နေပြည်တော် အောက်တိုဘာ ၇
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ Mapco မှ ဖွဲနုဆီစက်တည်ဆောက်နေမှု နှင့် ဒက္ခိဏသီရိမြို့နယ်ရှိ New Stellar Energy MM Co., Ltd. ၏ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်မည့် စက်ရုံနှင့် Myanmar New Power Auto Co., Ltd. မှ SKD စနစ်ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်၊ နှစ်ဘီး၊ သုံးဘီးမော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်မည့် စက်ရုံစီမံ ကိန်းများသို့ ရောက်ရှိပြီး စက်ရုံများ တည်ဆောက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဦးစီးဌာနမှူးက လိုက်လံရှင်းလင်းပြသသည်။
ကြပ်မတ်ဆောင်ရွက်ရမည်
ကြည့်ရှု စစ်ဆေးစဉ်
ပြည်ထောင်စုဝန်ကြီးက စက်ရုံ အဆောက်အအုံများ တည်ဆောက်ရာတွင် မြန်မာနိုင်ငံ အဆောက် အအုံဆိုင်ရာ
စံချိန်စံညွှန်း လမ်းညွှန်ချက်များ -၂၀၂၅ နှင့် အညီ တိတိကျကျ လိုက်နာဆောင် ရွက်ရမည်ဖြစ်ကြောင်း၊
နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်း (Agro Based Industry) များကို
အောင်မြင်အောင် တွန်းအားပေးဆောင်ရွက် လျက်ရှိသဖြင့် စက်ရုံစီမံကိန်း လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင်
ဆောင်ရွက်၍ လယ်ယာထွက်ကုန်ပစ္စည်းများအား တန်ဖိုးမြင့် စတင်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
ထို့ပြင် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် အင်ဗာတာ၊ ဘက်ထရီများတပ်ဆင် ထုတ်လုပ်ရန်အတွက်
စက်ရုံအား သတ်မှတ်အချိန်တွင် စတင်လည်ပတ်နိုင်ရေးအတွက် အဆင့်အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်း
စဉ်များကို ရေးဆွဲထားရှိသည့် အချိန်ဇယားအတိုင်းပြီးစီးရေး ကြပ်မတ်ဆောင်ရွက်ရမည် ဖြစ်
ကြောင်း။
ဝန်ကြီးဌာနအနေဖြင့်
စက်ရုံတည်ဆောက်ရေးလုပ်ငန်းများ၊ စက်တပ်ဆင်ရေးလုပ်ငန်းများ နှင့်စပ်လျဉ်း၍ အချိန်မီပြီးစီးရေး၊
စနစ်တကျရှိရေး၊ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက်
အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက် ရာတွင် နိုင်ငံတော်မှ
ထုတ်ပြန် ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
ကုမ္ပဏီများအနေဖြင့် သွင်းကုန်အစားထိုးကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍
လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်းနှင့် အစွမ်းကုန်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်
ဖြစ်ကြောင်း မှာကြားပြီး ကုမ္ပဏီတာဝန်ရှိသူများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်
ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment