခြုံရေးသည်
လူသားအားလုံးအတွက် ဦးစားပေးကိစ္စရပ်များထဲမှ တစ်ခုဖြစ်ပါကြောင်း၊ ကာဗွန်ထုတ်လွှတ်မှု၏
သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အကြီးစားစီမံကိန်းများအပြင် အသေးစားပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းများ
အကောင်အထည်ဖော်ခြင်း၊ အရင်းအမြစ်များအား မျှဝေအသုံးပြုခြင်းနှင့် နျူကလီးယားစွမ်းအင်ကဲ့သို့
သော သန့်ရှင်းသည့် စွမ်းအင်အသစ်များလည်း ပါဝင်ပါကြောင်း၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလ မတိုင်မီ
ကာလအထိ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ရေအားလျှပ်စစ် ၅၁ ရာခိုင်နှုန်း၊
နေရောင်ခြည်စွမ်းအင် ၄ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်း၊ ကျောက်မီးသွေး
၂ ရာခိုင်နှုန်းနှင့် ဒီဇယ် ၃ ရာခိုင်နှုန်းစသည့် အချိုးအစားများဖြင့် စုစုပေါင်း ၆၃၅၇
မဂ္ဂါဝပ်အထိ ရှိပါကြောင်း၊ နှစ်စဉ်တိုးတက်လာသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက်
မြန်မာနိုင်ငံသည် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးပင်မစီမံချက် (၂၀၃၀ အထိ) ရေးဆွဲ အကောင်အထည်ဖော်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံ၏
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် သဘာဝဓာတ်ငွေ့နှင့်ရေအားလျှပ်စစ်ကို အဓိကအားထားလျက်ရှိပြီး
နိုင်ငံတော် လျှပ်စစ်ပြည့်ဝစွာသုံးစွဲနိုင်ရေးမှာ ဂေဟဗေဒဆိုင်ရာ ထိခိုက်မှုနည်း သည့်
ပြန်ပြည့်မြဲစွမ်းအင် ပိုမိုသုံးစွဲရာတွင် ဓာတ်အားလိုင်း တည်ငြိမ်မှုဆိုင်ရာ ပြဿနာများကို
ဖြစ်ပေါ်စေသည့် ကိစ္စရပ်များကို ဖြေရှင်းရန် ဗျူဟာမြောက် လိုအပ်ချက်တစ်ရပ် ဖြစ်ပါကြောင်း၊
ကျောက်မီးသွေးစွမ်းအင်အသုံးပြုမှုကို ၂၀၃၀ ပြည့်နှစ် အထိသာ ဆက်လက်အသုံးပြုရန်နှင့်
၂၀၅၀ ပြည့်နှစ်တွင် ကျောက်မီးသွေး စွမ်းအင်အသုံးပြုမှု ရပ်ဆိုင်းသွားရန် ရည်မှန်းချက်များရှိပါကြောင်း၊
လက်ရှိအချိန်တွင် နေရောင်ခြည်စွမ်းအင် ဓာတ်အားပေးစက်ရုံ ရှစ်ရုံ (၂၄၀ မဂ္ဂါဝပ်) အသေးစား
နေရောင်ခြည်စွမ်းအင် ဓာတ်အားပေးစက်ရုံများမှ ၂၃ မဂ္ဂါဝပ် ခန့် တပ်ဆင်ထားရှိပါကြောင်း၊
နေရောင်ခြည်စွမ်းအင်စီမံကိန်းများအတွက် အကောက်ခွန် ကင်းလွတ်ခွင့် မူဝါဒများ ချမှတ်ပေးလျက်ရှိပါကြောင်း၊
ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်သဘောတူညီချက် (UNFCCC) နှင့်အညီ မြန်မာနိုင်ငံသည်
၂၀၂၁ ခုနှစ် တွင် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ
လုပ်ငန်းအစီအစဉ် (NDC) ကို ရေးဆွဲအတည်ပြုခဲ့ပြီး ယင်း NDC တွင် ပြည်တွင်းအရင်းအမြစ်များဖြင့်
အကောင်အထည်ဖော်မည့် ရည်မှန်းချက်နှင့် နိုင်ငံတကာမှ ပံ့ပိုးကူညီမှုရရှိပါက အကောင်အထည်
ဖော်နိုင်မည့် ရည်မှန်းချက်နှစ်ရပ်ကို သတ်မှတ်ထားရှိပါကြောင်း။
၂၀၃၀ ပြည့်နှစ်တွင်
ရေအားလျှပ်စစ်မပါဝင်သော ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် ပြည်တွင်းအရင်း အမြစ်များဖြင့်
အကောင်အထည်ဖော်မည့်ရည်မှန်းချက်မှာ ၁၁ ရာနှုန်း (၂၀၀၀ မဂ္ဂါဝပ်) ဖြစ်ပြီး လုံလောက်သော
နိုင်ငံတကာပံ့ပိုးမှုရရှိပါက ၁၇ ရာနှုန်း (၃၀၇၀ မဂ္ဂါဝပ်) အထိ တိုးမြှင့်နိုင်ရန် ရည်ရွယ်ထားပါကြောင်း၊
ယင်းသို့ အောင်မြင်မှုရရှိပါက ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ရာခိုင်နှုန်းကို
အတိုင်းအတာတစ်ခုအထိ လျှော့ချသွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၆ ခုနှစ်မှ ၂၀၄၅ ခုနှစ်အထိ နောက်ထပ်
အနှစ် ၂၀ အတွက် စွမ်းအင်အသစ်ဖွံ့ဖြိုးရေးအစီအစဉ်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု
ပုံစံသစ်ကိုလည်း ရေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်
တရုတ်-မြန်မာ ပူးပေါင်း ဆောင်ရွက်မှုမှာ အဓိကကျပြီး နိုင်ငံတကာ၏ကူညီထောက်ပံ့မှုများလည်း
လိုအပ်ကြောင်း ပြောကြား သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
အမျိုးသားစွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့ (National Energy Administration- NEA) ၏ ဥက္ကဋ္ဌဖြစ်သူ
မစ္စတာဝမ်ဟုန်ကျွင့်နှင့် အဖွဲ့အား တွေ့ဆုံ၍ ရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊
နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်သည့်
လျှပ်စစ်စီမံကိန်းများအတွက် နှစ်နိုင်ငံကြား ပိုမိုနီးကပ်စွာ ဆွေးနွေး၍ လျှပ်စစ်စွမ်းအားကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကို နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment