နေပြည်တော် အောက်တိုဘာ ၂၅
မြန်မာ-တရုတ်နှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆောင်ရွက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ဘက်စုံသုံးအင်ဂျင်အမျိုးမျိုးနှင့် ဂျင်နရေတာများထုတ်လုပ်သည့် စက်ရုံများသို့ သွားရောက်လေ့လာသည်။
ယင်းသို့သွားရောက်လေ့လာရာ
စက်ရုံရှိတာဝန်ရှိသူများက ထုတ်လုပ်ပြီး အစိတ်အပိုင်းအလိုက် တပ်ဆင်နေမှု၊ အပြီးသတ်ထုတ်ကုန်များ
စမ်းသပ်စစ်ဆေးနေမှု၊ အသုံးပြုပြီး အင်ဂျင်များ ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊
အသုံးပြုသူများ၏ လိုအပ်ချက်အပေါ် မူတည်၍ မော်တော်ယာဉ်၊ ရေယာဉ်နှင့် ဂျင်နရေတာများတွင်
တပ်ဆင်အသုံးပြုနိုင်ရန် ထုတ်လုပ်ထားသည့် မြင်းကောင်ရေအမျိုးမျိုးရှိအင်ဂျင်များ၊ မက်သနောအသုံးပြုအင်ဂျင်များ၊
သဘာဝဓာတ်ငွေ့သုံး အင်ဂျင်များ၊ အဆိုပါအင်ဂျင်များနှင့် တွဲဖက်အသုံးပြုနိုင်သည့် ဂျင်နရေတာများနှင့်
၎င်းတို့၏ စွမ်းဆောင်ရည်များအား စက်ရုံအတွင်း လိုက်လံရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးက
နည်းပညာလွှဲပြောင်းရယူ၍ မိမိတို့၏စက်ရုံများတွင် တပ်ဆင်ထုတ်လုပ်လိုမှုအခြေအနေ၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ
ဆောင်ရွက်လိုသည့်အခြေအနေ၊ မိမိတို့၏ဝန်ထမ်းများအား စက်ရုံများသို့ စေလွှတ်၍ လုပ်ငန်းခွင်သင်တန်းအမျိုးမျိုးကို
လက်တွေ့သင်ယူလိုမှု အခြေအနေများအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ရန်
အသင့်ရှိပါကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
လျှပ်စစ်ဓာတ်အား
ထုတ်လုပ်ရာတွင် အသုံးပြုလျက်ရှိသော ဒီဇယ်အင်ဂျင်များ၊ သဘာဝဓာတ်ငွေ့ သုံးအင်ဂျင်များ၊
အဆိုပါအင်ဂျင်များနှင့် တွဲဖက်အသုံးပြုသည့် ဂျင်နရေတာများမှာ သက်တမ်းကြာမြင့်စွာ အသုံးပြုလာသည်နှင့်အမျှ
စွမ်းဆောင်ရည် ပမာဏကျဆင်းလာမှုနှင့်အတူ သဘာဝဓာတ်ငွေ့ လေလွင့်ဆုံးရှုံးမှုများပြားလာသည့်အတွက်
အကြီးစားပြုပြင်မွမ်းမံရန် လိုအပ်လာခြင်း၊ အဆင့်မြှင့်တင်ရန် လိုအပ်လာခြင်း၊ လိုအပ်သည့်
စက်အရန်ပစ္စည်းများ အချိန်မီရရှိရန် လိုအပ်ခြင်း၊ ပညာရှင်များ ကိုယ်တိုင်လာရောက်၍ ပြုပြင်ပေးရန်လိုအပ်ခြင်းတို့ကြောင့်
နည်းပညာတိကျခိုင်မာပြီး သေချာမှုရှိသည့် ထုတ်လုပ်သူများနှင့်တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်လိုသည့်အတွက်
နည်းပညာနှင့် မူပိုင်ထုတ်လုပ်ခွင့် ရရှိထားသော နိုင်ငံပိုင်စက်ရုံများကို သွားရောက်လေ့လာခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment