စည်သူကျော်
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါလာသည့် အထူးလေယာဉ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗာစီဗစ်မြို့ သာမာရှယ်ဗာလေဆိပ်၌ ခေတ္တရပ်နားစဉ် နိုင်ငံတော်အကြီးအကဲ နှင့် နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich တို့ လေဆိပ်ဧည့်ခန်းမဆောင်၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည့်သတင်းကို ဖတ်ရှုလိုက်ရပါသည်။ နိုင်ငံတကာခရီးစဉ်များအတွင်း နှစ်နိုင်ငံ အပြုသဘောဆောင် ဆွေးနွေးဆောင်ရွက်ကြသည်များက နိုင်ငံ့အကျိုးစီးပွားအတွက် အလေးထားဆောင်ရွက်ကြရသည့် လုပ်ဆောင်ချက်များ ဖြစ်ပါသည်။
ထူးခြားသည်မှာ
ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံမှ အသင့်ပြင်ဆင်လာသည့် မြန်မာ့ရိုးရာ အစားအစာများဖြစ်သည့်
လက်ဖက်အုပ်၊ လက်ဖက်ရည်၊ အသင့်ချက်ပြုတ်လာသည့် ငါးသလောက် ပေါင်းတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ခြင်းဖြစ်ကာ
နိုဗာစီဗစ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက မြိန်ရှက်စွာ သုံးဆောင်ခဲ့ကြပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး
ကော်မရှင်ဥက္ကဋ္ဌက မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ခြင်း
ပင်ဖြစ်သည်။
စိုက်ပျိုးထုတ်လုပ်မှုများ
တိုးတက်စေမည်
တစ်ဖန် စက်တင်ဘာလ
၂၇ ရက်နေ့က ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနားကို
နေပြည်တော် တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသော ခရီးသွားလုပ်ငန်းအမျိုးအစားများ
အကြောင်း ဗီဒီယိုကလစ်ကို ပြသ၍ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း Gastronomy Tourism အကြောင်းကိုလည်း
ထည့်သွင်းပြသသွားသည်ကို တွေ့ရှိရသည်။ ခရီးသွားဧည့်သည်များအတွက် နေရာဒေသတစ်ခုတွင်ရှိသည့်
အစားအသောက်များ၏ အရသာကို သွားရောက်မြည်းစမ်း စားသုံးရုံသာမက အဆိုပါအစားအသောက်၏နောက်ကွယ်တွင်ရှိသော
ယဉ်ကျေးမှုအစဉ်အလာ၊ သမိုင်းကြောင်းနှင့် ထုတ်လုပ်ပုံနည်းစနစ်များကိုပါ လေ့လာနိုင်သော
ခရီးသွားရောက်မှုပုံစံသည် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဖြစ်ပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သည်
၂၀၁၂ ခုနှစ်မှစတင်၍ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းကို ခရီးသွားလုပ်ငန်းအမျိုးအစားတစ်ခုအနေဖြင့်
ဖော်ထုတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းကို မြှင့်တင်ခြင်းအားဖြင့်
ဒေသထွက်ကုန်ပစ္စည်းများကို အစားအစာများ ထုတ်လုပ်ရောင်းချရာတွင် အသုံးပြုနိုင်သည့်အတွက်
စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်စေမည်ဖြစ်သည့်အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား
စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပါကြောင်း တင်ဆက်သွားသည်ကို
တွေ့ရှိခဲ့ရသည်။
ထို့ကြောင့် အစားအသောက်သည်
နိုင်ငံတကာဆက်သွယ်ဆက်ဆံရေးနှင့် မြှင့်တင်ဆောင်ရွက်ခြင်း အပိုင်းတို့တွင် အဓိကကျသော
အခန်းကဏ္ဍမှ ပါဝင်လာသည်ကို တွေ့ရှိရမည်ဖြစ်သည်။ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု
မြှင့်တင်ဆောင်ရွက်ရေးနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးအပိုင်းတွင် အစားအသောက်ကို
ရှေးယခင်ကတည်းကပင် မီဒီယံ (Medium) တစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။ လက်ရှိတွင်လည်း နိုင်ငံတကာဆက်ဆံရေး
နယ်ပယ်တွင် ယင်းကို အသုံးဝင်သော ကိရိယာတစ်ခု (Tools)သဖွယ် အသုံးပြုလျက်ရှိကြသည်ကို
ကြည့်ခြင်းဖြင့် မည်မျှထိရောက်သောအရာဖြစ်သည်ကို သိရှိနိုင်မည်ဖြစ်ပါသည်။
ကမ္ဘာ့သံခင်းတမန်ခင်းမျက်နှာစာတွင်
နေရာယူ
ကမ္ဘာပေါ်ရှိ
နိုင်ငံအသီးသီးတွင် မိမိတို့၏ကိုယ်ပိုင်ရိုးရာအစားအစာနှင့် ချက်ပြုတ်နည်းပုံစံများ ရှိကြသည်။ ထိုအစားအစာယဉ်ကျေးမှုကို ဖော်ထုတ်မြှင့်တင်ခြင်းဖြင့်
မိမိနိုင်ငံ၏ ကိုယ်ပိုင် ယဉ်ကျေးမှုစရိုက်လက္ခဏာများကို မြှင့်တင်နိုင်ခြင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့်
ပူးပေါင်းဆောင်ရွက် ရေးကို မြှင့်တင်နိုင်ခြင်း၊ နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုကို
ပိုမိုတိုးတက်ကောင်းမွန်စေနိုင်ခြင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်ယဉ်ကျေးမှုများ
ဖလှယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေ မည်ဖြစ်ပါသည်။ အစားအစာသည် စိတ်ကျေနပ်ဖွယ်ရာ
အရသာနှင့် အာဟာရတန်ဖိုးပေးစွမ်းမှု သက်သက်မဟုတ်တော့ပေ။ စေ့စပ်ညှိနှိုင်းခြင်း၊ ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့်
ရံဖန်ရံခါ ငြိမ်းချမ်း ရေးကို ယူဆောင်လာခြင်းတို့အထိပင် သက်ရောက်မှုက ကြီးမားလာသည်။
ဟင်းလျာတို့သည်အစားအစာသက်သက်ဆိုခြင်းထက် ယဉ်ကျေးမှုများကို ပြန်ပြောင်းပြောဆိုခြင်း၊
ပျော့ပျောင်းသော စွမ်းပကားနှင့် ရံဖန်ရံခါ သံခင်းတမန်ခင်းပင်ဖြစ်လို့လာပေပြီ။ Gastro-Diplomacy
အဖြစ် ကမ္ဘာ့ သံခင်းတမန်ခင်း မျက်နှာစာတွင် နေရာယူလာပြီ ဖြစ်သည်။
နှုတ်မြိန်စေသော သံခင်းတမန်ခင်း
(Gastro-Diplomacy) နှင့် အစားအစာ ခရီးသွားလုပ်ငန်း (Gastronomy Tourism) ဖွံ့ဖြိုးလာသည်နှင့်အမျှ
အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းတွင် ပါဝင်သော စားဖိုမှူးများ၊ အစားအစာပြင်ဆင် ချက်ပြုတ်သူများ၏
အခန်းကဏ္ဍသည်လည်း အဓိကကျလာပါသည်။ ယခင်က ခရီးစဉ်များအတွင်း လှည့်လည်ရှင်းလင်းပြသသော
ဧည့်လမ်းညွှန်များက ကမ္ဘာလှည့်ခရီးသွားများကို တိကျမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊
မိမိနိုင်ငံ၏ ယဉ်ကျေးမှု၊ သမိုင်းနှင့် ရိုးရာဓလေ့များကို စိတ်ဝင် စားဖွယ်ရာ မိတ်ဆက်ပေးခြင်း၊
မိမိနိုင်ငံ၏ အဆင့်အတန်းပုံရိပ်ကို မြှင့်တင်ဆောင်ရွက်ပေးနိုင်ခြင်း တို့ကြောင့် နိုင်ငံ့သံတမန်များအဖြစ်
တင်စားခေါ်ဝေါ်ခဲ့ကြသည်။
ဧည့်လမ်းညွှန် (Tourist Guide) များသည် နိုင်ငံရေးသံတမန်
(Diplomatic Ambassador) များ မဟုတ်ကြသော်လည်း နိုင်ငံ့ကိုယ်စားပြု ယဉ်ကျေးမှုသံတမန်
(Cultural Ambassador)၊ ခရီးသွားလုပ်ငန်းသံတမန် (Tourism Ambassador) များဖြစ်ကြပါသည်။
သို့ဖြစ်ရာ အစားအသောက် များကို သံခင်းတမန်ခင်းတွင် တင်ဆက်အသုံးပြုလာကြရာဝယ် ယင်းအစားအစာများအား
ပြင်ဆင် ချက်ပြုတ်သည့် စားဖိုမှူးများကိုလည်း သံတမန် (Diplomat) များ အဖြစ် ခေါ်ဆိုကြရပေလိမ့်မည်။
အစားအစာများသည် the
most immediate and memorable connection ဟု ဆိုရလောက်အောင် နှစ်ဦးနှစ်ဖက်ကြား ထင်ရှားသော
အမှတ်သညာကို စွဲမှတ်ပေးစေနိုင်သည်။ အမြဲအမှတ်ရနေစေမည့် အရာလည်းဖြစ်ပါသည်။
နိုင်ငံ၏ပုံရိပ်နှင့်
လူသိများမှုကို မြှင့်တင်ရန်ဖြစ်
Gastro-diplomacy
သည် ရှေးယခင်ကတည်းကပင် တည်ရှိလာခဲ့သော အစဉ်အလာတစ်ခု ဖြစ်ပါ သည်။ Gastro-Diplomacy
(အချို့နေရာတွင် Culinary Diplomacy ဟုလည်း ခေါ်ဝေါ်သုံးနှုန်း ကြသည်။)နှင့် စပ်လျဉ်း၍
အကိုးအကားပြုရာ၌ ၂၀၀၂ ခုနှစ်က ထိုင်းနိုင်ငံမှ အကောင်အထည်ဖော် ခဲ့သော ''The Global
Thai Program"နှင့် "Thailand; Kitchen of the World" အစီအစဉ်နှစ်ခုသည်
ထင်ရှားသော အစီအစဉ်များဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်း ထိုင်းစားသောက်ဆိုင်များ တိုးချဲ့ဖွင့်လှစ်နိုင်စေရန်
ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုင်းအစားအစာများကို ကမ္ဘာကသိရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ပါသည်။
ယင်းအစီအစဉ်ကြောင့် ကမ္ဘာတစ်ဝန်းရှိ ထိုင်းစားသောက်ဆိုင်အရေအတွက်သည် ၂၀၀၂ ခုနှစ်က ၅၅၀၀
ခန့်သာရှိခဲ့ရာမှ ယခု ၂၀၂၅ ခုနှစ်တွင် စားသောက်ဆိုင်ပေါင်း ၁၅၀၀၀ ခန့်အထိ ရှိလာခဲ့ပြီဖြစ်ပါသည်။
ထိုကဲ့သို့ ကမ္ဘာ တစ်လွှား ထိုင်းအစားအစာရောင်းချသည့်ဆိုင်များ တိုးပွားလာခြင်းသည်
အဆိုပါအစီအစဉ်နှစ်ခု၏ Output များ ဖြစ်ပါသည်။ မျှော်မှန်း Outcome များအနေဖြင့် လေ့လာကြည့်ပါက
ထိုင်းရိုးရာအစားအစာ များမှတစ်ဆင့် ထိုင်းနိုင်ငံ၏ ပုံရိပ်နှင့် လူသိများမှုကို မြှင့်တင်ရန်ဖြစ်ပါသည်။
ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ထိုင်းအစားအစာထုတ်လုပ်ရောင်းချမှုနှင့် ခရီးသွား လုပ်ငန်း
မြှင့်တင်ခြင်းမှသည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်
ဖြစ်ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ခရီးသွားဧည့်သည် ၃၅ သန်းအထိ စံချိန်တင်ဝင်ရောက်ခဲ့သလို
ခရီးသွားဧည့်သည် ဝင်ရောက်မှုနှုန်းမြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခြင်းကြောင့်
ထိုင်းနိုင်ငံ၏ Gastro-Diplomacy သည် အောင်မြင်သည်ဟု ဆိုရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည်
ပင်လယ်သမုဒ္ဒရာ၊ ရေမြေ၊ တောတောင်များနှင့် ကျယ်ပြန့်သော ပထဝီဝင် အနေအထားရှိသကဲ့သို့
တိုင်းရင်းသား ၁၃၅ မျိုးတို့ မှီတင်းနေထိုင်လျက်ရှိခြင်းကြောင့် တိုင်းရင်းသား တိုင်းတွင်
မတူကွဲပြားသော ယဉ်ကျေးမှုနှင့် နေထိုင်စားသောက်မှုပုံစံတို့ ကိုယ်စီကိုယ်ငှ ပိုင်ဆိုင်ထားကြပါသည်။
ထို့အတူ မိမိတို့ဒေသ၌ စိုက်ပျိုးထုတ်လုပ်သည့် ကုန်ကြမ်းများနှင့် ရိုးရာနည်းစနစ်များအတိုင်း
ချက်ပြုတ်ပြင်ဆင်သော အစားအစာများလည်း ရှိကြပါသည်။ ယင်းအစားအစာများသည် ယခုအခါတွင် မိမိတို့ဒေသအတွင်းသာမက
အခြားဒေသများသို့ပါ ဖြန့်ကြက်ရောက်ရှိနေပြီဖြစ်သည်။ မြန်မာ့ရိုးရာ အစားအစာများသည် အာဟာရတန်ဖိုးပြည့်ဝပြီး
သန့်ရှင်းလတ်ဆတ်သော ဒေသထွက်ကုန်များကိုသာ အသုံးပြုချက်ပြုတ်ပြင်ဆင်ခြင်းကြောင့် ကျန်းမာရေးနှင့်
ညီညွတ်သော အစားအစာများ ဖြစ်ကြပါသည်။
တိုင်းရင်းသားရိုးရာအစားအစာများ
ဖော်ထုတ်မြှင့်တင်
၁၂ လရာသီအလိုက်ပွဲတော်များ
ကျင်းပရာတွင်လည်း ရိုးရာအစားအစာများကို ထည့်သွင်းပြင်ဆင် ကျွေးမွေးကြသည့် ချစ်စရာအလေ့အထများ ရှိပါသည်။ ယနေ့ကာလတွင် တိုင်းရင်းသားရိုးရာ အစားအစာများ ဖော်ထုတ်မြှင့်တင်ခြင်းများကို
နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိပါသည်။ ဒေသအလိုက် တိုင်းရင်းသားရိုးရာအစားအစာပွဲတော်များ
ကျင်းပခြင်း၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့စသော အထိမ်းအမှတ်နေ့များတွင် နေပြည်တော်၌
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးထုတ်ကုန်များ ပြသရောင်းချပွဲများ ကျင်းပရာတွင်
တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် တိုင်းရင်းသားရိုးရာအစားအစာ အရောင်း ဆိုင်များကို
ဖွင့်လှစ်စေပြီး မိမိတို့၏ ဒေသရိုးရာ အစားအစာများကို လာရောက်ပြင်ဆင်ချက်ပြုတ်ရောင်းချစေခြင်းဖြင့်
အားပေးမြှင့်တင်ဖော်ထုတ်ပေးခြင်း၊ ပြည်ပတွင် ကျင်းပပြုလုပ်သည့် ခရီးသွား လုပ်ငန်းမြှင့်တင်ရေးပွဲတော်များတွင်
မြန်မာ့ရိုးရာအစားအစာများကို သွားရောက်တည်ခင်းပြသစေ ခြင်း၊ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ
ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များ၊ ချစ်ကြည်ရေးလာရောက် သည့် ခရီးစဉ်များတွင် မြန်မာ့ရိုးရာအစားအစာ၊
ဒေသအစားအစာများကို ဖွယ်ဖွယ်ရာရာ တည်ခင်း ဧည့်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဒေသအလိုက် ဟိုတယ်များတွင်လည်း မနက်စာ တည်ခင်းဧည့်ခံရာ၌ မြန်မာ့ရိုးရာမုန့်ပဲသရေစာများ၊
အစားအစာများကို ထည့်သွင်းတည်ခင်းကျွေးမွေးခြင်းဖြင့် မြန်မာ့ရိုးရာအစားအစာများကို ကမ္ဘာကပိုမိုသိရှိလာစေမည်ဖြစ်ပါသည်။
။

No comments:
Post a Comment