(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ၏ အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲနှင့် အတီးပြိုင်ပွဲများကို အောက်တိုဘာ ၇ ရက် နံနက်ပိုင်းမှစတင်ပြီး နေပြည်တော်ရှိ အမျိုးသားပြတိုက်၊ အမျိုးသားစာကြည့်တိုက်၊ ဆင်ဖြူရှင်ခန်းမနှင့် ပုဗ္ဗသီရိအားကစားခန်းမတို့၌ အသီးသီးယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲဝင်များ၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည်-
မောင်ကောင်းခန့်ကျော်
ကယားပြည်နယ်ကိုယ်စားပြု
အဆင့်မြင့်ပညာအဆို(မဟာဂီတ)
ကယားပြည်နယ်ကနေ
လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ (၂၆) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှာ
ကျွန်တော့်အကြိုက်ဆုံးသီချင်းဖြစ်တဲ့ သာဆန်းရဂုံဘွေ (ပတ်ပျိုး) သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
ဗဟိုအဆင့်ပြိုင်ပွဲကြီးကို (၂၄) ကြိမ်၊ (၂၅) ကြိမ်မြောက်နဲ့ ဒီနှစ် (၂၆) ကြိမ်မြောက်မှာပါ
သုံးကြိမ်အထိ ယှဉ်ပြိုင်ခဲ့ဖူးပါပြီ။ ရှေ့နှစ်တွေမှာ ဆုတွေ မရရှိခဲ့သေးပါဘူး။ ဆုမရရှိခဲ့တဲ့အတွက်
အမှားတွေကို သင်ခန်းစာယူပြီး ဒီနှစ်မှာ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပါတယ်။ မဟာဂီတကို
သီဆိုနေရရင်ပဲ ကျွန်တော့်အတွက်က ပျော်ရွှင်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်စေပါတယ်။ အနုပညာကို
ချစ်မြတ်နိုးတဲ့အတွက် ဆုတံဆိပ်တွေရှေ့နှစ်မှာ မရခဲ့လို့ဆိုပြီး စိတ်ဓာတ်ကျသွားတာမျိုးမဖြစ်ဘဲ
လူငယ်တွေအနေနဲ့ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတဲ့ အသိစိတ်က မဟာဂီတကို ပိုပြီး မြတ်နိုးတန်ဖိုးထားတတ်လာပါတယ်။
မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုတာ
ရေပေါ်ဆီတေးသီချင်းတွေလိုမျိုးမဟုတ်ပါဘူး။ အနှစ်သာရ အများကြီးရှိတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့
မဟာဂီတကနေစပြီး ကာလပေါ်တွေ ဒီနေ့ခေတ် အထိ မျိုးဆက်သစ်တွေ နားယဉ်လာအောင် ရေဒီယို၊ ရုပ်မြင်သံကြားအစီအစဉ်တွေကနေ
လွှင့်ပေးနေတာဖြစ်တဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ တစ်ချိန်ချိန်ကြရင် မျိုးဆက်သစ်လူငယ်တွေကို
ကျွန်တော့်အနေနဲ့ သင်ကြားပေးတာ၊ ပြသပေးတာတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
မောင်စစ်နိုင်
မွန်ပြည်နယ်ကိုယ်စားပြု
အဆင့်မြင့်ပညာအဆို
(ခေတ်ဟောင်း၊ ကာလပေါ်)
ဒီနှစ်ပြိုင်ပွဲကြီးမှာ
ရိပ်မြိုင်ရေချမ်းမေတ္တာစမ်း (စန္ဒရားထွန်းညွန့်) သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ လေ့ကျင့်တဲ့အခါ
ဆရာတွေရဲ့သွန်သင်မှုအောက်မှာ အသံအနေအထားအမျိုးမျိုးကို စနစ်တကျနဲ့သင်ယူ လေ့ကျင့်ပြီး
ဒီနေ့ ဒီနေရာ ဒီပြိုင်ပွဲကြီးကို အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲအတွက် သီချင်းလေးပုဒ်
လေ့ကျင့်ရပါတယ်။ ဗြောသံ၊ ရိပ်မြိုင်ရေချမ်းမေတ္တာ စမ်း၊ မဟာဗန္ဓုလ၊ အလွမ်းပြေအမေ့စာဆိုတဲ့
သီချင်းလေးပုဒ်ဖြစ်ပါတယ်။ အဲဒီထဲက ရိပ်မြိုင်ရေချမ်းမေတ္တာ စမ်းသီချင်းက ပြိုင်ပွဲမှာ
ဒီသီချင်းနဲ့ ယှဉ်ပြိုင်ချင်ခဲ့တာပါ။ ကျွန်တော်ဆုတောင်းတဲ့ အတိုင်းလည်း ဒီသီချင်းနဲ့
ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ပြိုင်ပွဲဝင်တွေလည်း
သီဆိုကြတာ တော်ကြပါတယ်။ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်တွေမှာ ကျော်ဖြတ်ပြီး
ဗဟိုကို ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်တွေဖြစ်တဲ့အတိုင်း အားလုံးက တော်ကြပါတယ်။ ဒီပြိုင်ပွဲကြီး
ကျင်းပပေးတဲ့အတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမ တွေအားလုံးလည်း ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့
တွေ့ဆုံခွင့်ရကြပါတယ်။ ဒါက ဒီပြိုင်ပွဲကြီးက ရရှိလာတဲ့ အကျိုးအမြတ်တွေလို့ ဆိုရမှာဖြစ်ပါတယ်။
ဒီထက်မကတဲ့ အကျိုးအမြတ်ကတော့ ကမ္ဘာတည်သရွေ့ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေလည်း
ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲကြီးတွေကနေ တည်ရှိနေအောင် ဒီလိုပြိုင်ပွဲကြီး
ကျင်းပပေးတဲ့ နိုင်ငံတော်အကြီးအကဲကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။
ဆိုင်းဖိုးချစ်(ခ)နိုင်ပြည့်အောင်
ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု
အခြေခံပညာအတီး(အသက်၁၀-၁၅)
ဆိုင်းတစ်ဦးချင်း
အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့
လေ့ကျင့်ခဲ့တဲ့အထဲမှာမှ အပိုင်နိုင်ဆုံးထဲက သီချင်းနဲ့ ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အတွက်
ကျေနပ်အားရပါတယ်၊ ကျွန်တော်က တစ်ဦးချင်းရော အဖွဲ့လိုက်မှာပါ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်၊
မန္တလေးနဲ့ စစ်ကိုင်းကလည်း ကောင်းကြတဲ့အတွက် ဆုရဖို့ ပိုပြီးကြိုးစားလေ့ကျင့်ခဲ့ပါတယ်။
မောင်လင်းပြည့်ဖြိုးမောင်
မကွေးတိုင်းဒေသကြီးကိုယ်စားပြု
အခြေခံပညာအတီး(အသက်၁၀-၁၅)
ဆိုင်းတစ်ဦးချင်း
ယှဉ်ပြိုင်ရမယ့်သီချင်းက
အပိုင်နိုင်ဆုံး လေ့ကျင့်ထားတဲ့အထဲ ပါပါတယ်၊ ဧရာဝတီနဲ့ မန္တလေးတိုင်း ဒေသကြီးကလည်း
ကောင်းကြတဲ့အတွက် အကောင်းဆုံး ယှဉ်ပြိုင်ဘက်ဖြစ်မယ်လို့ ထင်ပါတယ်၊ (၂၃) ကြိမ်မြောက်
အဖွဲ့လိုက်ယှဉ်ပြိုင်တုန်းက တတိယဆု ရရှိခဲ့ဖူးပါတယ်၊ နှစ်ကြိမ်မြောက် လာရောက်ယှဉ်ပြိုင်ရတဲ့အတွက်
ဝမ်းသာပီတိဖြစ်ရပါတယ်။
မကြည်ကြည်သာ
မွန်ပြည်နယ်ကိုယ်စားပြု
အဆင့်မြင့်ပညာအတီး(ဆိုင်းတစ်ဦးချင်း)
အရင်က (၆) တန်းလောက်ထိ
ရန်ကုန်မှာကတည်းက ပြိုင်ခဲ့ဖူးပါတယ်၊ အခု နည်းပညာ တက္ကသိုလ်တက်မှထပ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါ။
ရန်ကုန်မှာ ကြေးနှစ်ဆုရခဲ့ပြီး နေပြည်တော်မှာ ငွေနှစ်ဆုရပြီးပါပြီ၊ ဒီနှစ်တော့ ရွှေမှန်းထားပြီး
မုံရွာထိ ကိုသွားပြီး သင်ယူခဲ့ပါတယ်၊ ဆက်လက်ပြီးတော့ လည်း အခြားဘာသာရပ်တွေကို ယှဉ်ပြိုင်သွားမှာ
ဖြစ်ပါတယ်။
မောင်စွမ်းထက်အောင်(ခ)သက်နိုင်ဦး
ကရင်ပြည်နယ်ကိုယ်စားပြု
အဆင့်မြင့်ပညာအတီး
(ဆိုင်းတစ်ဦးချင်း)
မဲကျတဲ့ သီချင်းကတော့
ပိုင်ပိုင်နိုင်နိုင်လေ့ကျင့်ထားခဲ့တာ ဖြစ်ပါတယ်၊ ကိုယ်တိုင်ပြိုင်တာကတော့ အခု ပထမဆုံးပါ၊
အရင်က ပံ့ပိုးအဖြစ် နှစ်ကြိမ် လိုက်တီးခဲ့ပါတယ်၊ အခုလို ပညာချင်းဖလှယ်ရတဲ့ပွဲကို အလွန်သဘောကျပါတယ်၊
စီစဉ်ပေးတဲ့ လူကြီးတွေ ကိုလည်း ကျေးဇူးတင်မိပါတယ်။
မောင်အောင်ဘိုဘို(၂)
ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု
အဆင့်မြင့်ပညာအတီး
(ဆိုင်းတစ်ဦးချင်း)
မနှစ်က စပြိုင်ခဲ့ပါတယ်၊
ဆိုင်းအဖွဲ့လိုက် အိုးစည်ဒိုးပတ်မှာ ရွှေ ၃ ခု၊ ဆိုင်းတစ်ဦးချင်းမှာ ငွေတစ်ခုရခဲ့ ပါတယ်၊
ဒီနှစ်တော့ ရွှေဆုရအောင် အများကြီး အချိန်ပေးပြီး ကြိုးစားထားပါတယ်၊ ဆိုင်းဆရာတစ်ယောက်ဖြစ်ဖို့က
ဆိုင်းဝိုင်းထဲက တူရိယာတွေကို အကုန် တီးတတ်မှ ဖြစ်တာကြောင့် အကုန်လုံးတီးတတ်အောင် သင်ယူထားပါတယ်။
မအိအိဖြိုးဇင်
ကချင်ပြည်နယ်ကိုယ်စားပြု
အဆင့်မြင့်ပညာအက
ပြိုင်ခဲ့တာ ဒီနှစ်နဲ့ဆို
သုံးကြိမ်ရှိပါပြီ၊ ဒီနှစ်အတွက်တော့ အကောင်းဆုံး အစွမ်းကုန်ပြင်ဆင်လေ့ကျင့် ထားပါတယ်၊
ပြိုင်ပွဲဝင်ဖို့အတွက်ပဲ သီးသန့်လေ့ကျင့် ခဲ့တာကြောင့် အများကြီး ရင်ခုန်စိတ်လှုပ်ရှား
မိပါတယ်။
မောင်သူရိန်ဇော်
တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု
အခြေခံပညာအက
(အသက် ၁၅-၂၀)
ပထမဆုံး ဗဟိုမှာ
လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်၊ ယှဉ်ပြိုင်ခဲ့တဲ့နေရာမှာ အများကြီးအားရ ကျေနပ်ပါတယ်၊
၅ လပိုင်းလောက်ကတည်းက အကကို လေ့ကျင့်ခဲ့တာဖြစ်ပါတယ်၊ ဒီမှာလာရောက် ပြီး ယှဉ်ပြိုင်ရတဲ့အတွက်
အများကြီးဝမ်းသာမိပါတယ်။
မောင်ကျော်ဆန်းလင်း
ကချင်ပြည်နယ်ကိုယ်စားပြု
အခြေခံပညာအက
(အသက် ၁၅-၂၀)
အရင်နှစ်ကတည်းက
ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဆုမရခဲ့ပေမယ့်လည်း ကိုယ့်ထက်တော်တဲ့သူတွေ ဆုရကြလို့ ကျေနပ်ခဲ့ပါတယ်၊
ဒီနှစ်အတွက်တော့ အကောင်းဆုံးလေ့ကျင့်ခဲ့ပြီး အကောင်းဆုံးယှဉ်ပြိုင် သွားမှာ ဖြစ်ပါတယ်၊
ကချင်ပြည်နယ်ဂုဏ်ကိုဆောင် နိုင်ဖို့လည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ်။
မောင်ဟိန်းဝေဖြိုး
မကွေးတိုင်းဒေသကြီးကိုယ်စားပြု
အခြေခံပညာအက
(အသက် ၁၅-၂၀)
အခုလာရောက်ယှဉ်ပြီုင်တာက
သုံးကြိမ်မြောက်ဖြစ်ပါတယ်၊ ဆုတော့ မရခဲ့သေးပေမယ့် ဒီနှစ်အတွက်တော့ အကောင်းဆုံးပြင်ဆင်ထားပါတယ်၊
နှစ်လ သုံးလလောက်ကို ကြိုပြီးလေ့ကျင့်ခဲ့ပါတယ်၊ ကိုယ့်တိုင်းအတွက် အကောင်းဆုံးဂုဏ်ဆောင်နိုင်ချင်ပါတယ်၊
ကျောင်းပြီးသွားရင် အနုပညာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်သွားဖို့ ရည်ရွယ်ထားပါတယ်။
မောင်သူဆက်အောင်
မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု
အခြေခံပညာအက
(အသက် ၁၅-၂၀)
မနှစ်ကလည်း ပြိုင်ခဲ့ဖူးပါတယ်၊
နေပြည်တော်လည်း ရောက်ခဲ့ဖူးပါတယ်၊ မနှစ်က ဆုတော့မရခဲ့ဘူး၊ ဒီနှစ်တော့ ဆုရဖို့ ရည်မှန်းထားပါတယ်၊
အများကြီးလည်း ပြင်ဆင်ထားခဲ့ပါတယ်၊ လက်ရှိမှာ အနုပညာ ကျောင်းတက်နေပြီး ရှေ့ဆက်၍ ဘိုးဘွားတွေထားခဲ့တဲ့
ဆို၊ ငို၊ ပြော အနုပညာတွေကို လက်ဆင့်ကမ်းသွား မှာ ဖြစ်ပါတယ်။
မင်းထောရွတ်ပိုင်
ချင်းပြည်နယ်ကိုယ်စားပြု
အခြေခံပညာအက(အသက်
၁၅-၂၀)
အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့
အချိန်ပေးပြီး လေ့ကျင့်ခဲ့ပါတယ်၊ ဆုရရှိအောင်လည်း ကကွက် တွေကို အကောင်းဆုံးပြင်ဆင်ခဲ့ပါတယ်၊
အခုလိုလာရောက်ယှဉ်ပြိုင်ရတဲ့အတွက် အများကြီးရင်ခုန်ရပြီး စိတ်လှုပ်ရှားမိပါတယ်။ စီစဉ်ပေးသူအားလုံးကိုလည်း
ကျေးဇူးတင်ပါတယ်။
မောင်ဝေဘုန်းလျှံ
ရှမ်းပြည်နယ်ကိုယ်စားပြု
အခြေခံပညာအက
(အသက် ၁၅-၂၀)
အခုလို လာရောက်ယှဉ်ပြိုင်ရတာကြောင့်
ရင်ခုန်ရသလို စိတ်လည်းလှုပ်ရှားမိပါတယ်၊ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့အတွက်လည်း
ပြင်ဆင်ထားပါတယ်၊ အခြားတိုင်းဒေသကြီး ပြည်နယ်တွေက ကိုယ့်လို အကပြိုင်ပွဲဝင်တွေနဲ့ ဆုံတွေ့ရတာလည်း
ပျော်စရာ ကောင်းပြီး ကျေနပ်ပီတိဖြစ်ရပါတယ်။
မောင်ဟိန်းလင်းမာန်သွေး
ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု
အခြေခံပညာအက(အသက်
၁၀-၁၅)
မနှစ်က အထူးဆုရရှိခဲ့ပါတယ်၊
ဒီနှစ်အတွက်တော့ တစ်လလောက် ကြိုပြီး လေ့ကျင့်ခဲ့ပါတယ်၊ လာပြိုင်ရတဲ့အတွက် ပျော်ပါတယ်၊
ကရတာကို ဝါသနာပါလို့ အခုလို လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါ တယ်။
စောသိန်းမင်းထက်
မွန်ပြည်နယ်ကိုယ်စားပြု
အခြေခံပညာအက
(အသက် ၁၀-၁၅)
ဒီနှစ်မှ လာရောက်ယှဉ်ပြိုင်တာ
ဖြစ်ပါတယ်၊ အများကြီးပြင်ဆင်ထားပါတယ်၊ နောက်နှစ် ၅ တန်း ဆိုတော့ အစိုးရစစ်စာမေးပွဲကြောင့်
နောက်နှစ်မှာမှ ဆက်ပြီး ဝင်ပြိုင်မှာဖြစ်ပါတယ်၊ အခုလို လာပြီး ယှဉ်ပြိုင်ရလို့ ပျော်ပါတယ်၊
ရင်လည်းခုန်ပါတယ်။
မောင်မင်းသန့်ဖြိုး
မကွေးတိုင်းဒေသကြီးကိုယ်စားပြု
အခြေခံပညာအက(အသက်
၁၀-၁၅)
မနှစ်ကလည်း ပြိုင်ခဲ့ပါတယ်၊
ဒီနှစ်အတွက် အများကြီး ပြင်ဆင်ထားပါတယ်၊ ဆက်လက်ပြီးလည်း ဝင်ရောက် ယှဉ်ပြိုင်သွားမှာ
ဖြစ်ပါတယ်၊ ဒီအက ပညာရပ်ကို ၅ နှစ်သားကတည်းက ဝါသနာပါခဲ့တာ ဖြစ်ပါတယ်။
သတင်းအဖွဲ့

No comments:
Post a Comment